Jun 19, 2009

ခရီးသွားမယ်

1 comments

ဒီနေ့လည်း ကျွန်မ တော်တော် အလုပ်ရှုပ်နေခဲ့ရပါတယ်။ ခရီးတစ်ခုသွားဖို့ ပြင်ဆင်နေရတာနဲ့ ခေါင်းတွေရှုပ်၊ စိတ်တွေရှုပ်ဖြစ်နေတာ.. အခုတော့ အနည်းငယ် အဆင်ချောသွားလို့ သက်ပြင်းမောကြီးလည်း ချလိုက်နိုင်ပါပြီ။

ကျွန်မ ပြည်ပ ခရီးသွားဖို့ အကြောင်းဖန်လာပါတယ်။ ကျွန်မ ဟောင်ကောင်ကို တနင်္လာနေ့ မှာ သွားမှာပါ။ သောကြာနေ့ ရန်ကုန် ပြန်ရောက်ပါမယ်။ ဟိုမှာ ဝေါ့က်ရှော့ပ် တစ်ခု တက်ဖို့ ကျွန်မကို ဖိတ်လို့ စားရိတ်ငြိမ်း သွားရမှာပါ။ ကျွန်မ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျွန်မရဲ့ ဖော်ရမ်က သူငယ်ချင်းလို့ ပြောလို့ရသလို၊ ဘလော့ဂ်ဂါ သူငယ်ချင်းလို့ ပြောလို့ရတဲ့သူ နှစ်ယောက်လည်း ပါပါတယ်။ အဲ့ဒါ သူတို့အတွက်ရော ကျွန်မအတွက်ပါ ဗီဆာ ၀င်ဖို့ ပြင်ဆင်နေရတာ ပြီးခဲ့တဲ့ တစ်ပတ်တည်းကပါပဲ။ ကြားထဲမှာ ဖလိုတ် ဘွတ်ကင် လုပ်တာ သူငယ်ချင်း နာမည်မှားနေလို့ ခေါင်းက တော်တော် ရှုပ်သွားသေးတယ်။ အဲ့ဒီ နာမည် အမှားကြီးနဲ့ ဘယ်လို သွားရမလဲ ဆိုပြီးပေါ့နော်။ ဒါပေမယ့် ကျွန်မ ကြံဖန်လိုက်တာ ဗီဆာတော့ ရသွားပါတယ်။ ဟိုဘက်က စပွန်ဆာ လုပ်သူကလည်း နာမည်မှားတာ ပြောင်းပြီးပြီ ပြောမှ စိတ်တော် အေးသွားရပါတယ်။ Soka Soka.

ဒီနေ့ တရုတ်သံရုံးမှာ ဗီဆာ သွားထုတ်တာ အဲ့ဒီက ငွေသွင်းကောင်တာက တစ်ယောက်က ဒေါ်လာ ၁၀၀ တန်ပေးတာ လဲပေးပါတဲ့။ ဗာရှင်း အဟောင်း ဖြစ်နေလို့ပါတဲ့။ ဒုက္ခ... အဲ့ဒါနဲ့ ရုံးကို မြန်မြန်ပြန်လာ၊ ရုံးက ၁၀၀ တန် ဗာရှင်းအသစ်ကို ခဏချေး၊ ပြီးတော့ မြန်မြန်ပြန်သွားရပါတယ်။ သံရုံးက မနက် ၁၁းဝ၀ နာရီ ဒေါင်ဆို ပိတ်တာကိုး။ ဖွင့်တော့ ၉းဝ၀ နာရီမှ ဖွင့်တယ်။ လက်ထဲမှာ ပတ်စ်ပို့ စာအုပ် (၃) အုပ် ရောက်လာမှ တစ်ပတ်လုံးလုံး အောင့်ထားရတဲ့ သက်ပြင်းကို ချနိုင်ပါတော့တယ်။

အွန်လိုင်းမှာ သူငယ်ချင်းကို ဗီဆာ ရပြီဟေ့ ဆိုတော့ ဟုတ်လား... ဒါဆို D-Form လျှောက်ပြီး ပြီလား ဆိုတော့မှ.. ဟိုက် ကနဲ ဖြစ်သွားတယ်။ အဲ့ဒါကို လုံးလုံး မေ့နေတာ... သူ ပြောမှ “ဟုတ်သားပဲ။” ဆိုပြီး အပြင်မှာ D-form လျှောက်ပေးတဲ့ ဆိုင်မှာ ၂၀၀၀ ကျပ် ပေးပြီး လျှောက်ခိုင်းလိုက်ရတယ်။ (ကိုယ်တိုင်လုပ်ဖို့ကျတော့ ဘဏ်သွားရတာနဲ့ ဘာနဲ့ ယောင်လည်လည်ဖြစ်နေမှာစိုးလို့)။ ညနေ ၃းဝ၀ နာရီ ရမယ် လို့ ပြောလို့ မြန်သားပဲ ဆိုပြီး စိတ်အေးသွားပြန်ရော။

ရည်းစားဟောင်းက ဟောင်ကောင် ရောက်ဖူးတော့ အခု တစ်ပတ်လုံး သူ့ကိုပဲ သွားပြီး မေးနေရတယ်။ ဟိုမှာ ဘယ်လိုရှိသလဲ ဘာညာပေါ့။ သူ့ကို တော်တော် ကျေးဇူးတင်မိပါတယ်။ သတိထားစရာတွေ၊ မှတ်သားစရာတွေ ပြောပေးလို့ပါ။ MRT မြေပုံလည်း လိုရမယ်ရ print ထုတ်ထားလိုက်တယ်။ ကျန်တဲ့သူတွေ အတွက်လည်း လိုအပ်မယ့် ဟာလေးတွေ print ထုတ်ပေးထားတယ်။ ရည်းစားဟောင်းက ပြောတယ်.. ဟိုရောက်ရင် ရှော့ပင်းသွားရင် Women's Street ဆိုတဲ့နေရာသွား တဲ့။ အဲ့ဒီတစ်လမ်းလုံးမှာ မိန်းမသုံးပစ္စည်းတွေချည်းပဲ ရောင်းတယ်တဲ့။ စိတ်တော်တော်ဝင်စားသွားပေမယ့် အချိန်က ရပါ့မလား မသိပါဘူး။ ပြီးတော့ ပိုက်ဆံလည်း သိပ်ပါမှာ မဟုတ်ဘူး.. ဟီးဟီး..

ဝေါ့ခ်ရှော့ပ်က မနက် ၉းဝ၀ နာရီကနေ ညနေ ၅းဝ၀ နာရီ အထိ ၃ ရက်လုံးလုံးတက်ရမှာဆိုတော့ အပြင်ဘာညာ သွားဖို့လည်း အချိန်သိပ်ရမှာ မဟုတ်ပါဘူး။ ဝေါ့ခ်ရှော့ပ် ပြီးတာနဲ့ အပြင်ထွက်၊ လမ်းလျှောက်၊ ဓာတ်ပုံလေး ဘာလေးရိုက်လောက်ပဲ လုပ်နိုင်မယ် ထင်တယ်။ သောကြာနေ့ မနက်ကလည်း ဖလိုက် က အစောကြီး.. မနက် ၉းဝ၀ နာရီဆိုတော့ အပြင်လည်ဖို့လည်း အချိန်မရှိပါဘူး။ သူငယ်ချင်းနဲ့ အစက ပြောနေတာ.. ကိုယ်ပိုင်အချိန်ရရင် ဟောင်ကောင် ဒစ်စနေးလန်း တို့ ဘာတို့ သွားလည်မယ်ဆိုပြီး.. :(

မနက်ဖြန်ဆိုရင် လေယာဉ်လက်မှတ်သွားထုတ်မယ်။ အဲ့ဒါပြီးရင်တော့ အားလုံးပြီးပါပြီ။ စနေ၊ တနင်္ဂနွေတော့ packing လုပ်တာနဲ့ အလုပ်ရှုပ်နေဦးမှာပါ။ ခရီးသွားရမယ်ဆိုတော့ ကျွန်မ တော်တော် ပျော်နေပါတယ်။

----

အခု ခဏနေ အိမ်ပြန်ပါတော့မယ်။ ဟိုမှာတော့ ဟိုတယ်မှာ အင်တာနက်ရတော့ ညဘက်ဆိုရင် အင်တာနက်သုံးဖြစ်မှာပါ။

P.S: ကမ္ဘာကြီးက တယ်ကျဉ်းတာပဲ... ကြောက်စရာ... =P

Jun 18, 2009

ဆိုကြမယ် ပျော်ကြမယ်

1 comments

မနေ့က ဖော်ရမ်က သူငယ်ချင်းတွေ စုပြီး အမ်သရီးမှာ ကာရာအိုကေ သွားဆိုကြတယ်။ ဖော်ရမ်က လူတွေနဲ့ သီချင်း သွားဆိုတာ ဒါ ပထမဆုံးပဲ။ အရင်တုန်းကတော့ ရုံးကလူတွေနဲ့တော့ သွား သွား ဆိုဖြစ်ပါတယ်။

အမှန်တော့ တနင်္ဂနွေနေ့မှာ ဖော်ရမ်မီတင်း လုပ်တယ်။ နိုင်ငံခြားက ရန်ကုန်လာလည်တဲ့ မမ်ဘာ တစ်ယောက် (ပုံကြီး) က ရန်ကုန် မမ်ဘာတွေနဲ့ တွေ့ချင်တယ်ဆိုလို့ ချိန်းလိုက်ကြတာ။ လသာလမ်း အလယ်ဘလောက်က California Bakery မှာ လုပ်ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီ မမ်ဘာက အစောကြီး သွားစရာ ရှလို့ ဆိုပြီး ထပြန်သွားတယ်။ ကျွန်မတို့လည်း အချင်းချင်း စကားတွေ ပြောပြီး၊ နောက်ကြမှ ပြန်မယ်ဆိုပြီး ပိုက်ဆံရှင်းမယ် ဆိုတော့မှ ပိုက်ဆံကို ပုံကြီးက ရှင်းသွားမှန်း သိလိုက်ရတယ်။ တော်တော် စိတ်မကောင်းဖြစ်သွားကြတယ်.. ဟိဟိ .. ကျွန်မကလည်း ကျန်တဲ့သူတွေထက် အရင် နည်းနည်း စောပြန်တော့ ပိုက်ဆံရှင်းဖို့ ပိုက်ဆံ ထားခဲ့တာ၊ နောက်နေ့ကျမှ မလတ်က ဂျီတော့ခ်ကနေ ပြောပြတာ။ အဲ့ဒါ သူ့ဆီမှာ ပိုက်ဆံတွေ ရှိနေတယ်၊ ဘယ်လို လုပ်မလဲ ပြောရင်းနဲ့ အားလုံး စုပြီး ကာရာအိုကေ သွားဆိုရအောင် ဆိုပြီး ဆုံးဖြတ်ဖြစ်သွားတယ်။

အဲ့ဒါနဲ့ “ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီ၊ အမ်သရီး ကာရာအိုကေ သွားရန်ရှိသည်။ ပိုက်ဆံအနည်းငယ်ခန့်သာ စိုက်ရန်လိုပါသည်။ တက်ရောက်နိုင်သူများ အကြောင်းပြန်ပါ” ဆိုပြီး ဖော်ရမ်မှာ ရေးတင်လိုက်တယ်။ မီတင်းတက်ခဲ့တဲ့သူတွေကိုတော့ ကိုယ်တိုင် ဖုန်းလှမ်းဆက်ပြီး ပြောလိုက်တော့ အားလုံးနီးပါးပဲ လာကြမယ် လို့ ပြောပါတယ်။ စလုံးကနေ အလည်ပြန်လာနေတဲ့ ဖင်တုန်မ အဲလေ Phantom Mask ကလည်း လာမယ်၊ နေမကောင်းပေမယ့် ကြိုးစားပြီးလာမယ်ဆိုတဲ့ ပုံကြီး၊ မလင်းလဲ့၊ ကိုဝိှုက် (ပြီးတော့မှ အလုပ်မအားလို့ မလာတော့ပါဘူးတဲ့)၊ နွားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ လူပြိုကြီး BigOx တို့က လာမယ်လို့ ပြောတယ်။ ကို ဘူးသီးကတော့ သင်တန်းတက်စရာ ရှိလို့ လာနိုင်အောင် ကြိုးစားမယ် လို့ ပြောပါတယ်။ (တကယ်ကျတော့ မလာပါဘူး)။ မ Apex ကတော့ နေမကောင်းလို့ မလာနိုင်ပါဘူး တဲ့။ ကျွန်မရဲ့ ညီမကတော့ အဲ့ဒီနေ့ စာသင်ရမှာမို့ မလာတော့ဘူး ပြောပါတယ်။

ဆိုမယ်နေ့ရောက်တော့ မလတ်နဲ့ စံပြမှတ်တိုင်မှာ ချိန်းပြီး မြေနီကုန်းကို ဘက်စ်ကား စီးတယ်။ ပြီးတော့မှ အမ်သရီးကို တက်ဆီ ထပ်ငှားတယ်။ ဟိဟိ ချွေတာတာလေ... မြို့ထဲကနေ အမ်သရီးကို ငှားရင် ၂၀၀၀ ကျော်မှာ.. ဒါနဲ့ မြေနီကုန်းကို ဘက်စ်ကားနဲ့သွား၊ ပြီးတော့မှ တက်ဆီထပ်ငှားလိုက်တော့ ၁၀၀၀ ပဲ ကုန်တယ်။ :P ဟိုရောက်တော့ အချိန်မတိကျတဲ့ သူတွေကို အမြင်ကပ်တယ်လို့ ဖော်ရမ်မှာ ရေးဖူးတဲ့ Phantom Mask က အရင်ရောက်နေတာကို တွေ့ရပါတယ်။ ဟိဟိ .. ခဏနေတော့ ပုံကြီးနဲ့ မလင်းလဲ့ရောက်လာပါတယ်။ နောက်တော့ BigOx က အစားအသောက်ခန်းမထဲက ထွက်လာတယ်။ သူက အရင်ရောက်နေတာ တစ်ယောက်တည်း စောင့်နေရတာ အူကြောင်ကြောင်ဖြစ်နေလို့ အထဲဝင်ပြီး အအေးသောက်နေတာတဲ့။ ကျွန်မ အပါအဝင်ဆို လူ ၆ယောက်ပေါ့။

လူစုံသွားတော့ အခန်းငှားတာ လုပ်ပါတယ်။ အစက လူ ၁၀ယောက်လောက် လာမယ်ထင်နေတော့ တစ်နာရီ ရ၀၀၀ တန် အခန်းကျယ် ယူမယ် ထင်နေတာ.. အခုက ၆ယောက်လောက်ပဲရှိတော့ တစ်နာရီ ၄၀၀၀ တန် အခန်းပဲ ယူလိုက်တယ်။ စစချင်း သီချင်းဆိုတာ ပုံကြီးပါ။ တင်ဇာမော် ရဲ့ ဖွဲမီး သီချင်းဆိုတယ်။ ပြီးတော့ Big Ox ဆိုတယ်။ သူကတော့ စိုင်းစိုင်းခမ်းလိှုင် သီချင်းတွေ ဆိုတာများတယ်။ သူ့အသံကလည်း စိုင်းစိုင်းအသံနဲ့ ဆင်ပါတယ်။ Phantom Mask ကတော့ အယ်လ်လွန်းဝါ၊ IMP တို့ရဲ့ သီချင်းတွေ ဆိုတယ်။ ကျွန်မကတော့ တော်တော်စုံပါတယ်။ ကျွန်မဆိုခဲ့တာ၊ Savage Garden - Truly Madly Deeply, ဖြူသီ နဲ့ မို့မို့ ဆိုထားတဲ့ ပိုလာဘာလီ (မလင်းလဲ့ နဲ့ ဆိုတာ)၊ ချစ်သုဝေ ရဲ့ လွမ်းနေတုန်းအိပ်မက် (အဲ့သီချင်းကို တော်တော်ကြိုက်မိတယ်။ လွမ်းသလိုလို ခံစားရတယ်)၊ အောင်ကိုလတ် ရဲ့ ခေါင်းလောင်းလေးတွေ မြည်နေပြီ (အဲ့သီချင်းကတော့ ကျွန်မအတွက် အဓိပ္ပာယ် တစ်ခု ရှိပါတယ်။ ဆိုနေရင်းနဲ့ တစ်စုံတစ်ယောက်ကို သတိရလာလို့ ကျွန်မအသံနဲ့ မလိုက်ဘူးဆိုပြီး ကျော်ပစ်လိုက်တယ် =) ၊ မျိုးကျော့မြိုင် ရဲ့ မင်းအတွက်၊ သီရိဆွေ ရဲ့ သေချာပြီ နင်တစ်ယောက်တည်း၊ ပြီးတော့ ဂျေမောင်မောင် နဲ့ သီရိဂျေမောင်မောင် ရဲ့ တစ်စုံတစ်ရာကို မလတ်နဲ့ တွဲဆိုတယ်။ ပြီးတော့ Big Ox နဲ့ မဒီ နဲ့ သဲလေး ဟန်ထွန်း ရဲ့ လမ်းခွဲစကား၊ စိုင်းစိုင်းခမ်းလိှုင် ရဲ့ ၀မ်းနည်းမှတ်တမ်း၊ ဖုတ်လှိုက် ဖုတ်လိှုက်၊ နင်နဲ့ငါနဲ့ သီချင်းတွေကို တွဲဆိုဖြစ်ပါတယ်။ နောက်ဆုံးပိတ်အနေနဲ့ ABBA ရဲ့ Take A Chance On Me သီချင်း ဆိုဖြစ်တယ်။ ဟီးဟီး

ဒါတောင် ဟို လမ်းဆုံအခွေက ကာရာအိုကေ မထွက်သေးလို့။ မဟုတ်ရင် အဲ့ဒီထဲက ချန်းချန်း ရဲ့ ယုံကြည်ချက် သီချင်းနဲ့၊ သီရီဆွေ ရဲ့ မင်းစချော့ပါ သီချင်း ဆိုဖြစ်ဦးမှာ။ အဲ့ သီချင်းနှစ်ပုဒ်ကို တော်တော်ဆိုချင်နေတာ.. နောက်မှ အကြွေး မှတ်ထားရမယ်။

အဲ့ဒီမှာ မမျှော်လင့်ထားတဲ့ ဧည့်သည်တော်က မ ခရစ်စ်တယ် ပါ။ သူ့ရဲ့ သမီးလေးနဲ့ ရောက်ချလာတယ်။ သူလည်း သီချင်း နှစ်ပုဒ်လောက် ဆိုတယ်။ သူ့သမီးလေးက ၄၊၅ နှစ်လောက်ပဲ ရှိဦးမယ်။ သူလည်း ဆိုမယ် ဆိုလို့ အာဇာနည် ရဲ့ ကိုယ့်အနား ရှိစေချင် သီချင်း ထည့်ပေးလိုက်တယ်။ သီချင်း မလာသေးဘူး.. သူက မိုက်ကို ကိုင်ပြီး “မင်္ဂလာပါ!!!” ဆိုပြီး အာကြီး အော်သလို လိုက်အော်သေးတယ်။ ပြီးတော့ “အခုဆိုမယ့် သီချင်းကို ဘယ်သူရေးထားတာလဲ သိတယ်မဟုတ်လား” ဆိုပြီးလည်း အော်လိုက်သေးတယ်။ ကိုယ်တောင် အဲ့ဒီဗွီစီဒီက ပြောတဲ့ဟာတွေ အလွတ်မရဘူး။ ပြီးတော့ သူက အလယ်ပိုဒ် ဖြစ်တဲ့ “ဟိုး အဝေးမှာ နေတဲ့အခါ .. မျက်လုံးတွေထဲ မင်းပဲမြင်၊ ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်.. (မေ့သွားပြီ).. အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင်” ဆိုတဲ့ အပိုဒ်ကို နည်းနည်းချင်း လိုက်ဆိုတယ်။ တကယ် ချစ်ဖို့ကောင်းတယ်။

သီချင်းဆိုနေရတာနဲ့ အစားစားဖို့တောင် မေ့တယ်။ ထမင်းကြော် ပွဲကြီးနဲ့ French Fries ပွဲကြီး မှာလိုက်တယ်။ နည်းနည်းပဲ စားဖြစ်ပါတယ်။ အဲ့ဒီက အစားအစားတွေက သိပ်ပြီး စားလို့မကောင်းဘူး။

ပြန်မယ် လုပ်ကြတော့ ၉း၃၀ လောက်ရှိနေပြီ။ Phantom က လမ်းကြုံလို့ ဆိုပြီး ကျွန်မ နဲ့ မလတ်ကို အိမ်လိုက်ပို့ပါတယ်။ အိမ်ရောက်တော့ အမေက ကိုရီးယားကား ကြည့်နေတာနဲ့ နည်းနည်း ထိုင်ကြည့်လိုက်သေးတယ်။ (On Air) မြန်မာလို စာတမ်း ထိုးတာ၊ မထိုးတစ်ချက်၊ ထိုးတစ်ချက်နဲ့.. ဘာတွေပြောနေမှန်းလဲ နားမလည်ဘူး။ နောက်တော့ စိတ်မရှည်တာနဲ့ အိပ်တော့မယ်ဆိုပြီး မျက်နှာ ခြေလက်ဆေးပြီး အိပ်လိုက်တာ တစ်ရေးတည်းပါပဲ။

Jun 16, 2009

ဂဏန်းအတွေးများ

2 comments

ဒီနေ့ နေ့လည်က အလုပ်ကိစ္စ တစ်ခုနဲ့ အပြင်သွားရင်း မင်းလမ်း ရခိုင်မုန့်တီဆိုင် ရောက်ခဲ့ပြန်တယ်။ ရခိုင်မုန့်တီ တစ်ပွဲ၊ ပဲကြော်၊ ငါးဖယ် နဲ့ စားဖြစ်တယ်။ တစ်ခါ တစ်ခါ စိတ်ညစ်တာက ရခိုင်မုန့်တီထဲ ကြက်သွန်ဖတ်တွေ ပါလာတာပဲ.. ကြက်သွန်ကို သိပ်မကြိုက်ဘူး။ :(

အဲ့ဒီ ဆိုင်မှာ ဘေးမှာ ကန်တွေနဲ့ ငါးတွေ၊ ကင်းပုဇွန်တွေ၊ ဂဏန်းတွေ ထည့်ထားတယ်။ ဂဏန်းတွေဆို ကန်ထဲမှာ ထည့်ထားတာ... လက်မ (ခြေမလို့ ခေါ်မလား)တွေကို ကြိုးတွေနဲ့ တုတ်ထားတယ်။ သူတို့ခမျှာ သနားစရာ.. သူတို့ကို ကြည့်ပြီး ကိုယ်သိပ်ကြိုက်တဲ့ ဂဏန်းတောင် စားချင်စိတ် ပျောက်သွားတယ်။

ဂဏန်းတွေကို ထိုင်ကြည့်နေတာ... တစ်ကောင်က လက်မ မှာ တုတ်ထားတဲ့ ကြိုး မရှိဘူး။ အဲ့ဒီကောင်က ကျန်တဲ့ ကြိုးတုတ်ထားတဲ့ သူ့ထက် အကောင်ကြီးတဲ့ ဂဏန်းကို ကွိုင်သွားရှာနေတယ်။ ဟိုတစ်ကောင်က လှုပ်လို့မှ မရတာ။

ဒါပေမယ့် ခဏနေတော့ ဆိုင်က အစ်မကြီးတစ်ယောက် စတီးပုံးကြီးတစ်ခု သယ်လာပြီး ဂဏန်းတွေကို ညှပ်နဲ့ယူပြီး တစ်ကောင်ပြီး တစ်ကောင် ကောက်ထည့်တယ်။ ခုနက စွာနေတဲ့အကောင်လည်း ပါသွားတယ်။ ကန်ထဲက အကောင် တော်တော်များများကို ယူသွားတယ်။ ဟော.. နောက် ၁၀ မိနစ်လောက်လည်းနေရော .. မီးဖိုချောင်ဘက်ကနေ စားပွဲထိုးမလေးက ဂဏန်းဟင်းတစ်ပွဲ လာချသွားတာ တွေ့လိုက်ရတယ်။

အဲ့ဒါကို ကြည့်ပြီး တစ်ခါက ဘယ်မှာမှန်းမသိ ဖတ်လိုက်ရတဲ့ ပုံပြင်လေးကို သွားသတိရတယ်။ (မနိုင်းနိုင်းစနေ ဘလော့ဂ်ကလား၊ အီးမေးလ် forward တစ်ခုကလား မသိဘူး) ဖမ်းပြီးခေါ်သွားတဲ့ ကြက်တွေက ကားထဲမှာ တစ်ကောင်နဲ့တစ်ကောင် ဆိတ်ကြ၊ ကတော် ကတော် နဲ့ ရန်ဖြစ်နေကြတာ။ သိပ်မကြာခင်မှာ သူတို့သေရမှာကို မသိကြပဲ ခဏတာ ဗိုလ်လုရဖို့အတွက် ရန်ဖြစ်နေကြတာ။ အဲ့ဒါကို ကြည့်ပြီး လူ့ဘဝဟာလည်း ဒီလိုပဲ။ အသက်ရှင်နေတုန်းခဏ နေကြရတာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်ကြ နဲ့... မကြာခင်မှာ အားလုံးသေကြရမှာပဲလေ။ အသက်ရှင်နေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နေကြပြီး၊ လူ့ဘဝကြီးကို ဖြတ်သန်းသင့်တယ် ဆိုတဲ့ အဓိပ္ပာယ်လေး ပါတဲ့ ပုံပြင်လေးပါ။ ကျွန်မလည်း အဲ့ဒါလေး ဖတ်ပြီး တော်တော် သဘောကျမိသွားသေးတယ်။

အမှန်တော့ တိရိစ္ဆာန်တွေဆိုတာ အသိဉာဏ် ရှိကြတာ မဟုတ်ပါဘူး။ လူသားတွေကတော့ အသိဉာဏ်ဆိုတာ ရှိတော့ တိရိစ္ဆာန်တွေ ပြုမူနေတာထက် ပိုသင့်တယ် မဟုတ်လား။ ဒါပေမယ့် အခု ကမ္ဘာမှာ ကြား ကြားနေရတာ တွေ ကြည့်ပြီး၊ ဖတ်ပြီး၊ နားထောင်မိပြီးတော့ လူတွေဟာ တစ်ခါတစ်လေမှာတော့ တိရိစ္ဆာန် သာသာပါပဲလို့ စဉ်းစားမိပါတယ်။

Jun 2, 2009

သိပ်ချစ်တာပဲ ဂျီဟူးရယ် :P

1 comments

ကျွန်မ အခုတစ်လော ရောဂါ တစ်ခု တက်နေတယ်။ Boys Over Flowers ကြည့်ရာက စတဲ့ရောဂါပဲ။ အဲ့ကားထဲက ဂျီဟူး (Kim Hyun Joong) ကို တော်တော်လေးကို သဘောကျနေတယ်။

အဲ့ဒီ ကား စစကြည့်ချင်းတုန်းကတော့ သူ့ကို သိပ်သဘောမကျဘူး။ ပုံစံက အေးတိအေးစက်နိုင်တော့ (character အရကြောင့်လည်း ဖြစ်မှာပေါ့) သိပ်မကြိုက်ဘူး။ နောက်ပိုင်း ဇာတ်လမ်းတွေမှာကျတော့ သူ့ကို ပိုပြီး သဘောကျလာတယ်။ ဘယ်အချိန်မှာ အရမ်းကြိုက်သွားလဲဆိုတော့ ပိုက်ဆံတောင်းရင်း သီချင်းဆိုတဲ့ အချိန်ပဲ။ သူ့အသံလေးက အေးအေးလေးနဲ့၊ ပြီးတော့ နောက်ခံသီချင်း (သူကိုယ်တိုင်ဆိုထားတဲ့ သီချင်း) ကြောင့်လည်း ပါတာပေါ့။ အပြုံးလေးနဲ့ သီချင်းဆိုနေတာကို တော်တော် သဘောကျသွားတယ်။ ရောဂါက အဲ့ဒီမှာ စတာပဲ။

အခု သူ့ရဲ့ အဖွဲ့ SS501 သီချင်းတွေ နားထောင်ဖြစ်နေတယ်။ Boys Over Flowers အခွေထဲမှာ ဆိုထားတဲ့ သီချင်းလေးတွေကို တော်တော်ကြိုက်နေမိတယ်။ အကြိုက်ဆုံး သီချင်းကတော့ Because I'm Stupid၊ ကိုရီးယားလိုတော့ Nae Meoriga Nappaseo (နယ်မူရီဂ နာပါ့ဆော) သီချင်းပဲ။ အမြဲတမ်း repeat လုပ်ပြီး နားထောင်နေဖြစ်တယ်။ အဲ့ဒီ သီချင်းကိုတော့ SS501 တစ်ဖွဲ့လုံး ဆိုတာ။ Kim Hyun Joong တစ်ယောက်တည်းဆိုထားတာလည်း ရှိတယ်။ ဒါပေမယ့် အဲ့ဒီ သီချင်းက မထွက်သေးတာလား မသိဘူး။ ရှာလို့ မတွေ့ဘူး။ ဒရာမာထဲမှာ ပါတဲ့ သီချင်းကို record လုပ်ထားတာပဲ ရှိတော့ အဲ့ဒါလေးနဲ့ပဲ စိတ်ဖြေနေရတယ်။ :(

Kim Hyun Joong ကို အပြင်မှာ ဘယ်လိုနေလဲတော့ မသိဘူး။ သူ့ရဲ့ ပုံမှန် character က Ji-Hoo character လိုမျိုး gentle & tender မဖြစ်ဘူးလို့ သူကိုယ်တိုင် ပြောတဲ့ အင်တာဗျူးထဲမှာ ဖတ်လိုက်ရတယ်။ ရပါတယ်လေ။ ကြိုက်တာကတော့ ကြိုက်ပြီးသားပဲ။ :P

ဒါပေမယ့် ဂျီဟူး character ကို သဘောကျလို့ သူ့ကို ကြိုက်သွားမိတာ။ အဲ့ဒီလို တစ်ဖက်သက် အချစ်နဲ့ နင့်နင့်နဲနဲ ချစ်တတ်တာမျိုးကို သဘောကျတယ်။ ပြီးတော့ ကိုယ်ချစ်ရတဲ့သူ ပျော်ရွှင်စေချင်လို့ ကိုယ့်ရဲ့နှလုံးသားက နာကျင်မှုကို မေ့ထားပြီး၊ ချစ်သူ အဆင်ပြေအောင် လုပ်ပေးတာမျိုး။ တခြား ဒရာမာတွေထဲမှာ အဲ့ဒီလို character တွေပါရင် သူတို့ကို ပို သဘောကျမိတယ်။ ဥပမာ - My Girl ထဲက Lee Junki character မျိုး။ (ဒါပေမယ့် Goong ထဲမှာပါတဲ့ ဒုတိယ မင်းသားကိုတော့ သိပ်မသနားမိဘူး။ အဓိက မင်းသားကို ပိုသဘောကျတာကိုး။ :P) တစ်ဖက်သက် အချစ်နဲ့ ချစ်ရသူတွေ ဆိုတော့ ကိုယ့်လိုပဲလို့ ခံစားမိပြီး ကိုယ်တိုင်ခံစား သနားမိသလို ဖြစ်နေတာ။ ဒုက္ခနော်။ စစချင်း ဒရာမာ ကြည့်တုန်းက Goon Jun Phyo ကို ကြိုက်တယ်။ နောက်ပိုင်း ကြည့်ရင်း ကြည့်ရင်း ဂျီဟူးကို သနားပြီး သူ့ကိုပဲ သဘောကျလာတယ်။ သနားဖို့ကောင်းတာကိုး။ !_!


ဒီ ယူထု(ဘ်)က သီချင်းကို SS501 ဆိုထားတာ။ သီချင်းနာမည်က Sometimes တဲ့။

ကျွန်မသာ ဂူးမ်ဂျန်ဒီ (Geum Jan-di) ဆိုရင် ဂွန်ဂျွန်ဖြိုးကို ရွေးမိမလား၊ ဂျီဟူးကိုပဲ ရွေးမိမလား ဆိုပြီး စဉ်းစားမိတယ်။ ကိုယ့်ရဲ့ ခံစားချက်အရတော့ ဂျီဟူးကိုပဲ ရွေးမယ်ဆိုပြီး စဉ်းစားမိတယ်။ ဒါကလည်း ကိုယ့်လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို မူတည်ပြီး ပြောတာကိုး။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ဂွန်ဂျွန်ဖြိုးလိုမျိုး ကြိုက်တာမျိုးမှ မရှိတော့ ကိုယ့်ကို ချစ်နေတဲ့သူ၊ ကိုယ့်ကို ဂရုစိုက်တဲ့သူကိုပဲ ရွေးမိတာ မဆန်းဘူး ထင်ပါတယ်။

ဟုတ်တယ်။ အခု ကျွန်မ ကိုယ်ချစ်ကို မရှာတော့ဘူးလို့ စဉ်းစားထားတယ်။ သူချစ်ကိုပဲ ရှာတာတော့ မဟုတ်ပေမယ့် တွေ့လာရင် စဉ်းစားမယ်လို့ ဆုံးဖြတ်ထားတယ်။ ကိုယ်ချစ်က ကိုယ့်ကို မချစ်တဲ့သူ ဆိုရင် စိတ်ပင်ပန်း၊ လူပင်ပန်းရတယ်။ ကိုယ်တွေ့လေ.. ကိုယ်တွေ့... :P ကိုယ့်ကိုသာ အခုအချိန်မှာ ဂျီဟူးလိုမျိုး ကိုယ့်အပေါ် ချစ်တဲ့သူ၊ ကိုယ့်ကို ဂရုစိုက်တဲ့သူ၊ ကိုယ့်တစ်ယောက်တည်းကိုပဲ မိန်းကလေးအဖြစ် မြင်တဲ့သူ၊ ကိုယ့်ကိုပဲ တစ်သက်လုံး ချစ်သွားမယ့်သူ မျိုးဆိုရင် လက်ခံ စဉ်းစားမယ်လို့ စဉ်းစားထားတယ်။ ရုပ်ရည် သိပ်ချောစရာ မလိုပါဘူး။ ဂီတာ တီးတတ်ဖို့လည်း မလိုဘူး။ ချမ်းသာဖို့လည်း မလိုပါဘူး။ ကိုယ့်ကို ဂရုစိုက်၊ ချစ်မယ် ဆိုရင် ပြည့်စုံပါပြီ။ ကိုယ်ကလည်း သူ့ကို ချက်ချင်းကြီး ချစ်သွားဖို့လည်း မလိုပါဘူး။ သူသာ ကိုယ့်အပေါ် ကောင်းမယ်၊ ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုရင် ကိုယ်လည်း တစ်နေ့နေ့ကျ သူ့ကို ပြန်ချစ်သွားမယ်လို့ ထင်မိတယ်။

ခက်တာက အဲ့လို လူ တစ်ယောက်မှ မရှိသေးတာပဲ။ :P

ကျွန်မကြိုက်တဲ့ Because I'm Stupid (Kim Hyun Joong version) သီချင်းလေး နားထောင်ကြည့်ပါဦး။ (upload လုပ်လို့မရလို့ YouTube သီချင်းပဲ နားထောင်ကြည့်ပါတော့ :P)


ဒါကတော့ SS501 version ပါ။



နှစ်ပုဒ်လုံးကောင်းတယ်နော်။ =D သီချင်းနားထောင်ရင်း မျက်ရည်တောင် ကျချင်သလိုလို... သီချင်းစာသား အင်္ဂလိပ်လို ဘာသာပြန်ထားတာလေးတွေ ကြည့်ရင် ဘာကြောင့် ဒီသီချင်းကို ကျွန်မ သိပ်ကြိုက်နေတယ်ဆိုတာ သိကြပါလိမ့်မယ်။ :)