Sep 14, 2012

အခြားတစ်ဖက်

0 comments

ကျွန်မ သိတဲ့ လူတစ်ချို့က ခရီးသွားရတာ မကြိုက်ကြဘူး။ ဒါပေမယ့် ကျွန်မကတော့ ခြေထောက်မှာ ဗွေပါလို့လား မသိ... ခရီးသွားရတာ တော်တော် သဘောကျတယ်။ ခရီးတွေ သွားနေရရင် ပျော်တယ်။ မရောက်ဖူးတဲ့ နေရာကို သွားရမယ်ဆို ရင်ထဲမှာ တစ်လှပ်လှပ်နဲ့ကို ရင်ခုန်မိပြီး ပျော်ရွှင်နေမိပါတယ်။

ဒီတစ်ပတ်ထဲ ကျွန်မ နေပြည်တော်ကို သွားရပါတယ်။ တစ်ပတ်အတွင်း ၂ ခါ သွားရတာ ဖြစ်သွားတယ်။ ပထမ တစ်ခါက လေယာဉ်နဲ့ နေ့ချင်းပြန်။ ဒုတိယ တစ်ခေါက်ကတော့ ၂ည အိပ်၊ ၃ ရက် ခရီး။ Myanmar Investment Forum နဲ့ ပတ်သက်ပြီး သွားရတာပါ။

အထက်မြန်မာပြည်ဘက်ကို ကားစီးဖြစ်တိုင်း ကျွန်မတော့ တော်ရုံတန်ရုံ မအိပ်ဖြစ်ဘူး။ ဘေး တစ်ဖက်တစ်ချက်စီမှာ ရှိတဲ့ ရှုခင်းတွေ ငေးကြည့်၊ သီချင်းနားထောင်ရင်းနဲ့ပဲ သွားဖြစ်တယ်။ ကြုံရင် ကြုံသလိုလည်း ဓာတ်ပုံ ရိုက်ဖြစ်တာပေါ့။ အထူးအဆန်း မြင်ကွင်းတွေ မဟုတ်ပေမယ့် အဲ့ဒီလို တောင်တန်းတွေ၊ ကောင်းကင်ပြာပြာ နောက်ခံနဲ့ ဖြူလွလွ တိမ်တွေ၊ ဟိုး မိုးကုတ်စက်ဝိုင်းအထိ တစ်မျှော်တစ်ခေါ် မြင်နေရတဲ့ စိုက်ခင်းစိမ်းစိမ်း (သို့) ဝါဝါလေးတွေကို ကြည့်ရင်း စိတ်ကူးတွေနောက်မှာ မျောပါနေတတ်တယ်။

အခု ဒီခရီးမှာလည်း ဒီလိုပါပဲ။ မနက် ၄ နာရီထဲက ထပြီး ပြင်ဆင်၊ ၅း၁၅ လောက် ကားလာခေါ်၊ ၆း၀၀ လောက် အမြန်လမ်းမ toll gate ကို အရောက်ဆိုတော့ အိပ်ချင်နေပေမယ့် ဘေးဘီဝဲယာက ရှုခင်းတွေ ကြည့်ရင်း စိတ်တွေက လန်းဆန်းလာတယ်။ သူများတွေဆို ကားပေါ်မှာ အိပ်လိုက်လာပေမယ့် ကျွန်မကတော့ မအိပ်ဖြစ်တော့ ညနေဖက်ရောက်တော့ အိပ်ငိုက်တာတော့ ရှိတာပေါ့။


တောင်တန်းတွေကို ကျွန်မ ချစ်တယ်။
မှိုင်းပြပြ တောင်တန်းတွေကို မြင်ရရင်  စိတ်ထဲမှာ လွမ်းသလိုလို ဝမ်းနည်းသလိုလို ခံစားရတယ်။ တောင်တန်းတွေကို ကြည့်ငေးနေချိန်မှာ ဘဝတစ်ပါးကို ထွက်သွားတဲ့ မိခင်ကို တောင်တန်းတွေမှာ ပုံရိပ်တွေ ထင်နေသယောင် (ဟိုး လွန်ခဲ့တဲ့ ဆယ်စုနှစ်က ကာရာအိုကေ ဗွီစီဒီတွေမှာလိုပေါ့) မြင်နေမိတယ်။

တစ်ခါတစ်လေ လည်း ချစ်သူကို သတိရမိတယ်။

ကျွန်မ တစ်ခါတုန်းက အိပ်မက်မက်ဖူးတယ်။ (အမေဆုံးပြီးခါစလို့ ထင်တယ်) အိပ်မက်ထဲမှာ ကျွန်မတို့ မိသားစု အိမ်အသစ်တစ်လုံးကို ရွှေ့သွားကြတယ်။ အိပ်မက်ထဲမှာ ကျွန်မ အဲ့ဒီနေရာလေးကို တော်တော် သဘောကျနေတယ်။ ခြံ ခပ်ကျယ်ကျယ်ထဲက နှစ်ထပ်အိမ်လေးဟာ တောင်ကုန်းလေးရဲ့ ကုန်းဆင်းလေးမှာ ရှိတယ်။ လမ်းမကြီးတစ်ခုရဲ့ ဘေးမှာပဲ။ ကိုယ့်အိမ်လေးရဲ့ အနောက်ဘက် ခပ်လှမ်းလှမ်းမှာ သွယ်တန်းနေတဲ့ တောင်တန်းတွေလည်း ရှိတယ်တဲ့။ အိပ်မက်မက်ရင် အလွယ်တကူ မေ့တတ်တဲ့ ကျွန်မ အဲ့ဒီအိပ်မက်ကိုတော့ အထူးတလည် မှတ်မိနေမိတယ်။ အိပ်မက်ထဲမှာ အမေက ပြောင်းရွှေ့လာတဲ့ အိမ်ပစ္စည်းတွေကို ကူပြီး နေရာချပေးဖို့ လှမ်းခေါ်ဆူနေတာလည်း မှတ်မိတယ်။

ကျွန်မ အိပ်မက်ထဲက အိမ်လေး နေပြည်တော်မှာ ရှိမလား ဆိုပြီး ရူးကြောင်ကြောင် စိတ်ကူးနဲ့ လိုက်ရှာမိပါသေးတယ်။

တောင်တန်းတွေကို ကြည့်ငေးဖြစ်တိုင်း အမြဲတမ်း စဉ်းစားမိတာ ရှိတယ်။ ဒီ တောင်တန်းတွေရဲ့ တခြားတစ်ဖက်မှာ ဘာတွေ ရှိပါလိမ့် ဆိုပြီး မေးခွန်းထုတ်နေမိတယ်။ နေပြည်တော်မြို့ထဲကဆိုရင်လည်း ဟိုးတစ်ဖက်တစ်ချက်မှာ တောင်တန်းတွေကို လှမ်းမြင်ရတယ်။ အနောက်ဘက်က ပဲခူးရိုးမ၊ အရှေ့ဘက်ဆို အရှေ့ရိုးမတောင်တန်း လို့ ယေဘုလျ သိပေမယ့် ကိုယ်လှမ်းမြင်နေရတဲ့ တောင်တန်းတွေမှာ သီးသန့် နာမည်တွေ ရှိနေမလားလို့လည်း တွေးမိတယ်။ ဒီတောင်တန်းတွေကို ဖြတ်ကျော်ပြီး ဟိုးတစ်ဖက်မှာ ဘာတွေရှိမလဲဆိုတာ ကြည့်နိုင်မယ့် အတောင်ပံတစ်စုံ လည်း လိုချင်မိတယ်။ တောတန်းတောအုပ်တွေအပေါ်က ဝဲပျံပြီး အပေါ်စီးကနေ ကြည့်ရတဲ့ အရသာ ဘယ်လို ရှိမလဲဆိုတာ သိချင်မိတယ်။


အမှန်တော့ တောင်တန်းတွေရဲ့ ဟိုဘက်မှာ ဘာတွေရှိလဲဆိုတာ သိချင်ရင် လွယ်လွယ်လေးပါ။ Google Map မှာ ရှာလိုက်ပေါ့။ ဒါကြောင့် နေပြည်တော်ကနေ လှမ်းမြင်နေရတဲ့ အရှေ့ရိုးမတောင်တန်းရဲ့ ဟိုးဘက်မှာ ဘာတွေရှိလဲ သိချင်မိတော့... ကြည့်လိုက်တာ.. လွိုင်ကော်မြို့ကို သွားတွေ့ရပါတယ်။

ဒါပေမယ့် ကိုယ်တိုင် ဒီတောင်တန်းတွေကို ကျော်ဖြတ်သန်းပြီး သွားကြည့်ချင်နေမိသေးတယ်။

တောင်တန်းတွေရဲ့ တစ်ဖက်မှာ ဘာတွေ ရှိနေသလဲဆိုတာ သိချင်နေမိတယ်။ ပြီးတော့... သေခြင်းရဲ့ တစ်ဖက်မှာကော ဘာတွေရှိသလဲ...

Jun 22, 2012

ယူနီကုတ်နှင့်ပထမဆုံး ပို့စ်

0 comments

၂၀၁၂ ကို မကူးခင် ကျွန်မရဲ့ ဘလော့ဂ်ကို ဇော်ဂျီကနေ ယူနီကုတ် ပြောင်းမယ်ဆိုပြီး စဉ်းစားခဲ့တာ ကြာပါပြီ။ ဒါပေမယ့် သိပ်မအားတာနဲ့ မပြောင်းဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၃လလောက်ကမှ စပြီး ကိုစေတန်ရဲ့ ဘလော့ဂ်မှာ ရေးထားတဲ့အတိုင်း လိုက်ပြောင်းဖြစ်တာ အဆင်ပြေပါတယ်။

ဒါပေမယ့် အဆင်မပြေတာ တစ်ခုကတော့ ယူနီကုတ်နဲ့ ပို့စ် ရေးလို့ မရတာပါပဲ။  ဳKeymagic သွင်းပြီးတော့ စမ်းကြည့်တာမှာ စာရေးရတာ အဆင်မပြေပါဘူး။ အသတ် ရေးလိုက်ရင် ရပင့်ပဲ ဖြစ်ဖြစ် သွားတယ်။ အဲ့ဒီလိုမျိုး စာကောင်းကောင်းရေးလို့ မရတာနဲ့ မရေးဖြစ်ပဲ ဒီဘလော့ဂ်က ပို့စ်အဟောင်းတွေပဲ ယူနီကုတ်ပြောင်းပြီး၊ ပို့စ် အသစ်မတင်နိုင်ပဲ ဒီအတိုင်း ထားထားတာ ကြာပါပြီ။

အခုတော့ အလုပ်ပါးတုန်း နည်းနည်း ပျင်းနေတာနဲ့ ပြန်စမ်းသပ်ကြည့်နေတာ။ အခုလို ရေးနိုင်ဖို့ စက်ထဲက ဇော်ဂျီဖွန့်ကို လုံးဝ ဖျက်လိုက်ရတယ်။ အဲ့ဒီတော့မှ စာရေးတဲ့နေရာမှာ မှန်မှန်ကန်ကန် မြင်ရတော့တယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ မသိပါဘူး။ ဖြစ်ချင်တာကတော့ သူများတွေ ဇော်ဂျီနဲ့ ရေးတဲ့စာကိုလည်း မြင်ရချင်တယ်။ သူတို့တွေနဲ့ စကားပြန်ပြောရင် ဇော်ဂျီနဲ့ ပြန်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ သူငယ်ချင်းအတော်များများက ယူနီကုတ် မသုံးကြသူတွေ များပါတယ်။ ဇော်ဂျီနဲ့ပဲ ယဉ်ပါးလာတာ ကြာပြီဆိုတော့ ဇော်ဂျီပဲ ဆက်လက်သုံးနေကြသူတွေပါ။ သူက သွင်းရ၊ ထုတ်ရတာ အဆင်ပြေတယ်လေ။ ပြီးတော့ ယူနီကုတ်စာတွေဖတ်ချင်ရင်လည်း ယူနီကုတ်ဖွန့် သွင်းထားရင် အဆင်ပြေတော့ အဲ့ဒီအတိုင်းပဲ သုံးနေကြတာပေါ့။

ကျွန်မက ကျွန်မ ဘလော့ဂ်မှာတော့ ယူနီကုတ်နဲ့ပဲ ရေးသွားချင်တယ်။ ဒါကြောင့်မို့ ပြောင်းလိုက်တာပါ။ နောင်တစ်ချိန်မှာ ယူနီကုတ်ပဲ အားလုံးသုံးလာကြမှာဆိုတာ ကြိမ်းသေပေါက်လေ။ ဒါကြောင့် ကိုယ့်ဘက်က ကျင့်သားရနေအောင် အခုထဲက စပြောင်းထားတာပါ။ အားလုံးလည်း ပြောင်းပြီဆိုတော့ နောက်ပြန်မလှည့်ကြေးပေါ့နော်။

တကယ်လို့ ဇော်ဂျီဖွန့်မသွင်းပဲ ဇော်ဂျီနဲ့ရေးထားတဲ့ စာတွေ မှန်မှန်မြင်ရမယ်၊ ဒါမှမဟုတ် ဇော်ဂျီနဲ့ စာရေးနိုင်မယ်ဆိုရင်တော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်။ မဟုတ်ရင်တော့ အခုလို ဘလော့ဂ်ရေးချင်တဲ့ အချိန်ကျ zawgyi font ဖြုတ်၊ ဖေ့စ်ဘုတ် တို့ ဂျီတော့ခ်တို့မှာ ဇော်ဂျီနဲ့ သုံးရတော့မယ်ဆို ဇော်ဂျီဖွန့် ပြင်သွင်း။ အလုပ်တော့ ရှုပ်သား။

ဆက်ပြီး tweak တွေ ရှာလိုက်ပါဦးမယ်။