Aug 16, 2007

ဗိုလ်လုပွဲ ၃+၄ (Bo Lu Pwe Vol 3 + 4)

အခုတစ်လော ဗိုလ်လုပွဲ အခွေကို ခဏ ခဏ ကြည့်ဖြစ်နေ ပါတယ်။ အဲ့ဒီ့ ထဲက သီချင်း အချို့ ကို တော်တော်ကြိုက်မိနေပါတယ်။ ကျန်တဲ့ သီချင်းတွေကတော့ လက်ညောင်းခံပြီး ရေးပြရလောက်အောင် မကောင်းလှပါဘူး။

ကျွန်မ ပထမဆုံး ကြိုက်မိတဲ့ သီချင်းက သောကြာနေ့ (Friday) ရဲ့ `ဥပေက္ခာတော့ မပြုပါနဲ့´ ဆိုတဲ့ သီချင်းကို အရမ်းကြိုက်မိပါတယ်။ သီချင်းအစလေးကို စပိန်ဂစ်တာသံလေးနဲ့ ရိုးရိုးလေးပဲ စထားပြီး သံစဉ်လေးကလည်း ရိုးစင်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ အသံတွေက ကောင်းပါတယ်။ တစ်ခုပဲ ရှိတယ်။ သိန်းစိုးလင်း ဆိုတဲ့ အပိုဒ် မှာ `ဘာကြောင့်လဲ ဘာကြောင့်လဲ မင်းအနားမှာပဲ နေချင်ခဲ့´ ဆိုတဲ့ အပိုဒ်အဆုံးမှာ အနောက်က နှာသံ `ငြဲဟဲဲ´ ဆိုပြီး ဆွဲဆိုသွားတာ ကြီးကို တော့ မကြိုက်ပါဘူး။ ထိန်ဝင်း ရဲ့ ရပ်ပ် ကလည်း ကောင်းပါတယ်။ `အသက်ကို တစ်ချက်ချက်မှန်း ရှူကာ´ ဆိုတဲ့ verse လေး ကို ကြိုက်ပါတယ်။ သိန်းစိုးလင်းကို ကျွန်မက တွံတေးသိန်းတန် ဆိုပြီး နာမည် ပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ ရှိုးမှာ သူဝတ်ထားတာ တွံတေးသိန်းတန် ရုပ်ရှင်တစ်ခုထဲမှာ ၀တ်တဲ့ ကုတ်အင်္ကျ ီနဲ့ တူလို့ပါ။

နောက်တစ်ပုဒ်ကတော့ စုန်းမလေး (Witch) ရဲ့ သီချင်းပဲ ဖြစ်ပါတယ်။ `မယုံဘူးလား´ ဆိုတဲ့ သီချင်းလေးကို အကလေးနဲ့ မြူးမြူး ကြြွကွလေး တင်ဆက် သွားပါတယ်။ အကလေးက မဆိုးပါဘူး။ သူတို့ ၀တ်စားထားတာလည်း ကြည့်ရတာ မဆိုးဘူး။ သီချင်းလေးကလည်း ကောင်းတယ်။ စာသားတွေကတော့ နည်းနည်း ထောက်နေသေးတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မနေ့က ဒီ သီချင်းကို ၄၊ ၅ ခါ ပြန်နားထောင်မိတယ်။ တော်တော်ကြိုက်မိတဲ့ သီချင်း တစ်ပုဒ်ပါ။ (အဲ... နောက်မှ ဗွီစီဒီ ထဲ ပြန်ကြည့်မိတယ်။ နာမည် ရေးထားတာ Which တဲ့.. ငါပဲ မှားသလား.. သူတို့ပဲ မှားသလားတော့ မသိဘူး။)

နောက်တစ်ပုဒ်ကတော့ မြန်မာတွေက ပွတ်ရှ် လို့ အသံထွက်တဲ့ ပူး (Pooh) ဆိုတဲ့ အမျိုးသမီး ၃ယောက်အဖွဲ့ ဆိုတဲ့ ထားခဲ့ရက်သူ သီချင်းလေးပါ။ အစကတော့ just another girl band ဆိုပြီး မနားထောင်ဖြစ်ပါဘူး။ နောက် နားထောင်တော့မှ ဒီသီချင်း ကောင်းသားပဲ ဆိုပြီး ကြိုက်သွားပါတယ်။ စာသားလေးတွေ ကောင်းပါတယ်။ အလယ်က ကောင်မလေးအသံက အားလုံးထဲမှာ အကောင်းဆုံးပါ။ `ပြန်လည်လိုချင်ပါတယ် မရတော့တဲ့ မင်းအချစ်တွေကိုကွယ် လွမ်းပါတယ်..´... `ငါ့ကို မုန်းသွားရက်တယ်... ငါ့ကို ရက်စက်ရက်တယ်.. မင်းတစ်ယောက်တည်းသာ ငါချစ်တယ်.. ငါချစ်မယ်... ´ဆိုတဲ့ သီချင်းလေးက တိုက်ဆိုင်မှုလေးများကြောင့် မျက်ရည်တောင် နည်းနည်းဝဲချင်သွားတယ်။ အဟီး အဲ့ဒီထဲက ကျစ်ဆံမြီးလေးနဲ့ ကောင်မလေးက စန္ဒီမြင့်လွင် ဒီဇိုင်းပဲ။

နောက်တစ်ပုဒ်ကတော့ melody အပိုဒ်လေးတွေပဲ ကြိုက်မိတဲ့ သီချင်းပါ။ အောက်စီဂျင် ရဲ့ ပြန်လာခဲ့ပါ တဲ့။ ဒီမှာ မယ်လိုဒီ ဆိုတဲ့ ပင့်ကူ ဆိုတဲ့ လူက လုံးဝ မိုက်တယ်။ အသံ ပြောတာပါ။ ပိုပြီး သဘောကျတာက သူက တခြား သူနဲ့ အတူ ရပ်ပ်ဆိုနေတဲ့ လူတွေလို ရပ်ပ်ပါ အရူးတွေ မဟုတ်ဘူး။ အမှန်တကယ် သီချင်း ဆိုရတာ ၀ါသနာ ပါလို့ ဆိုတဲ့ ပုံပေါ်တယ်။ တခြားသူတွေလို ဟန်ပြတွေ မဟုတ်ဘူး။ သူ့ပုံကြည့်ရတာ ရိုးသားတယ်။ The raps really sucks though.

နောက်တစ်ပုဒ်ကတော့ Examplez ဆန်ဆန် သီချင်းလေးတစ်ပုဒ်ပဲ။ အဖွဲ့နာမည်လည်း မေ့သွားပြီ.. အလယ် chorus အပိုဒ်လေးကို သဘောကျလို့.. ဆိုတဲ့သူလေးကိုလဲ ဒီ Ajuuma က သဘောကျလို့.. ဟီးဟီး .. ကောင်လေးက အရမ်းချစ်ဖို့ ကောင်းတယ်။ ဆိုထားတာလေးက `ငါ့အကြောင်း မင်းမသိလို့ပါ.. အချစ်များ မင်းအတွက်ပဲကွာ.. အချိန်တိုင်း မင်းဘေးနားမှာ နေဖို့ကြိုးစားခဲ့.. ´ တစ်ပုဒ်လုံးကို ခြုံကြည့်ရင် မဆိုးပါဘူးလို့ ပြောရပါမယ်။

နောက်တစ်ပုဒ်က ရဲလေး ရေးတဲ့သီချင်း။ အမ်ဆိုင်းဇီ လား၊ ဘာလား မသိဘူး ပြန်ဆိုတယ်။ `မျက်ရည်´ တဲ့... ရပ်ပ် က ထိန်ဝင်း။ ` မျက်ရည်တွေလည်း မခြောက်သေးဘူး... မနေ့ကအတိုင်းပဲ.. အသည်းတွေ ကြေကွဲသွားပြီ ကလေးရေ... အခုချိန်မှာတော့ တစ်ယောက်ထဲပေါ့... ငါအရူးလိုပဲ... တမ်းတရင်းနဲ့.. ကလေးရယ် ဝေးပြီ´။ ကောင်းတယ်နော်.. (ကောင်းမှာပေါ့... ရဲလေး ရေးတာကိုး။ :P)

နောက်တစ်ပုဒ်က တူးတူး ဆိုထားဖူးတဲ့ သီချင်းကို ရပ်ပ်တွေ ဘာတွေ ထည့်ပြီး နယူးဗာရှင်း လုပ်ပစ်လိုက်တဲ့ သီချင်း။ အစကတည်းက ဒီသီချင်းလေးကို အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ကြိုက်ပါတယ်။ ဒါပေမယ့် ပြန်ဆိုတဲ့ မမကို သိပ်မကြိုက်ဘူး။ သူမဟုတ်ပဲ တစ်ခြားသူ ဆိုရင် ပိုကြိုက်မိမလားပဲ။ တွန့်တွန့်လိမ်လိမ်နဲ့... သူ့ကို ကြည့်ပြီး ပိန်ရတာ ပိုပြီး အားငယ်သွားတယ် အဟင့်.. ။ (သူက ကျွန်မထက်တော့ ပို ၀ ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ သူ့ထက် ပို ၀ မှ ကြည့်လို့ ကောင်းမယ့်ပုံပဲ။ ဆောရီး.. အော့ဖ်တော့ပစ်.. :D) အဖွဲ့ကတော့ နည်းနည်း နာမည်ရှိပြီးသားပါ။ `အသည်းခွဲ သွားတဲ့ ချစ်သူရေ.. ကတိတွေ ဖျက်ပြီးလား ပြောစမ်းကွယ်.. တို့ချစ်ခဲ့တဲ့ အချစ်တွေက အိမ်မက်တော့ မဟုတ်ခဲ့ဘူး... ချစ်မိတဲ့ တို့ရဲ့ အချစ်တွေက ရက်စက်ခြင်းတွေနဲ့ လမ်းခွဲဖို့လား... မင်းက မေ့လိုက်တော့လို့ ပြောပေမယ့် ... မမေ့လိုက်နိုင်ပါဘူး... ´ နားထောင်နေရင်းနဲ့ ၀မ်းနည်းလာတယ်။ တိုက်ဆိုင်ပြန်ပြီ။

နောက်တစ်ပုဒ်ကတော့ ထိန်ဝင်း နဲ့ ရသ ဆိုထားတဲ့ စိတ်ချ။ ဒီအပုဒ်ကတော့ လုံးဝမိုက်တယ်။ ဒီ ဗိုလ်လုပွဲ ကြည့်ပြီးမှ ကျွန်မလည်း ထိန်ဝင်း ပရိတ်သတ် ဖြစ်လာတယ်... ဟဲဟဲ။ အကြိုက်ဆုံး စာသားလေးက `ငါ့ သွေးက ရေ မရောဘူး´ ဆိုတဲ့ နေရာလေးပဲ။

ကြိုက်မိတဲ့ သီချင်းတွေက ဒီလောက်ပါပဲ။ မကြိုက်တဲ့ သီချင်းတစ်ပုဒ် တော့ ရှိတယ်။ ဘယ်နှစ်ယောက် မြောက်မှန်း မသိ ကော်ပီဆိုထားတဲ့ Jang Nara ရဲ့ သီချင်း ကို ကော်ပီ ဆိုထားတဲ့ ဟာပဲ။

No comments: