Aug 4, 2007

အတ္တကြီးသူများ

တစ်ခါတစ်လေ ကြုံတွေ့ရတဲ့ အဖြစ်အပျက် လေးတွေပါ။

ကျွန်မက ဘက်စ်ကားစီးလေ့ ရှိတဲ့သူ တစ်ယောက်ပါ။ ဘက်စ်ကားစီးပြီ ဆိုရင်လည်း ဘယ်တော့မှ အပေါက်ပိတ် ရပ်တာတို့၊ ကိုးလို့ကန့်လန့် လုပ်တာတို့၊ လူကြီးသူမ သံဃာတော်တွေကို ဦးစားမပေး တာတို့၊ ထိုင်ခုံ မဖယ်ပေးတာတို့ ဘယ်တော့မှ မလုပ်ပါဘူး။ ကျန်တဲ့သူတွေ လုပ်ရင်လည်း အရမ်း စိတ်တိုမိပါတယ်။ လူတွေအားလုံး ဟာလည်း ချောင်ချောင် လည်လည် သက်သက် သာသာ စီးချင်ကြမှန်း၊ ဘက်စ်ကား အထဲကနေ အပြင်ကို ထိုးမထွက်ချင်မှန်း သိပါတယ်။ ဒါပေမယ့် အများနဲ့ သွားလာ နေရတာ ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်လေး တွေတော့ ထားစေချင် ပါတယ်။


မနေ့မနက်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုပါ။ ကျွန်မက ၁၀၅ ဒိုင်နာကားကို စီးပြီး ရုံးသွားလေ့ရှိပါတယ်။ တစ်ခါတစ်လေ ကျတော့လည်း ကျောက်ကုန်း မှတ်တိုင် ကနေ တစ်ခါထဲ တန်းစီး သွားလို့ရတဲ့ ၁၀၅ အနီ ကိုစီးပါတယ်။ များသော အားဖြင့် ၃၉ ဘက်စ်ကား အဝါကို စီးပြီး တာမွေမှာ ဆင်း၊ အဲ့ဒီကနေ ၁၀၅ ကား အဖြူတွေကို ဆက်စီးဖြစ်တာ များပါတယ်။ ထားပါတော့... မနေ့က ၁၀၅ ဒိုင်နာ အနီကို စီးဖြစ်ပါတယ်။ ကျွန်မက ဘေးတန်းနေရာ ရတဲ့အတွက် ဘေးလက်တန်းကို ကိုင်ပြီး စီးလာပါတယ်။ (စပယ်ယာကလည်း ဘေးလက်တန်းကို မကိုင်ရင် အော်လေ့ရှိပါတယ်။ အလယ်တန်းကို လူဝင်လို့ မရတော့ ဘူးလေ...) နောက်တော့ ကျွန်မရှေ့မှာ ထိုင်နေတဲ့ တစ်ယောက် ဆင်းသွား ပါတယ်။ ကျွန်မနဲ့ တည့်တည့်ဖြစ်တော့ ကျွန်မ ၀င်ထိုင်လို့ ရပေမယ့် ဘေးမှာ ကျွန်မထက်အရင် ကားပေါ်တက်လာတဲ့ ဦးလေးကြီးကို ထိုင်ခိုင်း လိုက်ပါတယ်။ အဲ့ဒီဦးလေးကြီးက ကျွန်မရဲ့ ထမင်းဗူး အိတ်ကို ကိုင်ပေးပါတယ်။ နောက် ၂မှတ်တိုင် လောက်လည်းနေရော ထိုင်ခုံက တစ်ယောက် ထပ်ဆင်းသွားပါတယ်။ အဲ့ဒီနေရာမှာ ကျွန်မ ၀င်ထိုင် လိုက်ပါတယ်။ ကားကလည်း ဘရိတ်ဆောင့်ဆောင့် အုပ်တော့ ထိုင်နေတဲ့ လူတွေကလည်း ဟိုးအရှေ့ဆုံးကို ကပ်ကပ်သွား ကြပါတယ်။ အရင်ထိုင်သွားတဲ့ ဦးလေးကြီးလည်း တင်ပါးထားစရာ နေရာမရှိ ဖြစ်လာတယ်။ ဟိုးထိပ်က လူတွေကလည်း သူတို့ဘက်မှာ ချောင်သွားတိုင်း ဘေးတစ်စောင်း ထိုင်လိုက်ကြပါတယ်။ နောက်ဆုံးမှာတော့ ဦးလေးကြီးလည်း `ငါထိုင်လို့ မရတော့ဘူး´ ဆိုပြီး မတ်တပ်ရပ်ပဲ လိုက်လာပါတယ်။ နောက်နှစ်မှတ်တိုင် (မင်္ဂလာစျေး မှတ်တိုင်) မှာဆင်းသွား ပါတယ်။

ကျွန်မ ဘေးထိုင်ခုံက လူလည်း ဆင်းသွားပါပြီ။ အဲ့ဒီနေရာမှာ လူတစ်ယောက် ၀င်ထိုင်ပါတယ်။ လူတစ်ယောက်စာ ထိုင်လို့ ရပါသေးတယ်။ ဒါပေမယ့် ကျွန်မဘေးက ၂ယောက်ကျော်က အစ်မကြီးက သူ့ရဲ့ ကိုယ်လုံးကြီးကို လုံးဝဘေးစောင်းပြီး ထိုင်လိုက်တဲ့အတွက် သူတစ်ယောက် ထဲနဲ့ လူနှစ်ယောက်စာ ထိုင်သလို ဖြစ်သွားပါတယ်။ သူကတော့ အေးအေး ဆေးဆေးပဲ။ ကျွန်မကသာ ဒေါသတွေ ထွက်နေတယ်။

ကျွန်မကလည်း ကျွန်မရှေ့မှာ မတရားတာ တွေ့ရင် အရမ်းဒေါသထွက်တယ်။ ဒါပေမယ့် ကျွန်မကလည်း ရန်မဖြစ်ချင်လို့ တိတ်တိတ်နေ ဖြစ်တာ များပါတယ်။ တစ်ခါတစ်လေကျ တော့လည်း ပါးစပ်က တစ်ကိုယ်တည်း ရေရွတ်မိပါတယ်။ (ဥပမာ - ကျွန်မက အဖွားတစ်ယောက် ထိုင်ဖို့ နေရာဖယ်ပေး လိုက်တာကို ဘေးက ယောကျာ်း တစ်ယောက်က ထိုင်ချလိုက်တယ် ဆိုရင် ကျွန်မကလည်း သူ့ကို မျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး `ယောကျာ်း ဖြစ်ပြီးတော့´ ဆိုပြီး ပွစိပွစိ ပြောတာမျိုး)

ဘက်စ်ကား စီးသူ အားလုံးက ထိုင်ခုံရရင် ထိုင်ချင်မှန်း သိပါတယ်။ ဒါပေမယ့် ဘေးလူတွေ ကိုလည်း ကိုယ်ချင်းစာ သင့်ပါတယ်။ တစ်ချို့တွေ ဆိုရင်လည်း ဒိုင်နာကားစီးရင် ဘေးလက်တန်း ကိုင်ရမယ့် နေရာ မကိုင်ပဲ အလယ်တန်း ကြီးကို ကိုင်ထား၊ ပြီးတော့ ကိုယ်ကြီး ကိုလည်း ကိုင်းထားတော့ နောက်က လူတွေက အထဲကို တိုးဝင်လို့မရပဲ ထိပ်မှာတင် ကျပ်နေပါတော့တယ်။ စပယ်ယာတွေ ပြောတော့လည်း ပြောတယ် ဖြစ်တယ်။ လူတွေ ကလည်း အပြော လွတ်အောင်မှ မနေတတ်ကြပဲ။

ဒါလေး ကတော့ နေ့စဉ်နေ့တိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ဂဂျိုးဂဂျောင် လေးတွေပါပဲ။

No comments: