Sep 28, 2011

အကြည့်

1 comments

ကျွန်မက Myanmar Youths in Action အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့အတွက် အဖွဲ့ရဲ့ activities အတော်များများမှာ လိုက်ပါရပါတယ်။ ကိုယ်တိုင်ကလည်း ဓာတ်ပုံရိုက် ဝါသနာ ပါတော့ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ဓာတ်ပုံလိုက်ရိုက်ဖြစ်ရင်း အလိုလို အဖွဲ့ရဲ့ ပင်တိုင် ဓာတ်ပုံဆရာ ဖြစ်သွားပါတယ်။ ကျွန်မ ကိုယ်တိုင်ကလည်း ဝါသနာပါတဲ့ အလုပ်ဆိုတော့ မငြီးမညူ ဓာတ်ပုံတွေ လိုက်ရိုက်ပေးတာပေါ့။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပဲခူးမြို့နားက အဝိုင်းကျေးရွာက မူလွန်ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ အယောက် ၄၀၀ အတွက် စာရေးကိရိယာတွေ သွားလှူဖြစ်တယ်။ အဲ့ဒီတုန်းက ဓာတ်ပုံတွေ အများကြီး ရိုက်ဖြစ်ပါတယ်။ ကြည့်ချင်ရင်တော့ Myanmar Youths in Action ရဲ့ Facebook Page မှာ သွားကြည့်လို့ရပါတယ်။

အခုပုံတွေကတော့ အဲ့ဒီထဲမှာ မပါပါဘူး။ ဖြူစင်သန့်ရှင်းတဲ့ ကလေးလေးတွေရဲ့ အကြည့်လေးတွေကို စုစည်းထားတာပါ။




Sep 19, 2011

0 comments

ဒီ စက်တင်ဘာ ရဲ့ ၁၈ ရက်နေ့ဟာ ချစ်သူ နှစ်ဦးရဲ့ ချစ်သူ သက်တမ်း ၉လ တိတိ ပြည့်ခဲ့တဲ့ နေ့လေး ဖြစ်ခဲ့ပါတယ်။

Source: Google Images

အဲ့ဒီနေ့က မိုးရွာပါတယ်။ ကောင်မလေးဟာ ချစ်သူနဲ့ မတွေ့ခင် စာသင်ရာမှအပြန် အချိန် နည်းနည်း ပိုနေတာနဲ့ ဆူးလေ တစ်ဝိုက် လမ်းလျှောက်ပါတယ်။ ဆူးလေ ဘုရားနားရောက်တော့ ဓာတ်ပုံ လမ်းရိုက်လိုက်ပါတယ်။ ရိုက်ပြီးချိန်မှာ လက်ချော်ပြီး ပလက်ဖောင်းပေါ် ကင်မရာ ပြုတ်ကျသွားပါတယ်။ ကင်မရာ တခြား၊ ဘက်ထရီ တခြား ဖြစ်သွားပါတယ်။ ကောင်မလေး ရှေ့တည့်တည့်က အဒေါ်ကြီးက ထိတ်လန့်စွာ အော်ပါတယ်။ ကောင်မလေးမှာ ရှက်ပြုံးလေး ပြုံးရင်း ကင်မရာကို ဘက်ထရီ ပြန်ထည့်ပြီး ရိုက်ကြည့်ပါတယ်။ ကောင်းပါသေးတယ်။ ကင်မရာက အကြမ်းခံတယ်လို့ ကိုယ့်ဘာသာကိုယ် မှတ်ချက်ပေးလိုက်ပါတယ်။ ၁ မှတ်

ထီးလေးအောက်မှ အတွဲ တစ်တွဲ (ကင်မရာ ပြုတ်ကျအပြီး ရိုက်ချက်)
အဲ့ဒီနေ့မှာ ချစ်သူ နှစ်ဦးဟာ ရိုမန်တစ် မဆန်စွာဖြင့် The Rise of the Planet of the Ape ကို သွားကြည့်ခဲ့ပါတယ်။ (ရွေးစရာကလည်း မရှိဘူးလေ။) ရုပ်ရှင်လေးကတော့ တော်တော်ကောင်းပါတယ်။ မျောက်ဝံတွေကိုလည်း သနားပါတယ်။ James Franco လေးကိုလည်း သနားပါတယ်။ မျောက်ဝံမင်းသား ဆီဇာ က "Caesar is home" လို့ နောက်ဆုံးမှာ ပြောလိုက်တာလေးကိုလည်း အရမ်းသဘောကျပါတယ်။ ကိုယ် ကြည့်ချင်နေတဲ့ကားလေးကို အတူတူ လိုက်ကြည့်ပေးတဲ့ ချစ်သူကိုလည်း အရမ်း ချစ်ပါတယ်။ (ဘာမှ မဆိုင်ဘူးနော်)

ဇာတ်လိုက် နာမည်က ဆီဇာ တဲ့။
ရုပ်ရှင်ရုံထဲမှာ ဓာတ်ပုံ မရိုက်ရ ဆိုတဲ့ စည်းကမ်းရှိပေမယ့် ခိုးပြီး ဓာတ်ပုံ ရိုက်လိုက်ပါသေးတယ်။ အောက်ပါ ပုံ အတိုင်း ထွက်လာပါတယ်။

မည်းမည်းလေးလည်း ကောင်းပါတယ်။ ကြွားတယ်လို့ ထင်မှာစိုးလို့။ :P
ရုပ်ရှင်ပြီးတော့ ချစ်သူ နှစ်ဦးဟာ Coffee Circles ကို သွားပါတယ်။ အဲ့ဒီဆိုင် တစ်ခါမှ မသွားဖူးသေးလို့ သွားကြတာပါ။ စစချင်း jalapeño fries မှာပါတယ်။ (စားချင်ဇော နဲ့ ရိုက်လိုက်တော့ ဝါးသွားသလို ဆိုင်ထဲမှာက အလင်း သိပ်မကောင်းတော့ ပုံက ကွာလတီ မကောင်းပါ။)


ပြီးတော့ ထိုင်းစာ ကြက်သား ပင်စိမ်းကို ထမင်းနဲ့ စားကြပါတယ်။ ပြီးတော့ တုန်ယမ်းဟင်းချို စားပါတယ်။ (ဓာတ်ပုံ မရိုက်မိပါ)

ကောင်လေးက ကပ်ပချီနို သောက်ပါတယ်။ (မြန်မာလို ဒီလို ပေါင်းရတယ် ထင်တယ်နော်)


ကောင်မလေးကတော့ ရေပဲ သောက်ပါတယ်။ (တုန်ယမ်း ဟင်းချိုက စပ်တော့ ရေပဲ သောက်တာပါ။ :P)

ကောင်လေးကို ၉လ ပြည့် လက်ဆောင် အဖြစ် Angry Bird ကီးချိန်းလေး ပေးပါတယ်။ သူက ချက်ချင်းပဲ သူ့ရဲ့ ဖုန်းလေးမှာ တပ်လိုက်ပါတယ်။ ဝက်ဘုရင်မလေး ကီးချိန်းကတော့ ကောင်မလေးအတွက်ပါ။ ၃ သိန်းအောက် ဟန်းဖုန်းကို စောင့်မျှော်နေတဲ့ ကောင်မလေးအတွက် သိပ်မကြာတော့တဲ့ အချိန်မှာ ပိုင်ဆိုင်နိုင်တော့မယ့် future ဟန်းဖုန်းမှာ ချိတ်မယ်လို့ ရည်ရွယ်ထားပါတယ်။ :P

သူငယ်ချင်း တစ်ယောက်ဆီမှာ တွေ့မိတဲ့ ဒီ ကီးချိန်းပုံစံလေးအတိုင်းကို လိုက်ရှာနေတာ ကြာပြီ။
အဲ့ဒီနေ့ကျမှ ပန်းဆိုးတန်းနားက ဆိုင်မှာ ရှာတွေ့သွားတယ်။ မိုးရေထဲ လျှောက်ရကျိုး နပ်သွားပါတယ်။ :)
အဲ့ဒီဆိုင်မှာ ညစာစားပြီးတော့ ကောင်ကလေးက ကောင်မလေးကို အိမ်ပြန်လိုက်ပို့ပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ ထုံးစံအတိုင်း ဘက်စ်ကားဂိတ်မှာ တက်ဆီ ရပ်ခိုင်းပြီး ကောင်ကလေးကို ဘက်စ်ကားဂိတ်မှာ ကားစောင့်နေတာကို အတူတူ ရပ်စောင့်ရင်း စကားတွေ ပြောနေဖြစ်ပါတယ်။ ကောင်လေး ဘက်စ်ကားပေါ် တက်သွားပြီး ဘက်စ်ကား ထွက်သွားတာကို ကြည့်ပြီးမှ ကောင်မလေးက အိမ်ပြန်လာခဲ့ပါတယ်။

အဲ့ဒီနေ့ဟာ ချစ်သူ နှစ်ဦး အတွက် ပျော်စရာ နေ့ကလေး တစ်ရက်ပါ။ <3 

Sep 15, 2011

ဘုရားရှိခိုးနေသူ

0 comments

ဒီမနက် ဘုရားသွားတော့ ဘုရားမှာ မယ်သီလရှင် တစ်ဦး ဘုရား ရှိခိုးနေတာ တွေ့ခဲ့တယ်။ သူ့ပုံစံက နိုင်ငံခြားက မယ်သီလရှင် ထင်တယ်။ ဒီတော့ အမြင်ဆန်းနေတာနဲ့ ဓာတ်ပုံ ရိုက်ခဲ့မိတယ်။



ရွှေတိဂုံဘုရားကို နေပူကျဲတဲထဲမှာ LCD ကို မမြင်ရပဲ လှမ်းရိုက်လိုက်တာ နည်းနည်းစောင်းသွားတယ်။
ဒါပေမယ့် သပ္ပာယ်လျက်ပါပဲ

Sep 14, 2011

ရေးချင်တာရေးသည်

0 comments


မနေ့ကအထိ Google Reader ကနေ Blogspot ပို့စ်တွေ ဖတ်တာ ဘန်းထားတုန်းပဲ။ ဒီနေ့ Google Reader ကနေ မ KOM ရဲ့ ပို့စ်ဖတ်နေတုန်း ပုံတွေပါ ပေါ်လာတာ တွေ့ရတော့... "ဟယ်.. Blogspot ပြန်ပွင့်နေပြီ ထင်တယ်" ဆိုပြီး check လိုက်တာ... အမှန်တကယ် ပွင့်နေပါရောလား။

ကိုယ်ကပဲ ခေတ်နောက်ကျနေသလားတော့ မသိပါဘူး။ သူများတွေက လွန်ခဲ့တဲ့ တစ်လထဲက ပွင့်နေတယ်လို့ ပြောကြာတယ်။ ကိုယ့်ရုံးက အင်တာနက် server ကပဲ refresh မလုပ်လို့လား မသိဘူး။ ဒီနေ့မှ စရတယ်။

ဘာပဲပြောပြော... ကိုယ့်ရဲ့ မြန်မာ ဘလော့ဂ်မှာ စာပြန်ရေးဖြစ်ဖို့ တွန်းအား တစ်ခုဖြစ်သွားတာပေါ့။

-+-+-+-

အခုတစ်လော ကိုယ့်ရဲ့ အင်္ဂလိပ် ဘလော့ဂ်မှာတောင် စာရေးချင်စိတ်က သိပ်မရှိဘူး။ ဘာလို့လဲတော့ မသိဘူး။ ရေးချင်နေတာတွေကတော့ ရှိပါတယ်။ ဒါပေမယ့် မရေးသင့်ဘူး ထင်လို့ မရေးဖြစ်တာတွေလည်း အများကြီးပဲ။ ဒါကြောင့် ဓာတ်ပုံတွေပဲ လှိမ့်တင်နေဖြစ်တယ်။ တင်စရာ ဓာတ်ပုံတွေကတော့ အများကြီး ကျန်သေးတယ်။

-+-+-+-

မနက်ဖြန် မနက်ကျရင် ချစ်သူနဲ့ ဘုရားသွားမယ်။ အမေ့ ၄လပြည့်အတွက် ပိုက်ဆံသွားလှူမယ်။ ပြီးတော့ ဘုရားရှိခိုး အမျှဝေမယ်။ အမေက သိချင်မှ သိတော့မှာ ဆိုပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့လေ။ :)

အခုချိန်ထိ အမေ့အကြောင်းကို မျက်ရည်မကျပဲနဲ့ ဘယ်သူ့ကိုမှ ပြန်မပြောနိုင်သေးဘူး။ တစ်ခါတုန်းကလည်း ချစ်သူနဲ့ အမေ့အကြောင်း ပြောနေတုန်း ငိုနေလို့ ချစ်သူက လိုက်ချော့ရသေးတယ်။

ကိုယ့်စိတ်ထဲမှာတော့ အမေက ခရီးဝေးတစ်ခုကို ကိုယ့်အရင် ကြိုသွားနှင့်တယ်လို့ပဲ ထင်နေမိတယ်။ အခုချိန်ထိ အမေ မရှိတော့ဘူးလို့ မထင်မိဘူး။ ဒီလို တွေးမိတာက denial လား၊ closure မရသေးတာလား၊ ဘာလည်းတော့ မသိဘူး။

အမေဆုံးတာနဲ့ ပတ်သတ်ပြီး သူငယ်ချင်းတစ်ယောက်ကိုလည်း သူငယ်ချင်း အဖြစ်က ရပ်စဲခဲ့တယ်။ နောက်တစ်နေ့မှာ နောင်တရပေမယ့် ကိုယ့်အမေဆုံးတဲ့အချိန်မှာတောင် ကိုယ့်ကို ဖေးမစကား ပြောဖို့ ဝေးစွ၊ ကိုယ် မထားနိုင်ခဲ့တဲ့ ကတိတစ်ခုအတွက် ကိုယ့်ကို အပြစ်တင်ဝေဖန်ပြော၊ ပြီးတော့ မစာနာ နားမလည်စွာနှင့် ဘလော့ဂ်မှာ ကိုယ့်အမေဆုံးတဲ့အကြောင်းရေးတာ sympathy လိုချင်လို့ လို့ ပြောထွက်ရက်တဲ့ ရ နှစ်ကျော်ကြာ ခင်မင်လာခဲ့တဲ့သူကို သူငယ်ချင်းအဖြစ် ဆက်ထားလည်း ဆက်ပြီး ရန်ဖြစ်နေရမှာ၊ drama တွေ ပိုဖြစ်နေရမှာ ဖြစ်တဲ့အတွက် ဒီအတိုင်းပဲ ထားလိုက်တော့တယ်။ တစ်ခါတစ်လေတော့ အရင်တုန်းက ခင်မင်ခဲ့တဲ့ အချိန်တွေကို ပြန်သတိရသား။ ဒါပေမယ့် အဲ့ဒါတွေက ပြီးသွားခဲ့ပါပြီ။

ပြဿနာ အရင်းခံကို ပြန်ဆန်းစစ်ကြည့်မိတော့ ကိုယ် မလိုက်နာနိုင်တဲ့ ကတိကို အလွယ်တကူ ပေးခဲ့မိတာက စတာ။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ မတွေ့ရပဲ အွန်လိုင်းပေါ်ကနေပဲ ဆက်သွယ်နေရတာဆိုတော့ မျက်နှာချင်းဆိုင်ပြီး ပြောရတာနဲ့စာရင် နားလည်မှုတွေ ပိုလွဲခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ် ဒါက သင်ခန်းစာ တစ်ခုပါပဲ။ အခုချိန်ဆို ကတိတစ်ခုကို အလွယ်တကူ မပေးတတ်တော့ပါဘူး။

အဲ့ဒီ ဖြစ်ရပ်က ရခဲ့တဲ့ ဒဏ်ရာတစ်ခုကတော့ ကိုယ့်ကို စိတ်ဆိုးမှာကို ကြောက်မိတာပဲ။ စိတ်ဆိုးတာ တစ်ခုကစပြီး အများကြီး ဆင့်ပွား ပွား၊ ပြီးတော့ ကိုယ့်အပေါ် အကောင်းမမြင်နိုင်တော့တဲ့ အခြေအနေထိ ရောက်သွားမှာ သိပ်စိုးရိမ်နေမိတယ်။ ဒါကြောင့် စိတ်ဆိုးစရာ တစ်ခု လုပ်မိပြီလို့ ကိုယ့်ကိုယ်ကို ထင်မိရင် ကိုယ် မှားတယ်၊ မှန်တယ် အရင်မတွေးပဲ တောင်းပန်တာက အရင် လုပ်မိနေဖြစ်တယ်။

နောက် ဒဏ်ရာ တစ်ခုကတော့ ဘယ်သူ့ကိုမှ အခင်ဆုံး သူငယ်ချင်းအဖြစ် ထပ်မလက်ခံချင်တော့တာပါပဲ။ အခုချိန်မှာ ကိုယ့်ချစ်သူဟာ ကိုယ့်ရဲ့ တစ်ဦးတည်းသော boyfriend ဖြစ်သလို၊ တစ်ဦးတည်းသော best friend ပါပဲ။ ကိုယ်တိုင်ပင်စရာတွေကို သူ့ကိုပဲ တိုင်ပင်ဖြစ်တယ်။ တခြား သူငယ်ချင်းတွေကတော့ ရှိပေမယ့် close friend တစ်ယောက်လိုမျိုး ရင်းရင်းနှီးနှီး မတိုင်ပင်ဖြစ်တော့ဘူး။ အဲ့ဒီတော့ တစ်ခါတစ်လေ ချစ်သူက ခရီးသွားနေချိန်၊ မအားတဲ့ အချိန်မျိုးကျ ကိုယ့်မှာ တစ်ယောက်တည်း lonely ဖြစ်တယ်။ ဒါပေမယ့် တခြား ဘယ်သူ့ကိုမှလည်း စကားမပြောဖြစ်ဘူး။

-+-+-+-

အခု Diploma in Development Studies တက်နေတာ နောက်လ ပထမပတ်ဆို first semester အတွက် စာမေးပွဲ ရှိတယ်။ စာတွေ ရပြီလား လို့ မေးရင်တော့ မရသေးဘူးလို့ပဲ ပြန်ဖြေပါမယ်။