Dec 18, 2007

A Day at the Office

0 comments

ဒီနေ့တော့ ရုံးက ပွဲတစ်ခု သွားစရာ ရှိတယ်။ ကျွန်မက reception မှာ ထိုင်ပြီး ဧည့်သည်တော် မှတ်တမ်းပြုစုတဲ့ နေရာမှ ထိုင်ပေးရမှာ။ ရုံးက ဂျူတီကျတဲ့ မိန်းကလေးတွေ အားလုံး အပေါ် ပန်းရောင်၊ အောက်က အပြာရင့်ရောင် ထမီ မှာ ပန်းရောင် အပွင့် ချိတ်ထမီတွေ ၀တ်ရတယ်။ နေ့လည် ၁းဝ၀ နာရီလောက် ရုံးက ထွက်ရမယ်။ ဒါကြောင့် ၁၁း၃၀ ကတည်းက နေ့လည်စာ စားထားလိုက်တယ်။

နေ့လည်စာက ထူးထူးထွေထွေ မဟုတ်ပါဘူး။ ရွှေခေါင်းပြောင် ပြုတ်ရယ်၊ ငါးကြော်ရယ်၊ ငါးခြောက်ထောင်းရယ်... ဒါပဲ ပါတယ်။

မနေ့က ညနက်တဲ့အထိ (မီးလာတုန်းလေး) ရုပ်ရှင်ထိုင်ကြည့်ကောင်းတာနဲ့ မနက်ကို နောက်ကျမှ နိုးတယ်။ ရုံးကို အသည်းအသန်လာရတယ်။ ပွဲမှာ ၀တ်ရမယ့် ၀တ်စုံကိုတော့ ရုံးရောက်မှပဲ ၀တ်မယ်ဆိုပြီး အိတ်နဲ့ထည့်လာ လိုက်တယ်။ ဒီလိုမှပဲ ကိုယ်နဲ့ကိုက်မှာ... ကိုယ်ကလည်း ထမီ ၀တ်ရတာ သဘောကျပေမယ့် သိပ်မဝတ်တတ်ဘူး... (မြန်မာပြည်မှာ အထက်တန်းကျောင်း မတက်ခဲ့ရတဲ့ အကျိုးကျေးဇူးတွေပေါ့ :P) ရုံးအသွားကို ထမီနဲ့ ဆိုရင် ခဏခဏ ပြင်ဝတ်နေရမှာ စိုးတာနဲ့ မဝတ်ဖြစ်ဘူး။ ရုံးယူနီဖောင်း ထမီစကတ်ပဲ ၀တ်လာလိုက်တယ်။

မျက်နှာကိုလည်း ထူးထူးထွေထွေ မပြင်ဆင်တတ်ပါဘူး။ မျက်နှာ လိုရှင်းလိမ်းတယ် ၊ ပြီးတော့ ပေါင်ဒါ နည်းနည်း ရိုက်လိုက်တယ်.. နှုတ်ခမ်းနီ ဆိုးတယ်... ဆံပင်ကို တစ်ဝက်စီးလိုက်တယ်။ ဒီလောက်ပါပဲ။ ခြေသည်းနီ ဆိုးမလို့ဟာ မေ့သွားတာနဲ့ တစ်ဝက်ပျက်နဲ့ပဲ ... :D သိပ်ရုပ်အဆိုးကြီးတော့ မဟုတ်ပါဘူး။ ဖိနပ်က ကတ္တီပါ ဆီးကွင့်ထိုး ဖိနပ်အပါး... ဒေါက်ဖိနပ်စီးမလို့ဟာ အမေက မစီးပါနဲ့... ကတ္တီပါ နဲ့ပဲ ကောင်းပါတယ် ဆိုလို့ ဒါပဲ စီးဖြစ်ပါတယ်။

ကတ္တီပါ ဖိနပ်လေးတွေက စီးရတာ တော်တော်ကောင်းတယ်။ နူးညံ့နေတာပဲ... ကျွန်မက လမ်းလျှောက်မြန်တော့ ဒေါက်ဖိနပ်စီးရင် နည်းနည်း ယိုင်တိုင်တိုင် ဖြစ်တယ်။ ပြီးတော့ နည်းနည်း ခိုးလု ခုလု ဖြစ်သလိုပဲ။ အဲ့ဒါနဲ့ပဲ ကတ္တီပါ ဖိနပ်တွေပဲ ၀တ်စီးဖြစ်တယ်။ အခုနောက်ပိုင်း ကတ္တီပါ ဖိနပ်လေးတွေက ဆီးကွင့်ထိုးထားတာ ပုံဆန်းဆန်းလေးတွေ အများကြီးပဲ။ ၁၂လုံးတန်း မှတ်တိုင်နားက ဖိနပ်ဆိုင်ကပဲ အဓိက ၀ယ်စီးဖြစ်တယ်။ ဖိနပ်တွေက ပုံစံ ဆန်းတွေများလွန်းလို့... အားလုံး လိုလို လှတာတွေချည်းပဲ... ဖိနပ်တစ်ရံ သွားဝယ်ရင် တစ်ရံပြီး တစ်ရံ ၁၀ ရံလောက် စီးကြည့်ပြီးမှ နောက်ဆုံး ဘယ်ဖိနပ် ၀ယ်မလဲ ဆုံးဖြတ်ချက် ချနိုင်တယ်။

ရုံးက တစ်ခြား ဌာနတစ်ခုက အခုနောက်ပိုင်း ယူနီဖောင်း မဝတ်ရတော့ဘူး။ အဲ့ဒီက အစ်မကြီးတစ်ယောက်ဆို သူဝတ်တဲ့ ဒီဇိုင်းလေးတွေ တော်တော်မိုက်တယ်။ အနောက်တိုင်း ပုံစံ ဆန်တယ်။ စကတ်အတို ၊ ကော်လာနဲ့ အကျႌ မျိုးလေးတွေ... အဲ့ဒီပုံလေးတွေ အရမ်းသဘောကျတယ်။ စကပ်ကတော့ ကျွန်မဝတ်ရင် ဒူးကျော်ပဲ ၀တ်လို့ရမယ်... ကျွန်မ ရဲ့ ပိန်ညောင်ရိုး ခြေသလုံး လေးတွေနဲ့ဆို စကတ် ဒူးအထက်တွေ ၀တ်ရင် လုံးဝ မလှဘူး။ ရွှတ်.. ၀မ်းနည်းလိုက်တာ... :P

အဲ့ဒီလို အကျႌမျိုးလေးတွေ ဘယ်မှာ ၀ယ်လို့ရမလဲ မသိဘူး။ ကျွန်မလည်း လိုချင်နေတာ... နောက်နှစ်ဆိုရင် အလုပ်ကိစ္စနဲ့ ပြည်ပ ခရီးသွားစရာ ရှိလို့ ဘာဝတ်ရမှန်း မသိဘူး။ Business ဆန်ဆန်၊ မိန်းကလေး ဆန်ဆန်၊ sophisticated ဖြစ်တဲ့ အဝတ်အစား ဒီဇိုင်းလေးတွေ လိုချင်တယ်။

ကဲ.. ခဏနေ သွားရတော့မယ်။ တာ့တာ အားလုံး။

Dec 7, 2007

ဓာတ်လှေကားကို မီးမီး ကြောက်ကြောက်

0 comments

ဒီနေ့ ကျွန်မ နေ သိပ် မကောင်းဘူး။ နှာတွေလည်း စီး၊ ခေါင်းတွေလည်း ကိုက်၊ လည်ချောင်းတွေလည်းနာ၊ လူလည်း သိပ်မလှုပ်ချင်ဘူး။ အမှန်တော့ အိမ်မှာပဲ နေပြီး နားချင်တာ... ဒါပေမယ့် အလုပ်က ခွင့်မယူချင်တာနဲ့ ရုံးပဲ လာခဲ့လိုက်တယ်။ Employee of the Month များ ရမလား လို့ပါ... :P

ဒီနေ့တော့ အရင် စီးနေကျ ၁၀၈ ကို တိုးမစီးချင်တာနဲ့ ပါရမီ အဓိပတိ အဲကွန်း ကားကြီးပဲ စီးလိုက်ပါတယ်။ ဒါပေမယ့် မှားသွားတယ်... ကိုယ်က အိမ်ကထွက်လာတာမှ ရး၄၅ ၊ ရုံးကို ၈း၃၀ အတိ ရောက်ရမှာ... ဒါကို လျှာရှည်ပြီး အဓိပတိ သွားစီးတယ်။ လမ်း ၃၀ ရောက်တယ်ဆိုလို့ တက်လိုက်တာ အပေါ်လမ်း မဟုတ်ပဲ အောက်လမ်း ကြိး ဖြစ်နေတယ်။ အဲ့ဒါနဲ့ သိမ်ကြီးစျေး အထိပဲ စီးလိုက်ပြီး အဲ့ဒီကနေ ရုံးကို လမ်း ပြန်လျှောက်ရ ပါတယ်။ ဒါနဲ့ ရုံး နောက်ကျရော...

ရုံးရောက်တော့ ၉းဝ၀ ထိုးခါနီးနေပြီ။ ဓာတ်လှေကား နံပါတ် (၂) ကို ပဲ ဖွင့်ထားတယ်။ နံပါတ် (၁) က အန်ဒါး မိန်းတိန်းနန့်(စ်) တဲ့... အကြောင်းအရင်းကတော့ ကိုယ်တွေ့ပါ...

မနေ့က ညနေ ရုံးက ပြန်တော့ ကျွန်မ နံပါတ် (၁) ဓာတ်လှေကားကို စီးပါတယ်။ ကျန်တဲ့ လူတွေကတော့ သူတို့ အထပ် အသီးသီးမှာ ဆင်းသွားကြတယ်။ အလွှာ (၁) မှာ လူတစ်ယောက် ဆင်းသွားပြီး အဲ့ဒီ ကနေ မြေညီထပ် ကို ဆင်းတဲ့အခါမှာ ဓာတ်လှေကားက ဒုံးကနဲ အောက်ကို ချက်ချင်း ပြုတ်ကျသွား ပါတယ်။ ဓာတ်လှေကားထဲမှာ ကျွန်မ တစ်ယောက်တည်း ရှိပါတယ်။ တံခါးဖွင့်တဲ့ ခလုတ်ကို နှိပ်တော့လည်း ဘာမှ မလာပါဘူး။ အပြင်မှာ လူအသံတွေ ကြားနေရတော့ တော်သေးတယ်။ “ဓာတ်လှေကားထဲမှာ လူတစ်ယောက် ရှိတယ်... ကောင်မလေး တစ်ယောက်” ဆိုတဲ့ အသံတွေ ကြားနေရတယ်။ “ မကြောက်နဲ့.. အခုချက်ချင်း ဖွင့်ပေးမယ်” လို့လည်း ပြောကြပါတယ်။ နောက်တော့ ဓာတ်လှေကားထဲကို ဖုန်းလာတော့ ကျွန်မ ကိုင်လိုက်ပါတယ်။ “ မကြောက်နဲ့နော်... ခဏနေ ဖွင့်ပေးမယ်” ဆိုပြီး ပြောပါတယ်။ နောက်တော့ သော့သံ ကြားရပြီး ဓာတ်လှေကား တံခါး ပွင့်လာပါတယ်။ ဓာတ်လှေကား ကြမ်းပြင်က အောက်မှာ... မြေညီထပ် ကြမ်းပြင်က အပေါ်မှာ ဖြစ်နေတယ်။ Security က အကိုကြီးက လက်ကမ်းပေးတော့ ထမင်းချိုင့်အိတ်ကို သူ့ကို လှမ်းပေးပြီး မနည်း ကုန်းတက်ရပါတယ်။ ထမီ စကတ် ၀တ်ထားတော့ ဒူးတွေ ပေါင်တွေ ပေါ်ကုန်လားလည်း မရှက်နိုင်တော့ပါဘူး။

Security ရဲမကြီးက “တော်တော်ကြောက်သွားလား” တဲ့... “ဒီလိုမျိုး ခဏ ခဏ ဖြစ်တတ်တယ်... ဒါပေမယ့် မကြောက်ပါနဲ့” တဲ့... ကြောက်တာပေါ့.... ဒါပေမယ့် တော်သေးတယ်... ကိုးထပ်ကနေ ပြုတ်မကျတာပဲ ကံကောင်းတယ် လို့ ပြောရမယ်။ ဘုရား ဘုရား... မသေကောင်း မပျောက်ကောင်း... ရင်တော်တော် တုန်သွားတယ်။ ကျွန်မ မသေချင်သေးဘူး အမေ လို့လည်း စိတ်ထဲမှာ ပြောလိုက်မိသေးတယ်။

စိတ်ထဲမှာ တွေးလိုက်မိသေးတယ်။ ကိုးထပ်ကနေ ပြုတ်ကျခဲ့ရင် ကိုယ့်ရဲ့ လှတပတ ခန္ဓာကိုယ်လေး ဘယ်လိုများ ဖြစ်မလဲ လို့... ကန်စုတ်ကတော့ ပြောတယ်... "You'll become a flat pancake" တဲ့... Eeekkkkk!

Nov 27, 2007

ကျွန်မနဲ့ဟယ်ရီပေါ်တာ

0 comments

ကျွန်မက ဟယ်ရီပေါ်တာ ကို ရှာဖွေ့တွေ့ရှိတာ နောက်ကျပါတယ်။ ကျွန်မ ညီမ ကွန်ပြူတာပေါ်မှာ အီးဘွတ်(ခ်)ကို အသည်းအသန် ဖတ်နေတုန်းကတောင် ကျွန်မ ဘာမှ မဖြစ်ခဲ့ဘူး။ ရုပ်ရှင်ကို အရင် ကြည့်ဖူးတာပါ။ နောက် အတော်ကြာမှ စာအုပ်တွေ စဖတ်ဖြစ်တယ်။ ဖတ်ဖြစ်တော့လည်း..... အင်း... စွဲတော့တာပေါ့... :D

ကျွန်မှာ Harry Potter & The Philosopher Stone နဲ့ Harry Potter & The Prisoner of Azkhaban နှစ်အုပ် ရှိပါတယ်။ ဒါပေမယ့် ဒီစာအုပ်တွေက reprint တွေပါ။ မြန်မာပြည်မှာ နေရတော့ ထုံးစံအတိုင်း ခိုးကူး၊ reprint နဲ့ပဲ နှစ်ပါးသွားနေရတာပေါ့။ အိမ်မှာ ရှိတဲ့ ဒီစာအုပ်တွေကို ခဏ ခဏ ပြန်ဖတ်လွန်းလို့ အမေက အလွတ်ကျက်နေတာလားလို့တောင် ပြောတဲ့အထိပဲ။ Ice Youth ကနေ တခြား စာအုပ်တွေ ငှားဖတ်ဖြစ်တယ်။ Ko Kalvin ဆီက Half-Blood Prince ယူ ဖတ်ဖြစ်တယ်။ Ma Red Rose ဆီက The Order of Phoenix ကို တစ်လ ကိုးသီတင်း ယူထားပြီး ၃ခေါက်လား မသိ.. ဖတ်ဖြစ်တယ်။ ဖတ်လေ ကြိုက်လေပဲ။ ထပ်ထပ်ဖတ်တော့ အရင်က miss ဖြစ်ခဲ့တာလေးတွေ ပြန်ပြီး ချိတ်ဆက်မိတယ်။ (ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲက တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိမိ ရေးဖွဲ့ထားတာ ကိုး.. ဥပမာ - ပထမ ပိုင်း စာအုပ်မှာ Azkhaban အကြောင်း အရိပ်အမြွတ်ရေးထားတယ်.. နောက် စာအုပ်မှာမှ ပိုပြီး detail တွေ ပိုလာတယ်... Dementor တွေ အကြောင်း၊ Demontor's Kiss အကြောင်း စသဖြင့်ပေါ့) အခုတော့ ကျွန်မကို ဟယ်ရီပေါ်တာ အကြောင်း ထုံးလိုမြွှေပီး ရေလိုနှောက် အောင် နောကျေနေပြီ ဆိုပြီး တစ်ချို့ တွေက ပြောကြပါတယ်။ hehe

Half-Blood Prince စထွက်တုန်းကတော့ ကျွန်မ မကြိုက်သေးတာ မှတ်မိတယ်။ ဒါပေမယ့် နောက်မှ ဖတ်မိပြီး စွဲသွားတော့... နောက်ဆုံးစာအုပ် Harry Potter & The Deadly Hallows ထွက်ဖို့ ရက်တွေကို ရေတွက်နေကြတဲ့ သူတွေထဲမှာ ကျွန်မလည်း ပါ၀င်လာ ပါတယ်။ စာအုပ်ထွက်တော့လည်း ကျွန်မ က မဝယ်နိုင်ပါဘူး... ဒါကြောင့် အီးဘွတ်(ခ်) အနေနဲ့ပဲ ဖတ်ဖြစ်ပါတယ်။ ဖတ်ပြီးပြီးချင်း ရင်ထဲမှာ ဟာတာတာ ဖြစ်သွားတယ်။ No more anticipation ဆိုပြီး ၀မ်းနည်းသွားတယ်။ ဒါပေမယ့် happy-ending မှ happy-ending ဆိုတဲ့ ကျွန်မအတွက် ၀မ်းသာစရာလေးတွေနဲ့ ဇာတ်သိမ်းထားပါတယ်။

ဟယ်ရီပေါ်တာ ထဲမှာ ကျွန်မအကြိုက်ဆုံး character က ဟယ်ရီပေါ်တာ ပဲ။ အစကတော့ ကျွန်မက မိန်းကလေးဆိုတော့ ဟာမိုင်အိုနီ (အရင်တုန်းက ဟာမီအိုနီ လို့ပဲ ထင်ထားတာ) ကို သဘောကျမိတယ်... ဒါပေမယ့် နောက်ပိုင်းမှာတော့ ဟယ်ရီ ကို ပို သဘောကျသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဟယ်ရီက လူသားဆန်တယ်။ တစ်ခါတစ်လေ reckless ဖြစ်တယ်။ ဒေါသကြီးတယ်။ ဟာမိုင်အိုနီ လို by-the-book လူမျိုး မဟုတ်ဘူး။ စည်းကမ်းတွေကို ချိုးဖောက်ဖို့ ၀န်မလေးဘူး။ ဒါပေမယ့် ရန်သူဖြစ်ပေမယ့် Malfoy ကို ကယ်တင်တယ်။ တစ်ခါတစ်လေ သူ့ကိုယ်သူ ယုံကြည်မှု မရှိဘူး။ သူ့မှာ အားနည်းချက်တွေ ရှိတယ်။ ဒါပေမယ့် ဒီ အားနည်းချက်တွေကို တွန်းလှန်ပြီး နောက်ဆုံးမှာ prevail လုပ်နိုင်တယ်... ဒါကို အကြိုက်ဆုံးပဲ။

Deadly Hallows စာအုပ်ရဲ့ The Forest Again အခန်း မှာ ဆိုရင် ကျွန်မ စိတ်ထဲမှာ ဟယ်ရီ ဟာ အရဲရင့်ဆုံး သူရဲကောင်း တစ်ယောက်ပါ။ သူ့ကိုယ်သူ သေလူ လို့ သတ်မှတ်ပြီး ကိုယ့်ရဲ့ ချစ်သူ၊ သူငယ်ချင်း တွေအတွက် သေရင် သေပါစေ ဆိုပြီး Voldemort ဆီကို သွားခဲ့တယ်။ ဘယ်လောက် ရဲရင့်သလဲ... သာမန်လူတစ်ယောက် မလုပ်နိုင်တဲ့ ကိစ္စပါ။ ကျွန်မ တောင် သူ့နေရာမှာဆိုရင် ဒီလို မလုပ်နိုင်ပါဘူး။ ဒီလို ကိုယ့်အသက်ကို ပဓာန မထားပဲ အများအကျိုး သယ်ပိုးတဲ့ သူရဲကောင်း တစ်ယောက်ဖြစ်ချင်ပါတယ်။

ဒါကတော့ ဟယ်ရီပေါ်တာ နဲ့ ပတ်သက်ပြီး ခံစားမိတာလေးတွေပါ။ ကျွန်မ J.K. Rowling ပေါ် အကြွေးကျန်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့စာအုပ်တွေကို ၀ယ်မဖတ်ရသေးဘူးလေ။ ကျွန်မ ၀ယ်ဖို့ စီစဉ်ထားပါတယ်။ ကျွန်မမှာ တစ်နေ့ မိသားစုလေးရှိလာရင် ကျွန်မ ကလေးတွေ ဖတ်ဖို့ ကျွန်မ the whole set ကို collect လုပ်ရဦးမယ်။ ;-)

Nov 14, 2007

ကိုယ်ပြန်လာပြီ

0 comments

ကျွန်မရဲ့ ဘလော့ဂ် လေးက ပုန်းနေရတာ ကြာတော့ ပျင်းလာပြီတဲ့.. အဲ့ဒါနဲ့ ကျွန်မ အခု ဖွက်ထားရာကနေ ပြန်ထုတ်လိုက်ပါပြီ။

အခု တစ်လော ကျွန်မရဲ့ ဘဝမှာ ဘာတွေ ပိုထူးသွားလဲဆိုတော့ .. ကျွန်မ ဆံပင်ဖြောင့်လိုက်လို့ ပိုချောသွားတယ်... ဒါပဲ ထူးတယ်။ :P

Lunch-time Talk

0 comments

ခုနက ထမင်းစားရင်း ရုံးက သူငယ်ချင်းနဲ့ စကားတွေ ထိုင်ပြောနေတာ... သူက နင် ငွေစုထားတာ ဘယ်လောက် ရှိပြီလဲ တဲ့.. ဒီလောက် ရှိပြီလို့ ပြောလိုက်တော့.. အင်း ငါကတော့ တစ်ပြားမှ မစုနိုင်သေးဘူး တဲ့။ နင်ကတော့ ဘာပူစရာ ရှိလဲ.. ယောကျာ်းတစ်ယောက် ကောက်ယူလိုက်ရင် ပြီးတာပဲ.. ငါကတော့ အခု ပုံအတိုင်း ဆိုရင် ဘယ်လို မိန်းမ ယူပြီး ကျွေးမွေးနိုင်မလဲ တဲ့... ကျွန်မလည်း စိတ်တိုသွားပြီး.. အောင်မာ ငါက ယောကျ်ား လုပ်စာ ထိုင်စားမယ့် မိန်းမ မျိုး မဟုတ်ဘူး... ငါ့ဘာသာ ငါ ရှာစားမယ့်သူဟ.. ဒါမှမဟုတ် ငါက ရှာကျွေးမှာ လို့ ပြန်ပြောလိုက် ပါတယ်။

ကျွန်မ ဘယ်တုန်းကမှ ကိုယ့်မှာ အဆင်မပြေလို့ ချမ်းသာတဲ့သူ တစ်ယောက် ကောက်ယူလိုက်မယ် ဆိုတဲ့ စိတ်ကူးမျိုး တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကိုယ့်ဘာသာကိုယ် ရှာမယ်ဆိုတဲ့ စိတ်ပဲ ရှိတယ်။ တကယ်လို့ ယောကျာ်း ယူခဲ့ရင်တောင် ဘယ်တော့မှ ယောကျာ်း လုပ်စာ ထိုင်မစားဘူး။ ကျွန်မကို အိမ်မှာ နေခိုင်းလည်း ရမှာ မဟုတ်ဘူး။ ကျွန်မက ကျွန်မ ဘာသာ အလုပ်လုပ်နေရမှ ကျေနပ်တဲ့ သူမျိုး။ အိမ်မှာပဲ နေပြီး ထမင်းချက်ခိုင်းလို့တော့ မရဘူး။ ကျွန်မ ဘယ်သူ့အပေါ်မှာမှ ငွေရေးကြေးရေး မရ မမှီခိုချင်ဘူး။ (အင်း ကျွန်မတော့ မုန်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာ နဲ့ တည့်မလား စိုးရိမ်နေမိပြီ :P)

ပြောတာ ပြောတာပါ... လတ်တလော ရည်းစားလည်း မရှိဘူး... (No.. I don't accept application :P) လက်ထပ်ဖို့ဆိုတာ ဝေးမှဝေး... အခုအချိန်မှာ single life ကို enjoy လုပ်နေပါတယ်။ ကျွန်မ ဖြစ်ချင်တာလေးတွေ၊ လုပ်ချင်တာလေးတွေ ရှိသေးတယ်။ ဘာတွေလဲ ဆိုတာတော့ မပြောသေးဘူး။ ဖြစ်လာခါနီးမှပဲ ပြောတော့မယ်။ ပြောပြီးမှ မဖြစ်လာတာတွေ များလွန်းလို့ပါ။ ကိုယ်က ဖြစ်လာမယ်ထင်ပြီး ဘာလုပ်မယ်၊ ညာလုပ်မယ် ပြောပြီး မဖြစ်လာတော့ ကိုယ့်ဘာသာကိုယ် ရှက်မိတာလည်း များလြှပီ။ ဒါကြောင့် အခုနောက်ပိုင်း ဘာအကြံအစည်ကိုမှ ဘယ်သူမှ မပြောတော့ဘူး။ တကယ် ဖြစ်လာမှပဲ ပြောတော့မယ်။

Sep 24, 2007

ကျွန်မ အမေရိကန်ပြန် အပိုင်း (၃)

0 comments

ကျွန်မတို့ သုံးယောက် ကျောင်းစတက်နိုင်ဖို့ အရေး အရင် ကျောင်းသွားအပ်ရပါတယ်။ ဌာန တစ်ခုပါပဲ.. မမှတ်မိတော့ပါ။ သုံးယောက် အပ်ရတာဆိုတော့ အဖေက မောင်လေး ကို သွားအပ်ပေးပြီး၊ ကျွန်မ နဲ့ ညီမ ကို နောက် အဖေ့ရုံးက တစ်ယောက် လိုက်အပ်ပေး ပါတယ်။ အဲ့ဒီမှာ ကျွန်မက ၅တန်းအောင်ပြီး ၆ တန်း တက်ရမှာကို နားလည်မှု လွဲသွားပြီး ကျွန်မကို ၅ တန်း ပေးလိုက် ပါတယ်။ အဖေကလည်း ဒီ အတိုင်းပဲ ထားလိုက်ပါ ဆိုပြီး ပြန် မပြင်ပေးပါဘူး။

၁၉၉၅ ဧပြီလ မှာပဲ ကျောင်းစတက်ရ ပါတယ်။ 21 St. နဲ့ L St. ကြားမှာ ရှိတဲ့ Thaddeus Stevens Elementary School မှာပါ။ အမေရိကန် နိုင်ငံမှာက သြဂုတ်၊ စက်တင်ဘာ လောက်မှာ ကျောင်းစဖွင့်ပြီး ဇွန်လမှာ နွေရာသီ ကျောင်းပိတ်တော့ အဲ့ဒီ ကျောင်းနှစ် အတွက် ကျွန်မ ကျောင်းတက်ရတာ ၂ လခွဲ ကျော်ကျော်လေးပဲ ရှိပါတယ်။ ကျောင်း စ တက်တော့ ESL (English as a Second Language) ကို အဓိက တက်ရပါတယ်။ ကျန်တဲ့ တခြား ၅တန်း တွေနဲ့ မတူပဲ ESL အခန်းမှာပဲ အချိန်ကုန် ပါတယ်။ ဘာမှလည်း နားမလည် သေးပါဘူး။ ကျောင်းမှာက တခြား မြန်မာ ကောင်မလေး ၂ ယောက်ရှိပါတယ်။ ဒါပေမယ့် သူတို့က မြန်မာ လို သိပ် မပြောတတ်ဘူး။ ကျွန်မကို တစ်ခု ခု ပြောချင်ရင် အဲ့ဒီ နှစ်ယောက်ထဲက တစ်ယောက် ယောက်ကို ခေါ်ပြီး translate လုပ်ခိုင်း ပါတယ်။ (နောက်တော့ သူတို့နဲ့ ရင်းနှီးပြီး သူငယ်ချင်း ဖြစ်သွား ပါတယ်။ မိဘ အချင်းချင်းလည်း သူများ မိတ်ဆက်ပေးလို့ သိသွား ပါတယ်။)

ကျွန်မ ကွန်ပြူတာကို ပထမဆုံး စမြင်ဖူး ပါတယ်။ ESL အခန်းထဲမှာ Apple ကွန်ပြူတာ အဟောင်း ၃ လုံး ရှိပါတယ်။ အဲ့ဒီမှာ သင်ကြားရေး အထောက်အကူပြု ဂိမ်းလေးတွေ ဆော့ရ ပါတယ်။ တစ်ခါတစ်လေ မုန့်စား ဆင်းချိန်မှာ အပြင်မှာ မဆော့ပဲ အဲ့ဒီ အခန်း ထဲမှာ ကွန်ပြူတာ ထိုင်ဆော့ နေတော့ ဆရာက ဆူပါသေးတယ်။ ကျောင်းမှာလည်း Reading အခန်းထဲမှာ သူများတွေ စာသင် နေတဲ့ အချိန်မှာ ကိုယ်က ကွန်ပြူတာ ပေါ်မှာ Mega Race ဆော့နေလို့ ဆရာမက မဆော့ဖို့ ပြောရတယ်။ ကိုယ်က နားမှ မလည်ပဲ... ကိုယ့်ကို ဆူလို့ ဆူမှန်း မသိ၊ ကိုယ့်အကြောင်း အတင်း ပြောလို့ ပြောမှန်း မသိ။ ကျွန်မအတွက် blank ကာလ လေး တစ်ခုပါ။

နွေရာသီ ကျောင်းပိတ်တော့ ကျွန်မ Summer School တက်ရပါတယ်။ Stevens မှာတော့ မဟုတ်ဘူး။ ဘယ်ကျောင်းလဲ မေ့သွားပြီ။ မှတ်မိတာက ကျောင်းရဲ့ အိမ်သာမှာ လက်ဆေးကန်က အလည်မှာ အဝိုင်းပုံ လုပ်ထားပြီး အောက်က တန်းဘား အဝိုင်းကြီးကို နှိပ်မှ ရေလာတာ မှတ်မိတယ်။ (ဟယ်ရီပေါ်တာထဲက မိန်းကလေး အိမ်သာ နဲ့ နည်းနည်း ဆင်တယ်။)

ကျောင်းပိတ်တုန်း တီဗွီလည်း တော်တော် ကြည့်ဖြစ်တယ်။ ပါ၀ါ ရိန်းဂျား ကတော့ မီးမီး အကြိုက်ဆုံးပေါ့။ ကျောင်း တက်နေတုန်းကဆို ကျောင်းကနေ အိမ်ကို ကာတွန်းကြည့်ချင်လို့ အမြန် ပြေးကြတယ်။ နောက် အကြိုက်ဆုံးက အာလာဒင်၊ ပြီးတော့ WB ကလာတဲ့ Animaniacs, Pinky & The Brain, Super Man, Batman အများကြီးပါပဲ။

ကျောင်းပြန်ဖွင့်တော့ ကျွန်မ ၅တန်းကနေ ပြန်တက်ရတယ်။ ကျွန်မ အင်္ဂလိပ်စာ နည်းနည်း နားလည်စ ပြုလာပြီ။ နွေရာသီတုန်းက အိမ်မှာ တီဗွီ အကြည့်များတာလည်း ပါမှာပေါ့။ ကျောင်းမှာ မနက်ပိုင်း ကို ESL အတန်း သွားရပြီး ညနေပိုင်းမှာတော့ ပုံမှန် အတန်း တက်ရပါတယ်။ ဒါပေမယ့် အဆင့် သိပ်မကောင်းပါဘူး။ အောင်တယ် ဆိုရုံလေးပဲ အမှတ်ရ ပါတယ်။ ဒီ အတန်းက ကိစ္စတွေ သိပ်မမှတ်တော့ပါဘူး။

၆တန်း တက်ရတော့ ESL ကို တစ်နေ့ တစ်ချိန်ပဲ တက်ရပါတော့တယ်။ ကျန်တဲ့ အတန်း အချိန်တွေ အများဆုံး တက်ရပြီး အင်္ဂလိပ်စာလည်း ပိုတတ်လာတော့ ကျောင်းမှာ အမှတ်တွေ ကောင်းလာပါတယ်။ ဒါကြောင့် report card ရတဲ့အခါ Honor Roll ရပါတယ်။ Honor Roll ဆိုတာကတော့ grade တွေမှာ A, B နဲ့ 1 C ရတဲ့သူတွေကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။ Honor Roll ရတာ ဘာထူးလဲဆိုတော့

- Beta Club အသင်းဝင် ခွင့်ရပါတယ်။
- မနက်ပိုင်း Home Room အချိန်မှာ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းကနေ အခန်းတိုင်း ကြားနိုင်တဲ့ PA System ဆိုလား... အဲ့ဒီမှာ နာမည် ကြေငြာ ပါတယ်။
- Honor Roll Certificate ရပါတယ်။
- Honor Roll ဆိုတဲ့ ခဲတံလေး တစ်ချောင်း ရပါတယ်။

Stevens မှာ အမှတ်ရစရာ လေးကတော့ Stevens ကျောင်း သီချင်းပါပဲ။ သီချင်းက This Land is Your Land ကို ကျောင်းအုပ်ဆရာမ က စာသားတွေ ပြောင်းထားတဲ့ သီချင်းပါ။

Stevens is Your School, Stevens is My School
Right from the --- , Down to the Lunchroom,
Down from the Playground, Up to the Classroom,
Stevens is made for you and me.

(နည်းနည်း မေ့နေလို့။ ငယ်ငယ်တုန်းက နောက်ဆိုတာပဲ သွားသတိရနေမိတယ်။ Right from the bathroom down to the lunchroom ဆိုပြီး )

နောက်အမှတ်ရစရာလေးက Brian ဆိုတဲ့ ကောင်လေး တစ်ယောက်။ ဘာရယ်တော့ မဟုတ်ပါဘူး။ သူက ကျွန်မရဲ့ first crush ပါ။ ဒါပေမယ့် အဲ့ဒီ အချိန်က ခေတ်စားနေလို့သာ crush လိုက်ရတာ... နောက် သူ့ကို junior high မှာ ပြန်တွေ့တော့ ဘာ feeling မှ မရှိတော့ဘူး။ ဟီးဟီး

ဆက်ရန်

Sep 21, 2007

ကျွန်မ အမေရိကန်ပြန် အပိုင်း (၂)

1 comments

ကျွန်မ သိတတ်တဲ့ အရွယ်မှာ လေယာဉ် တစ်ခါမှ မစီးဖူးပေမယ့် လေယာဉ် မမူးခဲ့ပါဘူး။ ကျွန်မ ညီမ နဲ့ မောင်လေး တော့ မူးကြတယ်။ နားထဲမှာ အူနေတော့ လေယာဉ်မယ် လေးတွေ လာပေးတဲ့ သကြားလုံး လေးတွေ ငုံ ထားတယ်။ ကျွန်မတို့ (၃) ယောက် အတွက် ကစားစရာ အိတ်လေးလည်း ပေးတယ်။ အိတ်ထဲမှာ ပြန်ဖျက်ပြီး ပုံဆွဲလို့ ရတဲ့ ဟာလေး ရယ်၊ ရောင်စုံခဲတံ လေး တွေရယ်၊ ပုံဆွဲ စာအုပ်လေးရယ်၊ အကွက်လေးတွေ ရွှေ့ပြီး ပုံဖော်ရတဲ့ puzzle အပြား ရယ်၊ ပြီးတော့ သံဘောလုံး လေးကို maze တွေ ကြားထဲကနေ ဂိုး ၀င်အောင် လုပ်ရတဲ့ ကစားစရာလေး တွေ ပါ ပါတယ်။ (အိတ်လေးတောင် အခုထိ သိမ်းထားသေးတယ်။) သူများတွေ ကတော့ အိပ်နေကြတယ်။ ကိုယ်ကတော့ လေယာဉ်ပေါ်မှာ in-flight ရုပ်ရှင်ကြည့်လိုက် (နားတော့ မလည်ဘူး)၊ နားကြပ်နားထောင်ပြီး ခလုတ်တွေ တစ်ခုပြီ တစ်ခု ရွှေ့လိုက်နဲ့ အလုပ်ရှုပ်နေ ပါတယ်။ (အဲ့ဒီလိုမျိုး လေယာဉ်တို့၊ ကားပေါ်တို့၊ ရထားပေါ်တို့ သိပ် မအိပ်တတ်ဘူး။)

ကျွန်မတို့ လေယာဉ် BWI လေဆိပ်ကို ဆိုက်ကပ်တော့ ညနေပိုင်း ရောက်နေပါပြီ။ မိုးတွေ ရွာနေပါတယ်။ ဧပရယ် ရှားဝါး ပေါ့။ အေးအေး စိမ့်စိမ့်လေး ဖြစ်နေပါတယ်။ အမေရိကန် မြေနင်းရပြီ ဆိုပြီး ၀မ်းသာမိဖို့ အတွက် ငယ်သေးတော့ ဘာမှ ထူးထူးထွေထွေ မခံစားခဲ့ရပါဘူး။ ကျွန်မတို့ကို ဗန်ကားကြီးနဲ့ အဖေ့ ရုံးက လူ နှစ်ယောက် လာကြို ပါတယ်။ ကျွန်မတို့ လေဆိပ်ပေါ်မှာ ကောင်းကောင်း မစားခဲ့ရလို့လား မသိဘူး ... ဗိုက်အရမ်းဆာနေ ပါတယ်။ ကျွန်မတို့ ၀ါရှင်တန် ဒီစီ ကို ရောက်ဖို့ အတော်လေး ကြာကြာ မောင်းရတာ မှတ်မိ ပါတယ်။ ကျွန်မတို့ နေရမယ့် အခန်းကို ရောက်တော့ ကျွန်မ အိပ်ချင်နေ ပါပြီ။ ဒါပေမယ့် အိမ်အသစ်ကို ရောက်တာ ဆိုတော့ ထုံးစံ အတိုင်း ဟို အခန်း ပြေးကြည့်၊ ဒီ အခန်း ပြေးကြည့် တော့ လုပ်လိုက်သေးတယ်။ အိမ်သာက ဘိုထိုင် နဲ့ ရေချိုးဇလုံ ပါတော့ အရမ်း ပျော်သွားတယ်။

ကျွန်မတို့က တိုက်ခန်းမှာ ငှားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ခန်းက သားနား ပါတယ်။ ကျန်တဲ့ အဖေ့ ရုံးက မိသားစု အချို့လည်း ဒီမှာပဲ နေကြပါတယ်။ နေရမယ့် အခန်းကတော့ ကျဉ်းပါတယ်။ အိပ်ခန်းကြီး တစ်ခန်း (walk-in-closet အပါအဝင်)၊ အိမ်သာ တစ်ခန်း၊ မီးဖိုချောင် တစ်ခန်း ပါပါတယ်။ ကျွန်မတို့ (၃) ယောက်က အိပ်ခန်းထဲမှာ အိပ်ရပါတယ်။ အဖေ နဲ့ အမေက living room က အိပ်ရာ နဲ့ ဆိုဖာပေါ်မှာ အိပ်ပါတယ်။ (နောက် နှစ်တွေ ကြာတော့ အဖေက အခန်းထဲ ပြောင်း အိပ်ပါတယ်။) ကိုယ့်အဖေက အရာရှိ မဟုတ်သေးတော့ ဒီလောက် တိုက်ခန်းပဲ ရပါတယ်။ ကိုယ့်ထက် ရာထူး ပိုကြီးတဲ့ သူတွေကတော့ တစ်ခြား ပိုကျယ်တဲ့ နေရာ သို့မဟုတ် ကိုယ်ပိုင် အိမ်နဲ့ နေရတာပေါ့။ တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ ရေကူးကန် ရှိပြီး အောက်ထပ်မှာ ကားပါကင်နဲ့ laundromat ရှိပါတယ်။ တစ်ခါလျှော် ပြား ၅၀ ပဲ ကျပါတယ်။ တိုက်ခန်းကို ၀င်ချင်ရင် သော့ပြားကြီးကို ထည့်မှ ၀င်လို့ရပါတယ်။ (နောက်ကျတော့ လေဆာ စနစ် ပြောင်းလိုက် ပါတယ်။)

အိမ်ကို ရောက်တော့ တီဗွီ အဖြူ အမည်း အဟောင်း လေး တစ်လုံး လာပေးထားတာ တွေ့ရပါတယ်။ ဆိုဖာ တစ်လုံးနဲ့ အိပ်ရာတွေ ၀ယ်ပေးထား ပါတယ်။ Rice cooker တစ်လုံး ၀ယ်ပေးထားတယ်။ အားလုံးက ဗိုက်ဆာ နေကြပြီ။ လာကြိုတဲ့ သူ တစ်ယောက်က ကြိုပြီး ခေါက်ဆွဲကြော်တွေ ၀ယ်ပေးထား ပါတယ်။ အဲ့ဒါနဲ့ ထမင်းနဲ့ စားကြပါတယ်။ ဒါပေမယ့် ကျွန်မတို့အတွက် ခေါက်ဆွဲကြော်က စားနေကျ အရသာ မဟုတ်တော့ တစ်မျိုးကြီး ဖြစ်နေ ပါတယ်။ ထမင်းစားပြီးတော့ ကျွန်မတို့ အဖြူ အမည်း တီဗွီလေးကို ထိုင်ကြည့်ကြ ပါတယ်။ ညဘက် (၉) နာရီလောက် ရှိနေပြီ ဆိုတော့ ကာတွန်း မလာတော့ ပါဘူး။ ကျွန်မတို့တွေ မကျေမနပ် ဖြစ်သွားတယ်။ ကျွန်မတို့ အမှန်တော့ မအိပ်ချင်သေးဘူး... ဒါပေမယ့် အဖေက အိပ်တော့ လို့ ပြောလို့ အိပ်လိုက်ရတယ်။

ကျွန်မ တစ်ချို့ အကြောင်းအရာတွေ ကို အသေးစိတ် မမှတ်မိတော့ဘူး။ ဒါပေမယ့် မှတ်မိ သလောက်ပဲ ရေးပါတော့ပါမယ်။

၂ရက်၊ ၃ ရက်လောက် အကြာမှာ အဖေက ကာလာ တီဗွီ ခပ်ကြီးကြီး တစ်လုံး သွားဝယ်ပါတယ်။ ကျွန်မတို့တွေ ကာတွန်း ကြည့်လို့ ရသွားပြီပေါ့။ ရောက်ရောက်ချင်း ထမင်းချက်ဖို့ သိပ်မပူရပါဘူး။ ဆန် တစ်အိတ် ၀ယ်ပေးထားတယ်။ ပြီးတော့ တခြား မြန်မာအိမ်တွေက ထမင်းစား ဖိတ်တော့ သွားစားရုံပဲ။ အဖေ နဲ့ အမေ စျေး သွားဝယ်ပြီး ဟင်းချက်ကြတယ်။ မီးဖိုချောင်မှာက ရေခဲသေတ္တာ၊ Hot Plate အပေါ်မှာပါတဲ့ oven၊ ပန်းကန်ဆေးစက် နဲ့ cabinet တွေ တစ်ခါတည်း ပါပြီးသား ဆိုတော့ ဘာမှ ၀ယ်စရာ မလိုပါဘူး။

ကျွန်မတို့ ရောက်သွားတာ ဧပြီလ ချယ်ရီပန်း ပွဲတော်နဲ့ အံကိုက် ဖြစ်သွားတယ်။ ကျွန်မတို့ Cherry Blossom Parade ကို သွားကြည့်ကြ ပါတယ်။

ရောက်လာပြီး သိပ်မကြာမီမှာပဲ အဖေက ကျွန်မတို့ကို ကျောင်းထားဖို့ ပြင်ဆင်ပါတော့တယ်။

ဆက်ရန်

Sep 20, 2007

ကျွန်မ အမေရိကန်ပြန် အပိုင်း (၁)

3 comments

ကျွန်မရဲ့ အတွေ့အကြုံ လေးတွေကို နည်းနည်း ကြွား... (အဲလေ) ပြောပြချင်လို့ ရယ်၊ အမှတ်တရ လေး အဖြစ် ရေးသား ချင်လို့ ဆိုတဲ့ ရည်ရွယ်ချက် ကလေးတွေ နဲ့ ရေးသား ပါတယ်။

-+-+-+-

ကျွန်မအဖေရဲ့ တာဝန်ကြောင့် ကျွန်မတို့ မိသားစု အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီ မြို့တော်မှာ နှစ်ကြိမ် နေခွင့်ရခဲ့ ပါတယ်။ ပထမ တစ်ကြိမ်က ၁၉၈၃ - ၁၉၈၇၊ ဒုတိယ တစ်ကြိမ်က ၁၉၉၅ - ၁၉၉၉ ခုနှစ် တို့ ဖြစ်ပါတယ်။ အခုတော့ အဖေလည်း အစိုးရ ဌာန မှာ အလုပ် မလုပ်တော့ပါဘူး။ အငြိမ်းစား ယူပြီး အပြင် ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ် နေပါတယ်။

ပထမ တစ်ကြိမ် သွားရတုန်းက ကျွန်မ မွေးခါစ (၅) လ သမီး ပဲ ရှိပါသေးတယ်။ အဖေ နဲ့ အမေက ကျွန်မ မွေးလာလို့ နိုင်ငံခြား သွားရတာ၊ ကောင်းကျိုးတွေ သယ်ဆောင်လာတဲ့ သမီး ဆိုပြီး ဒိုင်ယာရီ အဟောင်း တစ်ခုမှာ ရေးထားတာ ဖတ်လိုက်ရ ပါတယ်။ (ကျွန်မက သမီးဦး ဖြစ်တဲ့ အတွက် ဒိုင်ယာရီမှာ စုံစုံလင်လင် ရေးထားတာ ဖတ်ရပါတယ်။ ကျွန်မတို့ မိသားစု (၃) ယောက်က အဲ့ဒီ တုန်းက သိပ် မပြေလည်လို့ အိမ်စုတ်လေးမှာ ငှားနေရတဲ့ အကြောင်း၊ ငယ်ငယ်တုန်းက အော်ငိုရင် လမ်းထိပ်ကနေ ကြားရတဲ့ အကြောင်း၊ နို့မှုန့် ၀ယ်ဖို့ ဘယ်သူ့ ဆီက ချေးငှားရတဲ့ အကြောင်း က စပြီး ဖတ်ရပါတယ်။ )

ပထမ တစ်ခေါက် အမေရိကန် နိုင်ငံ သွားရတုန်းက ညီမ နဲ့ မောင်လေးကို အမေရိကန် နိုင်ငံမှာပဲ မွေးခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မ သူငယ်တန်း အကြို (Pre-Kindergarten) တက်ခဲ့ရ ပါတယ်။ ဒါပေမယ့် ပထမ တစ်ခေါက် သွားရတုန်းက အကြောင်းတွေကို ငယ်သေးလို့ မမှတ်မိတော့ဘူး။ ဓာတ်ပုံတွေပဲ အမှတ်တရ ရှိပါတော့တယ်။ မြန်မာနိုင်ငံ ကို ပြန်လာတော့လည်း ရောက်ခါစကပဲ အင်္ဂလိပ် လို ပြောပြီး နောက်တော့ မပြောတတ်တော့ဘူး.. ငယ်ငယ်က အိမ်နားက အစ်မကြီး တစ်ယောက် ရဲ့ မျက်နှာမှာ မှဲ့လေး ပါတာကို Is this a mole? ဆိုပြီး ခဏခဏ မေးတယ် လို့တော့ ပြန်ပြောပြတာပဲ သတိရပါတယ်။

၁၉၈ရ နှစ်မှာ မြန်မာပြည် ပြန်ရောက်.. စစခြင်း ငှားနေ... နောက်တော့ ကိုယ်ပိုင် အိမ်လေး (သစ်သား အိမ်လေးပါ) တစ်လုံး ၀ယ်ပြီး မိသားစု (၅) ယောက် + အစ်မ ၀မ်းကွဲ (၁) ယောက် နေကြပါတယ်။ အဲ့ဒီနားက လူတွေ ကတော့ အမေရိကန်ပြန် ဆိုပြီး အထင်တွေ ကြီးကြတာပေါ့..... အမှန်တော့ ကိုယ့်အိမ်မှာက အစိုးရ လခလေး တွေနဲ့ လောက်ငအောင် စားနေရတာ။ အမေရိကန်ပြန် ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ညီတာက အိမ်မှာ ဗို့အား ၁၁၀ ဆိုနီ ကာလာ တီဗွီ တစ်လုံး ရှိတယ်... ဗွီဒီယို အောက်စက် ရှိတယ်။ မှန်ဘီဒို တစ်လုံး အပြည့် အရုပ်တွေ၊ ကစားစရာတွေ ရှိတယ်။ (အလြှပထားတာ... ထုတ် မကစားရဘူး။) ဒါပဲ ရှိတယ်။ သူများတွေ အထင်ကြီးနေ သလို အမေရိကန်က ကား ကြီး တွေ မဝယ်လာနိုင်ခဲ့ပါဘူး။ ရုံးကား လေးဘီး အစုတ်လေး (ကိုယ်ပိုင် မဟုတ်ဘူး... အကြို အပို့ အတွက်ပဲ) နဲ့ပဲ အဖေ ရုံးတက်ခဲ့ ပါတယ်။ အဖေက ရာထူး ကြီးကောင် ကြီးမား လည်း မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ် ကျော်မှ အရာရှိ စဖြစ်တာပါ။

ဒီလိုနဲ့ မြန်မာပြည်မှာ ၅တန်း အထိ ကျောင်းတက်ပြီး ကျောင်းပိတ်ချိန် နွေရာသီမှာ (သင်္ကြန်မတိုင်ခင်) အမေရိကန် ပြည်ထောင်စုကို နောက်တစ်ခေါက် သွားရဖို့ အခါ အခွင့် ကြုံလာ ပါတယ်။ အဲ့ဒီ အချိန်မှာ ကျွန်မက ၁၂နှစ်၊ ညီမ က ၁၁ နှစ်၊ မောင်လေးက ၉နှစ် ရှိနေပါပြီ။ ကျွန်မတို့ မောင်နှမတွေ ပျော်လိုက်တာ။ အရင် တစ်ခေါက် သွားတုန်းက ငယ်သေးတော့ ဘာမှ မမှတ်မိခဲ့ဘူး... အခုတော့ ဓာတ်ပုံတွေ ထဲမှာပဲ မြင်ခဲ့ရတဲ့ နေရာတွေ သွားရတော့မယ် ဆိုပြီး ပျော်နေခဲ့ ပါတယ်။ ဟိုရောက်ရင် အမေ ပြောလေ့ရှိတဲ့ ဟမ်ဘာဂါတွေ၊ ပြင်သစ် အာလူးကြော်တွေ၊ ပီဇာ တွေ စားရတော့မယ်... ကိုကာ ကိုလာ တို့၊ ပက်(ပ်)စီ တို့ တစ်ဝကြီး သောက်ရတော့မယ်... အရုပ်တွေ အများကြီးနဲ့ ဆော့ရတော့မယ်... ကာတွန်းတွေ နေ့တိုင်း ကြည့်ရတော့မယ် ဆိုပြီး ၀မ်းသာ ရွှင်မြူး နေကြ ပါတယ်။ ကျွန်မ တို့ မြန်မာပြည်မှာ ဒါတွေ မစားရဘူး။ ရှိလည်း မရှိဘူးလေ... (ရှိရင်လည်း ရှိမှာပေါ့.. အမေ မဝယ်ကျွေး ခဲ့တာတော့ သေချာတယ်) ငယ်ငယ်တုန်းက ဓာတ်ပုံတွေထဲမှာ စားနေ၊ သောက်နေခဲ့ တာတွေပဲ ကြည့်ပြီး သားရေ ကျနေရတာ... (ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ရေး ရတာ `ငတ်ကြီး ကြလိုက်တာ´ လို့ ထင်တော့မှာပဲ... ဟီးဟီး .. )

ကျွန်မတို့ ဧပြီလ ထဲမှာ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပါတယ်။ လေဆိပ်ဆင်းတော့ ကျွန်မ စိတ်လှုပ်ရှား နေခဲ့ ပါတယ်။ အဲ့ဒီတုန်းက အမေက ကျွန်မတို့ ပိုလှအောင် ဆိုပြီး ဆိုင်မှာ ဆံပင် သွားကောက် ပေးထားတယ်။ ကျွန်မ ကတော့ မကြိုက်လို့ ဆိုပြီး အိမ်ပြန် ရောက်တော့ ခေါင်းလျှော် ပစ်လိုက်တယ်။ ဒါကြောင့်လား မသိဘူး... ကျွန်မ ဆံပင်က သိပ်မကောက် နေခဲ့ဘူး။ အဖေ ဘက်က အမျိုးတွေ၊ အမေ ဘက်က အမျိုးတွေ လိုက်ပို့ ပါတယ်။ ကျွန်မတို့တွေ ပျော်နေခဲ့ပေမယ့် အိမ်မှာ တစ်ခန်းတည်း အိပ်ပြီး ကျွန်မတို့ကို ထိန်းလာခဲ့တဲ့ အစ်မ ၀မ်းကွဲက ငိုတော့ ကျွန်မ မျက်ရည် ကျမိပါတယ်။ ဒါပေမယ့် ပျော်တာက ပိုများနေခဲ့ ပါတယ်။ လေယာဉ်ပျံ စီးရတော့မယ် ဆိုပြီး ပျော်နေခဲ့ ပါတယ်။

ကျွန်မတို့ ဘန်ကောက်ကို ရောက်တော့ အသိ တစ်ယောက်က လာကြိုတယ်။ ကျွန်မတို့ကို လေဆိပ်က ဘာဂါကင်းမှာ ကျွေးတယ်။ ကျွန်မတို့ မောင်နှမ တွေ ကံကောင်းပုံက အမေရိကန်မြေတောင် မနင်းရသေးဘူး.. ဘာဂါ စားနေရပြီ။ (နန်းစုရတီ၊ ဖြူဖြူ ကျော်သိန်း တို့လို ကြွားချင်း :P) ကျွန်မတို့ ဘန်ကောက်က နောက် အသိ တစ်ယောက် အိ်မ်မှာ တစ်ည အိပ် ပါတယ်။ သိပ်တော့ မမှတ်မိတော့ဘူး။ သူတို့ အိမ်မှာ ဘလက်ကီ ဆိုတဲ့ ခွေးဖြူကျားလေး မွေးထားတယ် ဆိုတာရယ်... လေဆိပ်နဲ့ နီးတယ် ဆိုတာရယ်... အဲ့ဒီနားက ရေခဲမုန့် ဆိုင်မှာ ရေခဲမုန့် စားခဲ့ရတယ် ဆိုတာပဲ မှတ်မိတော့တယ်။ ပြီးတော့ မြဘုရား ဖူးပါတယ်။ အဖေနဲ့ အမေက ဟိုး ပထမ တစ်ခေါက် ကတည်းက အယုဒ္ဒယ အထိတောင် လည်ခဲ့ပြီး ပြီ ဆိုတော့ ဘန်ကောက်မှာ သိပ်မလည်ခဲ့ပါဘူး။

ဘန်ကောက် ကနေ ပြင်သစ် နိုင်ငံ၊ ပဲရစ်(စ်) မြို့ကို အဲယားဖရန့်(စ်) (Air France) နဲ့ သွားခဲ့ပါတယ်။ အဲ့ဒီကနေမှ အမေရိကန်ပြည်ထောင်စု ကို ဆက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ အသွား လမ်းမှာ transit လုပ်တာတွေ များတယ်။ သံတမန် အနေနဲ့ သွားရတာ ဆိုတော့ အခွင့်ရတုန်းလေး လည်ချင်တာလည်း ပါမှာပေါ့။ (ဒါပေမယ့် အမေရိကန်သွား သံတမန်တွေက ဒီလိုပဲ Air France လေကြောင်းလိုင်းကို စီးခဲ့ရတယ်။ အခုတော့ မသိတော့ဘူး။) လေယာဉ်ပေါ်မှာ ဘာအစာတွေ ကျွေးလဲ မမှတ်မိတော့ပါဘူး။ (မမှတ်မိဆို ဘာတွေ ကျွေးမှန်း သိမှ မသိတာ) မကြိုက်တာပဲ မှတ်မိတော့တယ်။

ကျွန်မတို့ ပဲရစ်(စ်) မြို့ကို ရောက်တော့ ဟိုတယ် တစ်ခုမှာ တည်းပါတယ်။ ပြီးတော့ ပဲရစ်(စ်) မြို့မှာ လျှောက်လည်ပါတယ်။ အိုက်ဖယ်(လ်) (Eiffel) တာဝါ ရောက်တာပဲ မှတ်မိတော့တယ်... ပြီးတော့ အဝိုင်းကြီးနဲ့ မုဌ်ဦး ကြီး တစ်ခု။ (ဓာတ်ပုံတွေထဲမှာ ပြန်တွေ့ရတာ) သေချာတာ ကတော့ လောဗေး (Louvre) ပြတိုက် မရောက်ခဲ့ဘူး။ ပဲရစ်(စ်) မှာ နွေဦးပေါက် ရာသီ ဆိုပေမယ့် ကျွန်မတို့ အတွက် ရေခဲတမျှ အေးလှ ပါတယ်။ ဒါကြောင့် အနွေးထည်တွေ အောက်မှာပဲ ကိုယ်က ပျောက်နေတယ်။

ပဲရစ်(စ်) ကနေ အမေရိကန် ပြည်ထောင်စု ကို ခရီးဆက်ပါတယ်။ ၀ါရှင်တန် ဒီစီ မြို့နဲ့ မိုင် ၃၀ လောက် ဝေးပြီး မေရီလန်း ပြည်နယ် ထဲမှာ ရှိတဲ့ BWI (Baltimore - Washington, DC. International Airport) လေဆိပ်ကို ပျံသန်းပြီး အဲ့ဒီကနေမှ ၀ါရှင်တန် ဒီစီ ကို ကားနဲ့ ဆက်သွားရမှာ ဖြစ်ပါတယ်။

ဆက်ရန် ...

Sep 17, 2007

စျေးဆစ်ခြင်း အနုပညာ

1 comments

မနေ့က အမေနဲ့ ယုဇန ပလာဇာ မှာ စျေးသွားဝယ် ကြတယ်။ ကျွန်မအတွက် စတိုင် ဘောင်းဘီ သွားဝယ်တာပါ။ ဘောင်းဘီ တစ်ထည်၊ အကျႌ တစ်ထည် ၀ယ်ဖြစ်ပါတယ်။ အမေက စျေးအရမ်း ဆစ်တတ်လွန်းတော့ နည်းနည်းတော့ မျက်နှာပူမိတယ်။ စတိုင် ဘောင်းဘီ ကို ဆိုင်မှာ ၀တ်ကြည့်တော့ ကျွန်မက ကြိုက်နေပြီ... ဒါပေမယ့် အမေက အသားက သိပ်မကောင်းဘူး၊ အရှေ့ ထောင့်လည်း မပါဘူး၊ ပြောနေတော့ မဝယ်ဖူး မှတ်လို့ လာ အမေ သွားမယ် ဆိုတော့ မဟုတ်ဘူး... အမေက ၀ယ် လိုက်တယ်။ နောက်မှ ပြောတယ်... `ဒီမှာ စျေးဆစ်ချင်လို့ ပြောနေတာကို တကယ် ထင်နေတယ်... ပေါတောတော နဲ့´ တဲ့။ ဒီ စျေးဆစ်ခြင်း ပညာကတော့ တော်တော် ခက်ပါလားနော်။

အမေဆိုရင် စျေး အရမ်း ဆစ်တတ်လွန်းလို့ ကြားက မျက်နှာပူမိတယ်။ ဒါပေမယ့် တစ်ချို့ ဆိုင်တွေကလည်း စျေးဆစ်မှ တန်ကာ ကြတယ်။ စျေးကို တစ်ဝက် လောက် မြှင့်ထားကြတယ်။ ကိုယ်က တစ်ဝက်လောက် ဆစ်ချပြီး နည်းနည်း အပေါ် ပြန်တင် ဆစ်ပေးမှ တန်ကာ ကြတယ်။

ကျွန်မ တွေ့မိတဲ့ စျေးဆစ်တဲ့ နည်းလမ်း တစ်ခုကတော့ ၀ယ်ချင်လျက်နဲ့ ကိုယ်ကြိုက်တဲ့ စျေးမရလို့ သွားတော့မယ့် ဟန်လုပ်တဲ့ အခါ စျေးရောင်းသူ တွေက ပြန်လိုက်ခေါ်ပြီး `ဒီစျေးနဲ့ပဲ ယူသွားပါတော့´ ဆိုပြီး စျေးလျှော့ ပေးအောင် လုပ်နည်း ပဲ ဖြစ်ပါတယ်။ ကျွန်မ အမေ လည်း ဒီနည်းပဲ သုံးတယ်။ သူငယ်ချင်း တစ်ယောက်လည်း ဒီနည်းပဲ။ ကျွန်မ ကတော့ အရမ်း မျက်နှာပူ မိတယ်။ ကိုယ်က မတန်တဆ ဆစ်နေရသလိုပဲ ခံစားရတယ်။ ရောင်းတဲ့သူတွေကလည်း လေသံက မပေးချင်၊ ပေးချင် အသံနဲ့ ဆိုတော့ ပိုပြီး အားနာ မိတယ်။

ကျွန်မ သူငယ်ချင်း တစ်ယောက်ကတော့ ကောင်းတယ်။ သူ ကြိုက်တဲ့ ပစ္စည်း တစ်ခု တွေ့တယ် ဆိုပါစို့။ သူက စျေး နည်းနည်း ဆစ်တယ်... သူတို့ လျှော့ပေးတဲ့ နှုန်းပဲ ယူတယ်။ သူက အရမ်းကြိုက်နေပြီကိုး။ အစကတည်းက ဒီစျေးနှုန်း ဆိုကတည်းက သူက ၀ယ်မယ်လို့ ဆုံးဖြတ်ပြီးသား... ၀ယ်မယ် ဆိုမှသာ ရလို ရငြား စျေးဆစ် တာ။ ကျွန်မလည်း ဒီလိုပဲ။ တစ်ခါ တစ်လေ ကိုယ်က ၀ယ်မယ် ဆိုတော့ ရောင်းသူကပဲ သူတို့ မတန်တဆ တင်ထားတာ အားနာလို့လား မသိ... နည်းနည်းတောင် ထည့်လျှော့ပေး လိုက်သေးတယ်။

ဒါပေမယ့် ကျွန်မက သိပ်ပြီး စျေးမဆစ် တတ်ပါဘူး။ ဒါကြောင့် ကျွန်မဘာသာ စျေးဝယ် သွားမယ် ဆိုရင် ယုဇန ပလာဇာ သိပ် မသွားဖြစ်ပါဘူး။ စျေးဆစ် စရာ မလိုတဲ့ စျေးနှုန်း ကပ်ထားတဲ့ နေရာတွေမှာ ပဲ ၀ယ်ဖြစ်ပါတယ်။ ကျွန်မက စျေးဆစ်ရမှာ အရမ်း အားနာ တတ်တယ်။ တက်ဆီ စီးရင်တောင် စျေးဆစ်ရမှာ အားနာတယ်။ ကိုယ်က တစ်ခါ တစ်လေ စျေးဆစ်ပြီးမှ ငါ ဆစ်လိုက် တာများ အဆ မတန် ဖြစ်သွား ပြီလား ဆိုပြီး ခဏ ခဏ guilty ဖြစ်မိတယ်။ ဒါကြောင့် တစ်ခါ တစ်လေ အပို ၁၀၀၊ ၂၀၀ လောက် tip ဆိုပြီး ပေးဖြစ်နေမိတယ်။

နောက် တစ်ခုက စျေးတစ်ခါ သွားဝယ်ရင် ပစ္စည်း တစ်ခု ကို ကြည့်တယ် ဆိုပါစို့။ ကိုယ်က စျေးနှုန်းလေးပဲ ကြည့်ချင်မိတာပါ။ အဲ့ဒါကို လာပြီး marketing က ဒီ ပစ္စည်းက ဘယ်လို ဘယ်လို ကောင်းတာ ဆိုပြီး ရေပက် မဝင်အောင် ရှင်းပြလေရော... အဲ့ဒီ အခါကျရင် အရမ်း မျက်နှာပူ၊ အားနာ မိပါတယ်။ ကိုယ်က ၀ယ်မှာ မဟုတ်ပဲ ဆတ်ဆော့ပြီး သွား ကြည့်မိတာကိုး။ ဒါပေမယ့် အားနာပြီး ၀ယ်ဖို့ကလည်း ကိုယ့်မှာ ပိုက်ဆံ မပါ၊ ဒါမှ မဟုတ် မဝယ်ချင်တဲ့ ပစ္စည်း ဖြစ်နေတယ်။ ဒါကြောင့် ဒီလို ကောင်တာတွေ ဆိုရင် ပစ္စည်းလေးတွေ ကြည့်ချင် ပေမယ့် ဝေးဝေးက ရှောင်ဖြစ် ပါတယ်။ အိုးရှင်း ရှော့ပင်း စင်တာ မှာတော့ ကောင်းတာက အလှကုန် ပစ္စည်းတွေ ကောင်တာမှာ marketing တွေ ရှိပေမယ့် စျေးနှုန်းက ကပ်ပြီးသား ဆိုတော့ မသိ မသာ လေး အနားကပ် သွားကြည့်လို့ ရတယ်.. စျေးနှုန်း သိမှလည်း ကိုယ် ၀ယ်နိုင်၊ မဝယ်နိုင် ချင့်ချိန်လို့ ရမှာပေါ့။ ပစ္စည်း ကောင်းမှန်း သိပြီးသားပဲ... စျေးကပဲ အဓိက စကားပြောတာလေ။

ဒါပေမယ့် တစ်ခါ တစ်လေ ကိုယ်က တခြား ပစ္စည်း တစ်ခု သွားဝယ်တယ်။ ပြီးတော့မှ အဲ့ဒီနားက အမျိုးအစားတူ အခြား ပစ္စည်းက marketing နဲ့ တွေ့ပြီး သူတို့ ပစ္စည်းပဲ ၀ယ်ဖြစ်ပေါင်းလည်း မနည်းလြှပီ။ အားနာရခြင်းရဲ့ ဒုက္ခပေါ့နော်။

-+-+-

ကျွန်မ ဒီနေ့ နေသိပ် မကောင်းချင်ပါ။ နှာစေးနေ ပါတယ်။ မနေ့က ည ၁၂နာရီ ကျော်မှ အိပ်ဖြစ်ပြီး မနက် ၆း၃၀ ထရတော့ သိပ်မလန်းချင်ဘူး။ (ဟုတ်တယ်.. ကျွန်မက ဒီလိုပဲ.. သူများတွေလို နည်းနည်းလောက် အိပ်တာနဲ့ အိပ်ရေး မဝဘူး။)

Sep 13, 2007

Peekaboo Script for BlogSpot

0 comments

ကျွန်မ ရဲ့ ဘလော့ဂ်မှာ Peek-a-boo script သုံးထား တာကို သတိထား မိကြမှာ ဖြစ်ပါတယ်။ ကျွန်မ ရေးထားတဲ့ script တော့ မဟုတ်ပါဘူး။ Hackosphere ဆိုတဲ့ site ကနေ ယူထားတာပါ။ သူ ရေးထားတာ လေးတွေကို ဖတ်ရင်းနဲ့ ဒါလေးကို မြန်မာ လို ဘာသာပြန် နိုင်မယ် ဆိုရင် သူ့ကို ဘာသာ ပြန်ထားကြောင်း အသိပေးပြီး ကျွန်မရဲ့ site ဆီ ပြန် refer လုပ်နိုင် အောင် လုပ်ရင် ကောင်းမယ် ဆိုပြီး စဉ်းစားမိ ပါတယ်။

တစ်ခုတော့ ရှိတယ်။ ကျွန်မက ကျန်တဲ့ ဘလော့ဂါတွေက ငတုံး ငအတွေ၊ ဒါလေးတောင် ဖတ်နိုင်မှာ မဟုတ်ဘူး ဆိုပြီး တင်တာ မဟုတ်ပါဘူး။ (အရင် စကားခံတာပါ။) မြန်မာ ဘလော့ဂါ community ပိုပြီး တိုးတက်အောင်၊ အလွယ်တကူ လက်လှမ်းမီ နိုင်အောင် တစ်ဖက် တစ်လမ်းမှ ကူညီတဲ့ သဘောပါ။

-+-+-+-

ဘာမှ ပြင်ဆင်ထားခြင်း မရှိတဲ့ ဘလော့ဂ် တစ်ခုမှာ ဆိုရင် ပို့စ် တစ်ခု ကို ကိုယ်ရေးထားသမျှ အကုန်လုံး မြင်နေရပါတယ်။ တကယ်လို့ ကိုယ်ရေးထားတာက စာပိုဒ် (၂) ပိုဒ် ထက် ကျော်နေပြီ ဆိုရင် ကိုယ့်ရဲ့ ဘလော့ဂ်ကို ဖတ်နေတဲ့ သူဟာ သူ စိတ်ဝင်စားတဲ့ ပို့စ် ကို ရောက်ဖို့ scroll လုပ်နေရပါတယ်။ စိတ်မရှည်တဲ့ အခါမှာတော့ ကျန်တာတွေကို ဆက် မဖတ်တော့ပဲ ထွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရင် Blogger မှာ Expandable Post ဆိုတဲ့ feature က အသုံးဝင်လာ ပါတယ်။ (ဒါကတော့ Read More ဆိုတဲ့ link ကို နှိပ်လိုက်မှ ပို့စ် အကျယ်ချုပ် နောက် စာမျက်နှာ တစ်ခုကို ရောက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ပို့စ် ဆိုမှ Read More နှိပ်ပြီး ဖတ်လို့ ရတော့ ပိုပြီး user friendly ဖြစ်သွားပါတယ်။) အခု တီထွင်လိုက်တဲ့ hack ကတော့ မူရင်း စာမျက်နှာ (main page) မှာတင် Read More နှိပ်လိုက်ရင် သူ့အလိုလို ပေါ်လာအောင် လုပ်ထားတာ ဖြစ်ပါတယ်။ နောက်တစ်ခါ ပြန်နှိပ်လိုက်ရင် ပြန်ပျောက်သွားပါတယ်။ ဒါကြောင့် တူတူပုန်း script (peek-a-boo script) လို့ ခေါ်တာ ဖြစ်ပါတယ်။

ဒါတွေအားလုံးကို ကိုယ့် ဘလော့ဂ် ရဲ့ template မှာ သွားပြင်ရမှာ ဖြစ်ပါတယ်။ ကိုယ်က html သိပ်မကျွမ်းဘူး ဆိုရင် ကျွမ်းတဲ့ သူငယ်ချင်း တစ်ယောက်ယောက် ကို အကူအညီ တောင်းလိုက်ပါ။ ဒါပေမယ့် အားလုံး လုပ်နိုင်မယ်လို့ ထင်ပါတယ်။

၁။ အရင်ဆုံး Template (သို့) Layout ကို ၀င်ပါ။ အရင်ဆုံး ကိုယ့်ရဲ့ original template ကို Download Full Template ကို နှိပ်ပြီး save လုပ်ပါ။ အရေးကြီးပါတယ်။ ကိုယ် မှားသွားရင် ပြန်ပြီး ခုနက original template ကို ပြန်ပြီး upload လုပ်နိုင်ပါတယ်။

၂။ Template (သို့) Layout ထဲက Edit Html tab ကို နှိပ်ပါ။ Layout >> Edit Html

၃။ Template ထဲမှာ
</head> ဆိုတာကို ရှာပါ။ (Control +F > ) ပြီးရင် ဒီ စာမျက်နှာက code တွေ အားလုံး ကူးယူပြီး ရဲ့ အရှေ့မှာ ထည့်လိုက်ပါ။

၄။ ပြီးရင် id=post ဆိုတာ ကို ရှာပါ။ တကယ်လို့ မတွေ့ရင် Expand Widget Template ဆိုတဲ့ checkbox ကို check လုပ်ပြီး ပြန်ရှာပါ။ ပြီးရင် ဒီ စာမျက်နှာမှာ အနီရောင်နဲ့ ပြထားတဲ့ အတိုင်း ကူးထည့်လိုက်ပါ။ ပြီးရင် Template ကို Save လုပ်လိုက်ပါ။

၅။ နောက် လုပ်ရာမှာကတော့ Settings > Formatting ကို သွားပါ။ အဲ့ဒီ စာမျက်နှာ အောက်ဆုံးမှာ Post Template ဆိုတဲ့ text box ကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီထဲကို အောက်မှာ ရေးထားတဲ့ အတိုင်း ကော်ပီကူးပြီး ထည့်လိုက်ပါ။ (ကိုယ်တိုင် မရိုက်ထည့်ပါနဲ့။ မဟုတ်ရင် မလိုလားအပ်တဲ့ space တွေ ၀င်ကုန်ပြီး ချွတ်ချော် သွားပါ လိမ့်မယ်။) ပြီးရင် Setting ကို save လုပ် လိုက်ပါ။

Type your summary here
<span id="fullpost">
Type rest of the post here
</span>

ကဲ.... လုပ်ငန်းစဉ် ပြီး ဆုံးသွားပါပြီ။ အခု အချိန်က စပြီး ကိုယ်က ဘလော့ဂ် ပို့စ် အသစ် တစ်ခု လုပ်မယ်ဆိုရင် အဲ့ဒီ ပို့စ်မှာ ဘယ်နေရာမှာ Summary (အကျဉ်းချုပ်) ရေးရမယ်... ဘယ်နေရာမှာ Full Post ရေး ရမယ် ဆိုတာ ပေါ်နေပါပြီ။ အရေးကြီးတာက </span> ဆိုတဲ့ tag ဟာ ပို့စ်ရဲ့ အောက်ဆုံးမှာ ရှိနေရပါမယ်။ ဒါကို ကြည့်ဖို့က Edit Html မှာ ကြည့်နိုင်ပါတယ်။ ကောင်းတာကတော့ Edit Html ထဲမှာ အရင် ၀င်ရေးပြီး နောက်မှ Compose mode ကို ပြန်ပြောင်းရေးတာ ကောင်းပါတယ်။ ပို့စ် တစ်ခု ရေးတယ် ဆိုပါစို့... အရင် Edit Html ထဲက "Type Your Summary Here" ဆိုတဲ့ နေရာမှာ တစ်လုံး၊ နှစ်လုံး ၀င်ရေးလိုက်တယ်။ ပြီးတော့ "Type Rest of the post here" မှာ နောက် နည်းနည်း ၀င်ရေးလိုက်တယ်။ ပြီးတော့မှ ကိုယ် က "Type Rest of Your Post Here" ဆိုတဲ့ နေရာမှာ တစ်ခါတည်း တမ်းရေး လိုက်တယ်။ ပြီးတော့မှ ကိုယ် ဖြတ်ချင်တဲ့ အပိုဒ် နေရာကို cut လုပ်ပြီး "Type Your Summary Here" နေရာမှာ paste လုပ်လိုက်ပါတယ်။

တစ်ခု ရှိတာက ဒီ လို ကိုယ်က script ထည့် လိုက်ရုံနဲ့ အရင်က ရေးထားတဲ့ ပို့စ်တွေမှာ သူအလို လို မပြင်သွားပါဘူး။ ကိုယ်က ပို့စ် တစ်ခုချင်းစီ လိုက်ပြင် ပေးရပါတယ်။ နည်းနည်းတော့ လက်ဝင်ပါတယ်။ တကယ်လို့ ကိုယ်က ပို့စ် တစ်ခု ချင်းစီ လိုက် မပြင်ထားရင် အရင်အတိုင်း ပဲ ပေါ်နေမှာ ဖြစ်ပါတယ်။

-+-+-+-

ကျွန်မ ရေးထားတာလေး အထောက်အကူ ဖြစ်လိမ့်မယ် လို့ ထင်ပါတယ်။ ကျွန်မ ရေးထားတဲ့ အတိုင်း ပြန်လည် ကူးယူပြီး ဖော်ပြလို့ ရပါတယ်။ Hackosphere က စတင် တီထွင်သူ ဖြစ်ကြောင်း ဖော်ပြပေးရင် တော်ပါပြီ။ အကယ်လို့ ကိုယ်က ဒီ script သုံးမယ်ဆိုရင် ကိုယ့်ရဲ့ side bar မှာ Hackosphere ကို link လုပ်ပေးရင်း ကျေးဇူးတင်ကြောင်း ဖော်ပြ ပေးစေလိုပါတယ်။

ဒီလောက်ပါပဲ။

Sep 11, 2007

၉-၁၁ ကို ပြန်လည် အောက်မေ့ခြင်း

0 comments

ဒီနှစ်နဲ့ ဆိုရင် ကမ္ဘာ့ကုန်သွယ်ရေး စင်တာ (၂) ခု တိုက်ခိုက်ခံရတာ (၆) နှစ် ရှိသွားပါပြီ။

Crash Sequence၂၀၀၁ခုနှစ် စက်တင်ဘာလ (၁၁) ရက်မှာ ကျွန်မ အိမ် မှာ ရှိပါတယ်။ တီဗွီတော့ မကြည့်နေခဲ့ဘူး။ နောက်မှ မောင်လေးက `လာကြည့် လာကြည့်´ လို့ ပြောတော့မှ တီဗွီက နိုင်ငံတကာ သတင်း အစီအစဉ်ကို ကြည့်မိ ပါတယ်။ ကမ္ဘာ့ ကုန်သွယ်ရေး စင်တာ ၂ခုမှာ တစ်ခုက လေယာဉ်ပျံ ထိုးဆိုက် ပြီးသွားလို့ အပေါက်ကြီး ဖြစ်ပြီး မီးခိုးငွေ့တွေ တလူလူ ထွက်နေ ပါတယ်။ ကြည့်နေစဉ် မှာပဲ နောက် လေယာဉ်ပျံ တစ်စင်းက နောက် ကုန်သွယ်ရေး စင်တာ တစ်ခုကို ၀င်တိုက်ပြန်ပါတယ်။ မြင်ရတာ မယုံနိုင်စရာပါ။ အက်ရှင်ကား တစ်ကား ကြည့်နေရ သလိုပါပဲ။ ကျွန်မက စစခြင်း ဒါရုပ်ရှင်ပြနေတာလား လို့တောင် မေးလိုက်သေးတယ်။

ဖြစ်ရပ်ကတော့ ၂၀၀၁ခုနှစ်၊ စက်တင်ဘာ (၁၁) ရက်နေ့ မှာ အယ်ကိုင်ဒါအဖွဲ့က ခရီးသည် တင် ဂျက်လေယာဉ် (၄)စင်းကို အပိုင် စီးခဲ့ပါတယ်။ အပိုင်စီးသူ တွေထဲမှာ လေယာဉ်ပျံ မောင်းတတ်တဲ့ သူတွေ လည်း ပါပါတယ်။ လေယာဉ် အပိုင်စီးသူ တွေဟာ တမင်သက်သက် လေယာဉ် နှစ်စီးကို ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အဦး (၁) နဲ့ (၂) ထဲ တစ် စီး စီ ထိုး ၀င် တိုက် လိုက်ပါတယ်။ အခုလို ၀င်တိုင်လိုက်တဲ့ အရှိန်ကြောင့် တိုက် နှစ်တိုက်လုံး ပြိုကျသွားပြီး ဘေးက တိုက်တွေပါ ထိခိုက် ပျက်စီးသွား ပါတယ်။ (ကမ္ဘာ့ ကုန်သွယ်ရေး အဆောက် အဦး (၇) ဟာ ဘေးက တိုက် (၂) တိုက် ပြိုကျတဲ့အခါ ထိခိုက်မှုကြောင့် ပြိုကျသွားပါတယ်။)

လေယာဉ် (၃)က ဗာဂျီးနီယား ပြည်နယ် (၀ါရှင်တန် မြို့နဲ့ သိပ်မဝေး ပါဘူး) ပန်တဂွန် စစ်ဌာနချုပ် ထဲ ထိုးစိုက်သွား ပါတယ်။ လေယာဉ် (၄) က ၀ါရှင်တန် မြို့ဘက်ကို ပျံသန်းနေရင်း လမ်းမှာတင် (ပန်ဆဲလ် ဗယ်နီးယား ပြည်နယ်ထဲမှာ) ပျက်ကျသွား ပါတယ်။ လေယာဉ်ပေါ် ပါလာသူတွေက သူတို့ လေယာဉ်ပျံ အပိုင်စီး ခံရမှန်း သိတော့ သူတို့ တတ်နိုင် သလောက် ကာကွယ်ရင်း လေယာဉ်ပျံ ပျက်ကျ သွားခဲ့တယ်လို့ သိရ ပါတယ်။

ဒီဖြစ်ရပ်ကြောင့် လေယာဉ်အပိုင် စီးသူ (၁၉) ယောက် အပြင် လူ ၂၉၇၄ ယောက် သေဆုံးခဲ့ပြီး ၂၄ ယောက် ပျောက်ဆုံးနေ ပါတယ်။ (သေပြီ လို့ တွက် ထားပါတယ်။)

Firefighter at Ground Zeroဖြစ်ဖြစ်ချင်း အမေရိကန် နိုင်ငံမှာ ငရဲပျက်သွားပါတယ်။ လူတွေအားလုံး ၀မ်းနည်း ကြေကွဲကြတယ်။ ဒေါသထွက် ကြတယ်။ ဘယ်သူ့ လက်ချက်လဲ ဆိုပြီး အဖြေ ရှာကြတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့ လုပ်တာပါ ဆိုပြီး အိုစမာ ဘင်လာဒင် ဦးဆောင်တဲ့ အယ်ကိုင်ဒါ အဖွဲ့က ထွက်လာတယ်။ အမေရိကန်က သူတို့ရဲ့ မြေမှာ သွေးစွန်းအောင် လုပ်တဲ့ အယ်လ်ကိုင်ဒါတွေ ကို လုံးဝ မခဲမကျေနိုင်ဘူး။ ဒါကြောင့် အာဖဂန်နစ္စတန်မှာ သူတို့တွေ ကို တာလီဘန် အစိုးရက အားပေးအားမြှောက် ပြုလုပ်နေတယ် ဆိုတဲ့ သတင်း အရ အာဖဂန် နိုင်ငံကို ကျူးကျော် ၀င်ရောက်ပြီး တာလီဘန် အစိုးရကို ဖြုတ်ချခဲ့ ပါတယ်။ ဒါပေမယ့် အိုစမာ ကတော့ ယနေ့ထိတိုင် တိမ်းရှောင် နေဆဲ ဖြစ်ပါတယ်။ အခုတော့ ၆နှစ် ပြည့်သွားပေမယ့် ယနေ့ထိတိုင် အိုစမာကို မဖမ်းနိုင်သေး ပါဘူး။

-+-+-+

ကမ္ဘာမှာ လူသား သန်းပေါင်း ၆၀၀၀ ကျော် ရှိပါတယ်။ ဒီ လူတွေထဲမှာ ဒီမိုကရက်တစ် နိုင်ငံမှာ နေသူတွေ ရှိတယ်။ အာဏာရှင် နိုင်ငံတွေ မှာ နေသူတွေ ရှိတယ်။ အနောက်တိုင်း ဆန်တဲ့ နိုင်ငံတွေ၊ အရှေ့တိုင်း ဆန် တဲ့ နိုင်ငံ တွေ ရှိတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့ သူတွေ ရှိသလို၊ အလ္လာအရှင်မြတ် ကို ယုံကြည်ကျတဲ့ သူတွေ ရှိတယ်။ ကံ ကံ ၏ အကျိုးတရားကို ယုံကြည်သူတွေ ရှိသလို ဘာ ဘာသာမှ မကိုးကွယ်တဲ့ သူတွေ လည်း ရှိပါတယ်။ အသား ဖြူတဲ့ သူတွေ ရှိသလို၊ အသား မည်းတဲ့ သူတွေလည်း ရှိတာပဲ။ ဒါပေမယ့် ကျွန်မတို့အားလုံး ဒီ ကမ္ဘာကြီးပေါ်မှာ မှီတင်း နေထိုင်နေတဲ့ လူသားတွေ ပါပဲ။ ဘာကြောင့် ဒီလို ဘာမဟုတ်တဲ့ အကြောင်းရာလေးတွေ ပေါ် မူတည်ပြီး လူမျိုးခွဲ ၀ါဒ၊ ဘာသာခွဲ ၀ါဒ တွေ၊ discrimination တွေ ပေါ်ပေါက်နေရပါသလဲ။ ကျွန်မ လုံးဝ နားမလည် နိုင်ပါ။ လူတွေအားလုံးဟာ အတူတူပါပဲ။ တစ်နေ့မှာ အမေ့ဗိုက်ထဲက ထွက်လာပြီး တစ်နေ့မှာ လေထဲ မီးခိုးအဖြစ် ပျောက်ပျယ်သွားမယ့် သူတွေချည်းပါပဲ။ (တစ်ချို့တွေကတော့ မြေကြီးထဲကို သွားရမှာပေါ့။) လူသားတွေ အားလုံးဟာ equal ပါ။

ကမ္ဘာမှာ ဘာသာ တရားကြောင့်၊ လူမျိုးခွဲ ၀ါဒကြောင့် စစ်ပွဲတွေ ဖြစ်၊ လူတွေ သေကျေ ဒဏ်ရာ ရကြရတယ်။ စိတ် မသက်သာစရာပါ။ ၉-၁၁ ကိစ္စမှာလည်း အဓိက က ဘာသာရေး၊ လူမျိုးရေး ကြောင့် ကြားက အပြစ်မဲ့ ပြည်သူတွေ အသက်စွန့် သွားကြရပါတယ်။ ဒါကို အမေရိကန် က ရန်ကို ရန် နဲ့ တုံ့နှင်းပြီး အာဖဂန်ကို ၀င်တိုက်တော့ အာဖဂန်မှာလည်း အပြစ်မဲ့သူတွေ သေကြေ ကြပြန်ပါတယ်။ အမေရိကန်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုတဲ့ စကားလုံးတွေ တွင်တွင် သုံးပြီး ဒီ လူမျိုးမုန်းတီးမှု မီးလျံကို လောင်စာ ထည့်ပါတယ်။ အခုလည်း အီရတ်မှာ ဘာဖြစ်နေသလဲ ဆိုတာ အားလုံးတွေ့နိုင်ပါတယ်။ ကိုယ့် မူဆလင် ဘာသာဝင် အချင်းချင်းတောင်မှ ဂိုဏ်းဂဏ ကွဲနေပြီး တော်ကြာ ဘယ်ဘလီ ဗုံးခွဲ ခံရပြန်ပြီ... တော်ကြာ ဘယ်စျေးမှာ ဗုံးပေါက်ပြန်ပြီ... ကြားရ၊ မြင်ရတာ စိတ်မသက်သာ စရာတွေပါပဲ။

နိုင်ငံ အတော်များများမှ ဘာသာရေးကြောင့် အမုန်းမီးလျှံတွေ တောက်လောင်နေရ ပါတယ်။ ထိုင်း တောင်ပိုင်းမှာလည်း ဘာသာရေးကြောင့် မတည်မငြိမ် ဖြစ်ပြီး အိမ်နီးနားချင်း ဒီမိုကရက်တစ် နိုင်ငံဟာ စစ်အုပ်ချုပ်မှုအောက် ပြန်ရောက်သွားပါတယ်။ (အခုတော့ အာဏာပြန်လွှဲပေးဖို့ ပြင်ဆင်နေပါပြီ။) ဒါတွေအားလုံး ဖြစ်ရတာ ဘာတွေကြောင့်လဲ။ ဘာမဟုတ်တဲ့ အကြောင်းအရာပေါ် မူတည်ပြီး အမုန်းပွား နေကြတဲ့ အတွက် ဖြစ်ပါတယ်။

အခုတော့ အရင်တုန်းက New York t-shirt တွေမှာ ထီးထီးကြီး မြင်နေရတဲ့ အမွှာ ညီနောင် အဆောက် အဦးကြီး မရှိတော့ပါဘူး။ ဒါပေမယ့် တစ်ချိန်က အခု Ground Zero နေရာမှာ အရင်က တိုက် နှစ်တိုက် ရှိခဲ့ဖူးတယ် ဆိုတာတော့ ကျွန်မတို့ အမှတ်ရ နေကြမှာပါ။
WTC Memorial on 2004

Sep 4, 2007

အလင်းနှစ်များ

0 comments

အချစ်ဆိုတာ ဘုရားကပေးတဲ့ ဆုလာဘ်လား
Is love a gift from the heavens?
ငါ့ရဲ့ ဘဝနဲ့ မထိုက်တန်ပါ
It's not for me.
ငါ့ရင်ထဲ စောင့်စားခဲ့ရတဲ့ တေးသံလေး
I have waited for this music (love) in my heart
အခုထိလည်း ကြားခွင့် မရနိုင်ပါ
But I still haven't heard it yet

အလင်းနှစ်သန်းပေါင်းများစွာရယ်... ဝေးလွန်းတယ်
Millions of Light Years.. Too Far Away
ဘယ်တော့များ အချစ်စစ် တွေ့ရမလဲ
When can I find true love?
အလင်းနှစ်များစွာ ဝေးလွန်းခဲ့
Many light years away
ဘယ်တော့များတွေ့ရမယ်
When can I find it?

ဘယ်တော့များ တွေ့ရမလဲ....
When can I find it?

မှားသွားပြန်တယ်... အချစ်လို့ ပြောတဲ့ အချစ်တုတွေက
I am wrong again. This fake love who said it was "love"
ဒဏ်ရာတွေသာ ချန်သွားခဲ့
Have only left me with wounds
အဆိပ်တွေသာ အချစ်လို့ ယုံမှားစွာ ငါသောက်ခဲ့
I wrongly believed that it was love that I've drunk, but they are just poison
လူ့ဘဝကြီးက လှည့်စားလွန်း
Life is so deceptive

အလင်းနှစ်သန်းပေါင်းများစွာရယ် ... ဝေးလွန်းတယ်
Millions of light years. Too far away
ဘယ်တော့များ အချစ်စစ် တွေ့ရမလဲ
When Can I find True Love?
အလင်းနှစ်များစွာ ဝေးလွန်းတယ်.. ဘယ်မှာလဲ အချစ်စစ်
Many light years away. Where is true love?

ကြယ်စင်တွေလို ဝေးလွန်းခဲ့.. ငါ လှမ်းမျှော်ဆဲ
They were so far like stars. I am still looking
ဘယ်တော့များ တွေ့ခွင့်ရပါ့မလဲ
When can I meet it?
အလင်းနှစ်များစွာ ဝေးလွန်းခဲ့...
Many light years away
ဘယ်တော့များ တွေ့ရမလဲ.. အိုးနိုး
When will I meet it? Oh.. no...

အငဲ ရဲ့ အလင်းနှစ်များ ဆိုတဲ့ သီချင်းလေးပါ။ LMN ဆိုတဲ့ အခွေထဲကပါ။


Aug 29, 2007

ရှမ်းပြည်သို့အလည်တစ်ခေါက် အပိုင်း ၂

1 comments

နောက်ထပ် ဒီပို့စ်ကိုတော့ အကျဉ်းချုပ်ပဲ ရေးပါတော့မယ်။
ဧပြီလ ၁၄ရက်
ကျွန်မတို့ ကတ်ကူကနေ တောင်ကြီးကို ပြန်လာပါတယ်။ မိုတယ်ကနေ ချက်အောက် လုပ်ပြီးတော့ စူဠမဏိ ဘုရား သွားဖူးပါတယ်။ ပြီးတော့မှ တောင်ကြီးမြို့က ထွက်ခွာခဲ့ ပါတယ်။ ကျွန်မတို့ နောက်သွားမယ့် နေရာ ကတော့ အင်းလေး ကန်ဘေးမှာ ရှိတဲ့ ညောင်ရွှေ မြို့လေးပဲ ဖြစ်ပါတယ်။

ဒါကတော့ ညောင်ရြွှေမို့က အင်းလေး မရောက်ခင်မှာ တွေ့ရတဲ့ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။ ဒီ ဘုန်းကြီး ကျောင်းလည်း နာမည်ကြီး တိုးရစ် ဆိုတ် ပဲ။ ရှေးခေတ် ပုံစံ ဘုန်းကြီး ကျောင်း မို့လို့ ထင်ပါတယ်။ ကျွန်မက အရင်က ခရီးသွား လုပ်ငန်း နဲ့ ပတ်သက်တဲ့ ကုမ္ပဏီမှာ လုပ်ခဲ့ဖူးတော့ ဒီ ဘုန်းကြီး ကျောင်းပုံ ခဏ ခဏ မြင်ဖူး ပါတယ်။ အဲ့ဒီ ဘုန်းကြီးကျောင်းရဲ့ ပြတင်းပေါက်မှာ စာဖတ် နေတဲ့ ကိုရင် ပုံတို့ ဘာတို့ မြင်ဖူး ပါတယ်။ ကျွန်မလည်း အဲ့ဒီလို ပုံလေး ရိုက်ချင်တာ.. ဒါပေမယ့် အဖေက ကင်မရာ ယူသွားပြီး သူပဲ ရိုက်နေတယ်။ (အခု ပုံတွေက သူ ရိုက်ထားတဲ့ ပုံတွေပါ။) ဘုန်းကြီးကျောင်း နာမည်က ရွှေရန်ပြေ လား မသိဘူး... မေ့နေပါပြီ။

နောက်ဆုံးမှာတော့ ကျွန်မ အရောက်ချင်ဆုံး အင်းလေးကို ရောက်လာခဲ့ရ ပါပြီ။ အင်းလေးကန်ဟာ အရှေ့နဲ့ အနောက်မှာ တောင်တန်းကြီးတွေ ကာရံထားပါတယ်။ မြန်မာပြည်မှာ ဒုတိယ အကြီးဆုံး ကန် ဖြစ်ပြီး ဒီ အနီးအနား တစ်ဝိုက် ဒေသတွေမှာ ရွာတဲ့ မိုးဟာ ဒီကန်က ရေငွေ့တွေ ကြောင့် လို့ ပြောပါတယ်။ ပင်လယ် ရေ မျက်နှာပြင်ထက် ၉၀၀ မီတာ မြင့်ပါတယ်။ အင်းသားတွေဟာ ဒီကန်ထဲမှာပဲ ကျွန်းမျှော တွေပေါ်မှာ ခြေတံရှည် အိမ်တွေ ဆောက်ပြီး နေကြတာပါ။ ရွာ (၁၇) ရွာ ရှိပြီး လူဦးရေ တစ်သိန်းခွဲ ခန့် ရှိပါတယ်။ အင်းသားတွေဟာ အမှန်တော့ ဗမာ လူမျိုးတွေ ဖြစ်ပါတယ်။ တဆင့်စကား တဆင့် ကြားရတာကတော့ သူတို့ဟာ ပုဂံခေတ် တုန်းက ပုဂံပြည်ကနေ နယ်နှင် ဒဏ် ပေးခံရတဲ့ လူတွေ ဖြစ်တယ် လို့ ဆိုပါတယ်။ ပုဂံ ဘုရင်က မြန်မာ့ မြေပေါ်မှာ မနေရဘူးလို့ အမိန့် ချလိုက်လို့ ကန်ထဲမှာ နေကြတယ် လို့ ဆိုပါတယ်။ နောက် ဇာတ်လမ်း တစ်ပုဒ်ကတော့ တိုင်းခန်း လှည့်လည်တဲ့ ပုဂံဘုရင်နဲ့ အတူပါလာတဲ့ ပုဂံသား အချို့ဟာ ပုဂံ ကို ပြန် မလိုက်သွားပဲ ဒီမှာပဲ အခြေ ချ နေခဲ့ကြတယ်လို့ ဆိုပါတယ်။ အင်းလေးသားတွေရဲ့ တမူထူးတဲ့ အချက် တစ်ချက်ကတော့ ခြေထောက် တစ်ချောင်းထဲ နဲ့ လှေ လှော်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မ သွားတုန်းကတော့ ခြေထောက်နဲ့ လှေ လှော်နေသူတွေ သိပ်မတွေ့ခဲ့ပါဘူး။ စက်လှေ တွေ ပဲ တွေ့ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း အင်းလေးမှာ စက်လှေပဲ စီးခဲ့ရပါတယ်။ ကျွန်မတို့ မိသားစုဟာ အင်းလေးမှာ နာမည်ကြီးတဲ့ နေရာတွေ လျှောက်လည်ဖို့ စက်လှေ စင်းလုံး ငှားခဲ့ပါတယ်။ ကျွန်မ တို့ မသွားခဲ့တာ အင်းတိန် ပဲ ရှိပါတယ်။ အင်းတိန်က ကုန်းတွင်းပိုင်း နည်းနည်း ရောက်တော့ စက်လှေ စီးပြီး ကားပြန်စီးရတယ် လို့ ပြောပါတယ်။ ကားပြန်စီးရတာ အဆင်မပြေလို့ မသွားဖြစ်ခဲ့ပါဘူး။

အင်းလေးမှာ ကြိုက်သလောက် ဓာတ်ပုံ မရိုက်ခဲ့တာ နောင်တ ရမိ ပါတယ်။ သင်္ကြန်တွင်းမှာ အင်းလေး သားတွေက လှေတွေ ဘေးနားက ဖြတ်သွားရင် ရေပက် ကြလို့ ကင်မရာကို အိ်တ်ထဲမှာ ထည့်ထားတဲ့ အချိန် များသွားတယ်။


(ညာ) အင်းလေးမှာ ငါးထမင်းသုပ် ကောင်းတယ် ဆိုလို့ မှာစားကြည့်တာ။ မကောင်းပါဘူး။

(ဘယ်) ဖောင်တော်ဦးဘုရား (ညာ) လှေပေါ်မှာ တိုးရစ်များ

(ဘယ်) အင်းလေးထွက် ပစ္စည်းများ (ညာ) အင်းလေးသား ခြေထောက်နဲ့ လှေလှော်နေပုံ

(ဘယ် + ညာ) အင်းလေးမှ အိမ်များ

အင်းလေးမှ စိုက်ခင်းများ

(ဘယ်) ငါးဖယ်ကျောင်း (ကြောင်ခုန်ကျောင်း လို့လဲ ခေါ်ကြတယ်) (ညာ) ဒီ ဒိုက်တွေ အားလုံး တစ်နေရာမှာ သွားစုပြီး ကျွန်းမျှော တွေ ဖြစ်လာပါတယ်။

(ဘယ်) ဒါကတော့ ကျွန်မ (ညာ) အင်းလေးမှ တံငါသည်

အင်းလေးကန် သွားပြီးတော့ အောင်ပန်းမှာ ညပြန်အိပ်ပါတယ်။ ကျွန်မ က အင်းလေးက ရေပေါ် ဟိုတယ်တွေမှာ အိပ်ချင်တာ... ဒါပေမယ့် စျေးကြီးလို့ အောင်ပန်းမှာ ပြန်အိပ်ပါတယ်။
ဧပြီလ ၁၅ ရက်
နောက်တစ်နေ့မှာတော့ ကျွန်မတို့ ပင်းဒယကို ခရီး ဆက်ခဲ့ပါတယ်။

ပင်းဒယဟာ ရှမ်းတိုင်းရင်းသားတွေ အခေါ် မြေပြန့်မှာ ရှိပါတယ်။ ပင်းဒယ ဆိုတာ အမှန်တော့ ရှမ်းနာမည်ပါ... မြေပြန့်လို့ အဓိပ္ပာယ် ရပါတယ်။ ရှမ်းပြည်နယ်ထဲကို ရောက်ဖို့ ကျွန်မတို့ ကျော်ဖြတ်ခဲ့ရတဲ့ တောင်တန်းကြီးတွေဟာ အရှေ့ဘက်ကို နိမ့်ကျသွားပြီး မြေပြန့်တွေ ဖြစ်သွားပါတယ်။ မြေပြန့် ဆိုပေမယ့် လုံးဝ ပြန့်ပြန့် ပြူးပြူး ကြီး မဟုတ်ပါဘူး။ တောင်ပူစာ လေးတွေတော့ ရှိနေပါတယ်။ ဇော်ဂျီမြစ်ဟာ ဒီဒေသမှာ စိမ့်စမ်းရေ အဖြစ် စတင် စီးဆင်းခဲ့ပြီး မြစ်ငယ်မြစ်ထဲကို စီးဝင်ပါတယ်။ (မြစ်ငယ်မြစ်မှာ နာမည် (၃) ခု ရှိပါတယ်။ မြစ်ငယ်ဆိုတာကတော့ ရှမ်းတောင်တန်းတွေကနေ မန္တလေးဖက်ကို စီးဆင်းလာတဲ့ အခါမှာ ဒီနာမည် တွင်ပါတယ်။ ဒုဌဝတီ မြစ်လို့လည်း ခေါ်ပါတယ်။ နမ္မတူ မြစ် ဆိုပြီး စတင် မြစ်ဖျားခံတဲ့ နေရာကို အမှီပြု ပြီးတော့လည်း ခေါ်ပါတယ်။) ကားလမ်းဟာ ဒီ `မြေပြန့်´ မှာ အပေါ်က ဖြတ်သွားလိုက်၊ တောင်ပူစာ ကို ကွေ့ပတ်သွားလိုက်၊ ပြီးတော့ အောက် ဆင်းလိုက် နဲ့ ဖောက်လုပ် ထားပါတယ်။ တောင်ပူစာလေးတွေမှာ စိုက်ပျိုး မြေ တွေကို သေသေ သပ်သပ် အကန့်လေးတွေ ခွဲပြီး လုပ်ထားတာ တွေ့ရပါတယ်။ အဝေးက ကြည့်ရင်တော့ မြေနီ ဖြစ်လိုက်၊ မြေဝါဖြစ်လိုက်နဲ့ ကျားကွက်ဘုတ်လို ရှိပါတယ်။ သစ်ပင်လေးတွေကလည်း အဝေးက ကြည့်ရင် ဘွန်ဆိုင်း ပင်လေးတွေလို အုပ်အုပ် ဆိုင်းဆိုင်းလေး ချစ်စရာ ကောင်းပါတယ်။ ကျွန်မလည်း ကားပေါ်ကနေ မရ ရ အောင် ဓာတ်ပုံ ရိုက်လိုက်သေးတယ်။ ပင်းဒယကို ရောက်ဖို့ အောင်ပန်းကနေ မြောက်ဘက် တည့်တည့်ကို မောင်းရ ပါတယ်။ အောင်ပန်းမှာ အာလူး အထွက်ပေါတယ် လို့ ကြားဖူးတော့ ဒီစိုက်ခင်းတွေက အာလူး စိုက်ခင်းတွေလားလို့ စဉ်းစားမိ ပါတယ်။

ရှမ်းပြည်နယ်မှာ မြင်းတွေ အများကြီး မွေးတယ်လို့ အရင်တုန်းက ကြားဖူးတော့... မြင်းတွေ အများကြီး ရှိမှာပဲလို့ ထင်ခဲ့မိတယ်။ Lord of the Ring ထဲကလို တောင်ကြိုတောင်ကြားတွေမှာ Shadowfax တို့ Brego တို့ လို လှပတဲ့ မြင်းအုပ်ကြီးတွေ အများကြီး တွေ့ရမှာပဲ လို့ အူကြောင်ကြောင် တွေးခဲ့ဖူးပါတယ်။


ပင်းဒယမှာ တွေ့ခဲ့ရသော မြင်း

ပင်းဒယ ဟာ ဘုရား ဆင်းတုတော် ပေါင်း ၈၀၀၀ ခန့် သီတင်း သုံးလျက် ရှိတဲ့ ထုံးကျောက် လှိုဏ်ဂူကြောင့် နာမည်ကြီးတာ ဖြစ်ပါတယ်။ ပင်းဒယ လိှုဏ်ဂူဟာလည်း ရာဇဝင်နဲ့ပါပဲ... ဒါပေမယ့် အတိတ်ဘဝတွေ၊ အရင် ဘဝက အငြိုးတွေ နဲ့ ရှည်လျား ထြွေပားလွန်းလို့ မပြောပြတော့ပါဘူး။ အတိုချုံးပဲ ပြောပါတော့မယ်။ ဟိုး ရှေ့ရှေ့တုန်းက ဒီ လှိုဏ်ဂူကြီးထဲမှာ ပင့်ကူ အကြီး ကြီး တစ်ကောင် နေခဲ့ ဖူးပါတယ်။ ဒီ ပင့်ကူကြီးဟာ အဲ့ဒီ လိှုဏ်ဂူ နားက ရေကန်မှာ ရေလာ ကစားလေ့ရှိတဲ့ နတ်သမီး ရဖော်ကို ဖမ်းထား လိုက်ပါရော။ နောက်တော့ မင်းသား တစ်ပါးက လာပြီး ပင့်ကူကြီးကို မြှား နဲ့ ပစ်သတ်ပြီး နတ်သမီးတွေကို ကယ်တင်လိုက် ပါတယ်။ မင်းသားလေးက ဒီလို ကယ်တင်လိုက်တာကို ကျေးဇူးဆပ်တဲ့ အနေနဲ့ နတ်သမီး အစ်မကြီးတွေက အငယ်ဆုံးနဲ့ အချောဆုံး နတ်သမီးလေး ကို မင်းသားလေးနဲ့ ထည့်ပေးလိုက်ပါတယ်။ အဲ့ဒီ အချိန်မှာ မင်းသားမှာ မယား ရှိပြီးသားပါ။ အဲ့ဒီ မယားက ကိုယ်ဝန်ရှိလာတဲ့ အခါမှာ ကိုယ်တော်က ငြီးငွေ့လာလို့ ခရီးထွက်ဦးမယ်... ပြန်လာခဲ့ မယ်ဆိုပြီး မလိမ့်တပတ်နဲ့ ထွက်လာ တာ ဖြစ်ပါတယ်။

ပင်းဒယ လိှုဏ်ဂူ တောင်ခြေကို ရောက်တဲ့အခါ အဝင်ပေါက်မှာ ပင့်ကူ ကြီးကို မြှားနဲ့ ခွင်းနေတဲ့ မင်းသား ရုပ်ထုကို တွေ့ရ ပါတယ်။ ရုပ်ထုနားမှာ ဓာတ်ပုံတွေ ရိုက်နေကြတာ တွေ့ရပါတယ်။ ပင်းဒယ လိှုဏ်ဂူဟာ တောင် ကမ်းပါးယံထဲမှာ ရှိတာ ဖြစ်ပါတယ်။ လိှုဏ်ဂူ ကို ရောက်ဖို့ တောင်ပေါ် တက်ရပါတယ်။ ဒါပေမယ့် ဓာတ်လှေကားလည်း ရှိပါတယ်။ အဖေနဲ့ မောင်လေးက လှေကားက နေ တက်သွားတဲ့ အချိန်မှာ ကျွန်မတို့ကတော့ ဓာတ်လှေကားနဲ့ပဲ တက်ခဲ့ပါတယ်။ လှိုဏ်ဂူ အဝမှာ ရွှေဥမင် ဘုရား ရှိပါတယ်။ လိှုဏ်ဂူ က အထဲမှာ တော်တော် ကျယ်ပါတယ်။ ဘုရားဆင်းတုတော်တွေ အများကြီး ရှိပြီး လှိုဏ်ဂူ ကြမ်းပြင်ကို အလှူရှင်တွေက ကြြွေပား ခင်းပေးထား ပါတယ်။ ဒါကြောင့် ခြေထောက်တွေ စိုစို စွတ်စွတ်ကြီး မဖြစ်တော့ပါဘူး။


(ဘယ်) က မင်းသားက (ညာ) က ပင့်ကူကို လေးနဲ့ ခွင်းနေဟန်

(ဘယ်) ဓာတ်လှေကားပေါ်က မြင်ရသော ရှုခင်း (ညာ) ပင်းဒယဂူအတွင်းမှ ရုပ်ပွားတော်များ

(ဘယ်) ပုန်းတလုတ်ကန်ကို ဓာတ်ပုံ လှမ်းရိုက်နေစဉ် ငှက်ဖြတ်ပျံသွားခြင်း
(ညာ) ကျွန်မ အိုက်တင်ပေးနေဟန် (ချောတယ်နော် :P)

(ဘယ်) ဗိုလ်ချုပ် မောင်ဘို၏ ကောင်းမှုတော်ပြ ကမ္ဗည်းတိုင်
(ညာ) ကျွန်မ မောင်လေး ရိုက်ထားသောပုံ

ပင်းဒယလိှုဏ်ဂူ အတွင်းမှ ရုပ်ပွားတော်များ

ပင်းဒယ ကို သွားတဲ့ လမ်းစာ တော်တော် ကြမ်းပါတယ်။ ပင်းဒယက ပြန်ထွက် လာတော့ တစ်ဖက် က လာတဲ့ ကားကို ရှောင်ရင်း ကားက ချိုင့်ထဲ ကျသွား ပါတယ်။ ကားအောက်က ပစ္စည်း တစ်ခု ကျိုးသွားပါတယ်။ ဒါနဲ့ ကလောကို ဖြေးဖြေး ပုံမှန် မောင်းရင်း ရောက်လာပါတယ်။ ကလောမှာ ၀ပ်ရှော့ဆိုင်တစ်ခုကို ၀င်ပြင်ပါတယ်။ ဖြစ်ပုံက ကားအောက်က ဖရိမ် တစ်ခု ကျိုးသွားတဲ့ အတွက် အသစ် အစားထိုးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ဆိုင်မှာ ဒီ ဖရိမ် မရှိဘူး... အောင်ပန်းမှာ သွားရှာရမယ် လို့ ကားပြင်သမားက ပြောပါတယ်။ သင်္ကြန်တွင်း ကြီး ဖြစ်နေတဲ့ အတွက် တခြား ကားဝပ်ရှော့တွေကလည်း ပိတ်ထား ပါတယ်။ ဒါကြောင့် ကလောမှာ အစီအစဉ် မရှိပဲ တစ်ည အိပ်ခဲ့ရ ပါတယ်။

ကားပြင်သူက အောင်ပန်းကို ဆိုက်ကယ်နဲ့ သွားနေတဲ့ အချိန်မှာ ကျွန်မ တို့တွေ သူပြန်လာတာကို စောင့်နေရ ပါတယ်။ အနီးအနားမှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တော့ ရှိပါတယ်။ ဒါပေမယ့် သူတို့က ဆိုင်ပိတ်ပြီး စားပွဲတွေ၊ ခုံတွေကို ရေတွေနဲ့ ဆေးပြီး သန့်ရှင်းရေး လုပ်နေကြ ပါတယ်။ ဒါပေမယ့် ကျွန်မ တို့ကို လာထိုင်ဖို့ ခေါ်ပြီး ရေနွေးကြမ်းတောင် တိုက်လိုက် ပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ ထိုင်နေရတာ ကြာတော့ သူတို့ကို အားနာလာ ပါတယ်။ ဒါကြောင့် အနီးအနားမှာ ဘယ်တည်းခိုခန်း ကောင်းသလဲလို့ မေးကြည့်တော့ တည်းရမယ့် နေရာ ပြောပြတဲ့အပြင် ဆိုက်ကယ်နဲ့ပါ မောင်းပို့ပြီး အခန်းတွေထိ လိုက်ပို့ပါတယ်။ ဒါကြောင့် ကျွန်မလည်း သူတို့တွေ သဘောကောင်းလွန်းလို့ အံ့သြ သွားပါတယ်။

ဟိုတယ် ရောက်ပြီး မကြာမီမှာပဲ မိုး ရွာပါတယ်။ ၀န်ရံတာ ကို ထွက်ရတာတောင် အေးစိမ့်နေပါတယ်။ ဒါကြောင့် အခန်းထဲမှာပဲ စောင်ခြုံပြီး ကွေးနေပါတယ်။ ဇိမ်အရမ်း ရှိပါတယ်။ သိပ် မကြာခင်မှာပဲ မိုးတိတ်သွားပါတယ်။ ကားပြင်သူလည်း ပြန်ရောက်လာပါတယ်။ သူ ပြင်ပြီးတော့ ကား ပြန်ကောင်းသွား ပါတယ်။

ကျွန်မတို့တွေ နေ့လည်စာ၊ ညနေစာ နဲ့ မနက်စာကို မြပဒုမ္မာ မှာပဲ စားဖြစ်ပါတယ်။ စားသောက်ဆိုင် ပိုင်ရှင်တွေက သဘော အရမ်းကောင်းပါတယ်။ ဟင်းတွေက လည်း အရသာ ရှိပြီး စျေးချို ပါတယ်။ ကျွန်မတို့ ပြန်တော့ လက်ဖက်ခြောက်နဲ့ ပဲပုတ်တွေ လက်ဆောင်ပေး လိုက်ပါတယ်။

ညရောက်တော့ ကလော သင်္ကြန်မဏ္ဍပ်ကို သွားကြည့်ပါတယ်။ သိပ်အကြာကြီးတော့ မနေဖြစ်ပါဘူး။ ကျွန်မ အိပ်ငိုက်နေပြီ။ ဒါကြောင့် ဟိုတယ်ပြန်ပြီး အိပ်ပါတယ်။ မဏ္ဍပ်က ဟိုတယ်နဲ့ သိပ်မဝေးတော့ အသံတွေ ကြားနေရပါတယ်။ ကျွန်မလည်း တယောဦးတင်ရီ နဲ့ သူ့ဂီတ အဖွဲ့ Beethoven တို့ Mozart တို့ရဲ့ classical သီချင်းတွေ တီးနေတာ နားထောင်ရင်း အိပ်ပျော်သွား ပါတယ်။ ကလောမြို့လေးနဲ့ ဒီ သီချင်းလေးတွေ အရမ်း လိုက်ဖက်သလို ခံစားရပါတယ်။ ကလောမြို့က အရင် အင်္ဂလိပ်ခေတ်တို့က သူတို့ အပန်းဖြေစရာ စခန်းလေး ဆိုတော့ အဲ့ဒီတုန်း ကလည်း ဒီလို သီချင်းလေး တွေနဲ့ ကပွဲတွေများ လုပ်ခဲ့သလား လို့ စဉ်းစားမ ိပါတယ်။ ဦးတင်ရီနဲ့ အဖွဲ့လည်း မြပဒုမ္မာ မှာ ထမင်းလာစားပါတယ်။ ဒါပေမယ့် ကျွန်မက သူ့ကို မမှတ်မိဘူး။ ဒီ ဦးလေးကြီးကို မြင်ဖူး သလိုလိုပဲ လို့တော့ စိတ်ထဲမှာ ထင်မိသား။
ဧပြီလ ၁၆ ရက်
နောက်တစ်နေ့ မနက်မှာ မြပဒုမ္မာ မှာ မနက်စာ သွားစားပါတယ်။ ပြီးတော့ ကားပြင်ဆရာ ဆီသွားပြီး ကျေးဇူး တင်ကြောင်း သွားပြော ပါတယ်။ လက်ဖက်ရည် ဆိုင်က ပိတ်ထားလို့ ကျေးဇူး တင်ကြောင်း သွား မပြော လိုက်ရဘူး။ ကျွန်မတော့ ကလောမှ ညအိပ်ဖို့ မရည်ရွယ်ပဲနဲ့ အိပ်ဖြစ်သွားတာပါ။ ကျွန်မက ကလောကို သွားချင်နေတာ ကြာပါပြီ... ဒါကြောင့် အဲ့ဒီမှာ တစ်ညလောက် အိပ်ဖူးသွားတာ ပျော်ပါတယ်။ ကျွန်မ အသက်ကြီး လာရင် ကလောမှာ သွားနေမယ်လို့တောင် စဉ်းစား ထားပါတယ်။ ကလောမြို့ကို ခရီးသွား နိုင်ငံခြားသားတွေ အလာ များပါတယ်။ ကလောမြို့မှာ ခြေကျင် လည်ပတ်ရင်း ပအို့ဝ်၊ ပလောင်၊ ဓနု အစရှိတဲ့ တောင်ပေါ်နေ တိုင်းရင်းသား တွေရဲ့ နေ့စဉ် နေထိုင်မှု (lifestyle) ကို လေ့လာနိုင် ပါတယ်။ ဒါပေမယ့် သူတို့ကို တစ်စု တစ်စည်းတည်း မြင်ရတာ စျေးနေ့တွေမှာပဲ တွေ့ရပါတယ်။ ကျွန်မတို့ သွားတဲ့ အချိန်က သင်္ကြန်တွင်း ဆိုတော့ စျေးနေ့ မရှိပါဘူး။

ကျွန်မတို့ ကလောမှာ နာမည်ကြီးတဲ့ ဘုရားတွေ သွားဖူးခဲ့ပါတယ်။ ရွှေဥမင် ဘုရား နဲ့ နှီးဘုရား ကိုပဲ သွားဖြစ်ပါတယ်။ ရွှေဥမင်က ဥမင်လိှုဏ်ဂူက ပင်းဒယလှိုဏ်ဂူလောက်တော့ မကြီးပါဘူး။ ရွှေဥမင် ဘုရားမှာ နောက်ထပ် အပေါ် လိှုဏ်ဂူ ဆိုတာ ရှိပေမယ့် ပိတ်ထားလို့ အောက်လှိုဏ်ဂူ ဆိုတာကိုပဲ သွားခဲ့ရ ပါတယ်။ နှီးဘုရားကတော့ ရွှေချထားလို့ အမှန်တကယ် နှီးဘုရား မဟုတ်တော့ပါဘူး။


ရွှေဥမင်ဘုရား

(ဘယ်) ရွှေဥမင်က နဂါးရုံဘုရား (ညာ) အဖေ ရွှေဆိုင်းကပ်နေဟန်

ရှမ်းပြည်နယ်မှာ ကျွန်မ တွေ့ခဲ့ရတဲ့ ခွေးတွေ တော်တော် လှပါတယ်။ ခွေးတွေ အားလုံးဟာ အမွေး ရှည်ရှည် ပွပွ နဲ့ ချစ်စရာ ကောင်းပါတယ်။ မြပဒုမ္မာ မှာလည်း ချစ်စရာ ကောင်းတဲ့ ခွေးကြီး တစ်ကောင် ရှိပါတယ်။ ရှမ်းပြည်က မြေပြန့် ဒေသထက် ပိုအေးတော့ ခွေးတွေ လည်း အမွေးတွေ ပိုရှည်တာ ဖြစ်နိုင် ပါတယ်။ ကျွန်မသာ ရန်ကုန်ကို ခွေး ခေါ်လာရင် အပူဒဏ် မခံနိုင်ဘဲ သေသွား လိမ့်မယ် ထင်ပါတယ်။

ချစ်စရာကောင်းသော ခွေးလေး
နောက်ဆုံးမှာတော့ ကလော နဲ့ ရှမ်းပြည်နယ်မှ ထွက်ခွာ ရတော့မှာ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေက အပြန်လမ်းက ကလော ဓာတ်ဆီဆိုင်မှာ ဆင်းရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။


သာယာလှပသော ကလောမြို့လေး

ဘေးပတ်ဝန်းကျင် တစ်မိုင်ခန့်က လှမ်းမြင်နေရသော မှိုင်းလုံး (မိုင်းလုံး ?) တောင်

ကလော ကနေ မနက်ပိုင်း ပြန်ထွက် လာပြီး ညနေပိုင်းလောက် ပျဉ်းမနား ပြန်ရောက်ပါတယ်။ သင်္ကြန် နောက်ဆုံးနေ့ ဆိုတော့ ပျဉ်းမနား က ရေပက် မဏ္ဍပ်တွေမှာ ကြားလိုက်ရင် ကချင်စရာ techno သီချင်းတွေ နဲ့ ကောင်လေး၊ ကောင်မလေး၊ ဦးဦး ဒေါ်ဒေါ် ကိုကို မမတို့ အသားကုန် ကဲနေကြပါတယ်။ ကျွန်မ ကတော့ ရုံးထဲ မှာပဲ နေပြီး ဓာတ်ပုံ လှမ်း ရိုက်ဖြစ် ပါတယ်။


ကဲနေပြီ... ကဲ ကဲ ကဲ... ကဲနေပြီ


(ဘယ်) ဝေး.... !!! (ညာ) သုံးဘီးနဲ့လည်း ရေပက်ခံထွက်မယ်


ပျဉ်းမနားသူတွေလည်း ဟော့ရှော့ ပါနော်။

ပျဉ်းမနားမှာ တစ်ည အိပ်ပြီးတော့ ကျွန်မတို့ ရန်ကုန်ကို ပြန်ပါတယ်။ လမ်းတစ်လျှောက် အမှတ်ရစရာ လေးကတော့ ဖြူးမှာ နေ့လည်စာ စား တော့ အဓိက ဆိုတဲ့ ဆိုင်မှာ စား ဖြစ်ပါတယ်။ အဲ့ဒီက ဟင်းတွေ တော်တော် ကောင်းပါတယ်။ တွမ်ယမ် ဟင်းချို အရမ်းကောင်းလို့ မမေ့နိုင်ပါ။ (နောက် ပျဉ်းမနားကို ပြန်သွားရတော့ ရထားပေါ် ကနေ ဆိုင်ကို လှမ်းကြည့်ရင်း တွမ်ယမ် ဟင်းချို သောက်ချင်လာ ပါတယ်။) ကျွန်မတို့ ရန်ကုန်ကို ညနေ ၅ နာရီ လောက်ပြန်ရောက်ပါတယ်။

ကျွန်မရဲ့ ရှမ်းပြည်သွား ခရီးသွားမှတ်တမ်း ဤတွင် ပြီးပါပြီ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေရှင်။ ဒန်တန်တန်

ရှမ်းပြည်သို့အလည်တစ်ခေါက်

0 comments

ဒီပို့စ်က ကျွန်မရဲ့ Xanga မှာ အင်္ဂလိပ်လို ရေးထားတဲ့ပို့စ်ပါ။ ဒီမှာ ပြန်ပြီး မျှဝေပါတယ်။

-+-+-+-
ဧပြီလ ၁၂ရက်
ကျွန်မ စတင် ခရီးထွက်ခဲ့တဲ့နေ့ဟာ ဧပြီလ ၁၂ရက်၊ ၂၀၀ရ ခုနှစ် ဖြစ်ပါတယ်။ အဲ့ဒီနေ့က မနက် ၆ နာရီ ခွဲလောက် ရန်ကုန်က ထွက်လာခဲ့ပါတယ်။ ခရီးသွားသူ (၇) ယောက် ဖြစ်ပါတယ်။ ကျွန်မ တို့ မိသားစုက (၆) ယောက်၊ အဖေ့က သူငယ်ချင်း (၁) ယောက် လည်း ပါပါတယ်။ သူနဲ့ အဖေက ကားကို တစ်လှည့်စီ မောင်းမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က အထွက်မှာ ရွှေညောင်ပင် ဆိုတဲ့ နတ်ကွန်း ရှိပါတယ်။ အဖေဟာ ခရီးတစ်ခု သွားတိုင်း အဲ့ဒီ နတ်ကွန်းကို သွား ဦးတိုက်ပါတယ်။ လူက ဦးတိုက်တာတော့ မဟုတ်ပါဘူ.. ကားက ဥိးတိုက်တာပါ။ နတ်ပသတာ (ကန်တော့ပွဲ ၀ယ်တဲ့အတွက်) ကျပ် ၅၀၀၀ ကုန်သွားပါတယ်။ အလုပ် မလုပ်တော့ မသိပါ။ နတ်ကွန်းက ထွက်လာပြီး မကြာမီ တိုင်ယာက ကျွတ် ဖာရပါတယ်။ နောက်တစ်ခါ ထပ်ဖြစ်လို့ ကျွတ်အသစ် တစ်ခု ၀ယ်လိုက်ရပါတယ်။ အမေကတော့ ပြောတယ်။ နတ်တွေကို ယုံတာ မဟုတ်ပါဘူး... ဒါပေမယ့် တောင်ပေါ်မတက်ခင် ကားပြင်ဆိုင်တွေ ရှိနေတုန်း ဒီလို ဖြစ်တာ ပိုကောင်းတယ်လို့ ပြောပါတယ်။

ကျွန်မတို့ ဖြူးမှာ နေ့လည်စာ စားပါတယ်။ ဘယ်ဆိုင်မှာ စားတယ်ဆိုတာ တော့ မေ့သွားပါပြီ။ ဖြူးကို သွားတဲ့ လမ်းတစ်လျောက်မှာ ဘာမှ သိပ်မထူးပါဘူး။ ဒါပေမယ့် သင်္ကြန်တောင် မကျသေးပဲ တစ်ချို့ကလေးတွေက ရေတွေ လိုက်ပက်နေပါပြီ။ ရေက သိပ်မသန့်ပါဘူး။ နွေရာသီ ဆိုတော့ အချို့သော စပါးခင်းတွေက ရွှေဝါရောင် တောက်နေပါပြီ။ အချို့ကတော့ နွေစပါး စိုက်ခင်းတွေ ထင်ပါတယ်။ ဒီစိုက်ခင်းတွေကို ရေတွေ လွှတ်ပေးထားတော့ ကလေးတွေက အဲ့ဒီ့ ရေမြောင်းထဲက ရေတွေ ယူပက်နေတာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်မ ရန်ကုန်ကနေ ပျဉ်းမနားကို ရထား စီးသွားတုန်းက ပဲခူးတိုင်းမှာ ကတည်းက အရှေ့ရိုးမတောင်တန်းကြီးကို မြင်နိုင်မှန်း မသိခဲ့ပါဘူး။ ကျွန်မ သွားတုန်းက မြူတွေ ဆိုင်းနေလို့ ဖြစ်ပါလိမ့်မယ်။ အခု ကားနဲ့ သွားမှပဲ ညောင်လေးပင်ကနေ ထွက်လာကတည်းက အရှေ့ဘက်မှာ တောင်တန်းတွေကို မြင်နေရတယ် ဆိုတာ သိလိုက်ရပါတယ်။ ကျွန်မက တောင်တန်းတွေကို မြင်ရတာ သဘောကျပါတယ်။ ကျွန်မသာ အတောင်ပံတွေ ရှိမယ်ဆိုရင် ဒီတောင်တန်းတွေ ပေါ်က ဖြတ်ကျော်ပြီး ဟိုဘက်မှာ ဘာတွေ ရှိတယ် ဆိုတာ သွားကြည့်ချင် နေမိပါတယ်။ ဟိုဘက်မှာ ဘာတွေ ရှိမလဲ... တောင်တန်းတွေလား၊ မြစ်တွေလား၊ ဒါမှမဟုတ် စပါးခင်းတွေပဲလား... ကျွန်မ သိချင် မိပါတယ်။

ကျွန်မတို့ ပျဉ်းမနားကို ညနေ ၅ နာရီ ၀န်းကျင်မှာ ရောက်သွားပါတယ်။ ကျွန်မတို့ အဖေ့ရဲ့ ကုမ္ပဏီ ရုံးခွဲမှာ တည်းကြမှာ ဖြစ်ပါတယ်။ (အဖေက ကုမ္ပဏီ ပိုင်ရှင်တော့ မဟုတ်ပါဘူး) အသွား တစ်ည၊ အပြန် တစ်ည တည်းဖို့ ရည်ရွယ်ထားပါတယ်။ ရုံးမှာပဲ နေကြတဲ့ ၀န်ထမ်း အချို့က ရန်ကုန် ပြန်သူပြန်၊ ဒါမှမဟုတ် တစ်ခြား နယ်တွေကို ပြန်သူ ပြန်နဲ့ဆိုတော့ အားလုံးအတွက် အိပ်စရာ နေရာ ရပါတယ်။
ဧပြီလ ၁၃ရက်
ကျွန်မတို့ ပျဉ်းမနားက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ မနက်စာ စားကြပါတယ်။ နောက်တော့ ရှမ်းပြည် ခရီးကို စတင်ခဲ့ကြပါတယ်။ ပျဉ်းမနားကနေ မြောက်ဘက် လမ်းမကြီးအတိုင်း မောင်းလာတဲ့ အခါ အရှေ့ဘက်ဆီမှာ မြင်နေရတဲ့ တောင်တန်းတွေက ပို ပို မြင့်လာပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း) ကို သွားဖို့ (၃) လမ်း ရှိပါတယ်။ ပထမ (၁) လမ်းက ရေဆင်း-ပင်လောင်း လမ်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့လမ်းကို ပိတ် ထားပါတယ်။ ဒုတိယ လမ်းကတော့ ပျော်ဘွယ်-ယင်းမာပင် လမ်း ဖြစ်ပါတယ်။ ဒီလမ်းကတော့ ဖြတ်လမ်းပါ။ တတိယလမ်း ဖြစ်တဲ့ သာစည်-ကလော လမ်း ကို ပေါက်ပြီး တောင်ကြီးကို တိုက်ရိုက် သွားလို့ ရပါတယ်။ အရင်တုန်းကတော့ ကလော နဲ့ တောင်ကြီးကို သွားဖို့ တစ်ခုသော လမ်းဟာ သာစည် - ကလော လမ်း ဖြစ်ပါတယ်။ အခု ဒုတိယ လမ်းကတော့ ပရံကစု မှာ သာစည်က လာတဲ့ လမ်းနဲ့ သွား ဆုံပါတယ်။ ကျွန်မတို့လည်း ပျော်ဘွယ် - ယင်းမာပင်လမ်းက နေ သွားခဲ့ပါတယ်။ မဟုတ်ရင် သာစည်အထိ အပေါ် ထောင်တက်ရမှာ ဖြစ်တဲ့ အတွက် အချိန် ပိုကုန်ပါတယ်။ ပျော်ဘွယ်ကနေ လမ်းခွဲပြီးတာနဲ့ ကျွန်မတို့ဟာ အရှေ့စူးစူး၊ တောင်တန်းတွေ ဘက်ကို စတင် မောင်းလာနေပါပြီ။ ဒါပေမယ့် ပရံကစု ကျော်မှ တောင် စတက် ရတာ ဖြစ်ပါတယ်။

ယင်းမာပင်ရောက်တော့ ကျွန်မတို့ နေ့လည်စာ စားကြပါတယ်။ ဒီမှာ နည်းနည်း အေးစပြုလာပါပြီ။ တိုက်ခတ်လာတဲ့ လေတွေက အေးစိမ့်နေပြီး ကျွန်မတို့တွေလည်း ရေတွေ စိုထားတော့ ခိုက်ခိုက်တုန် ချမ်းနေကြတယ်။ ဆိုင်မှာ ရေနွေးပူပူလေး သောက်လိုက်မှပဲ အချမ်းပြေသွားပါတယ်။ ကျွန်မတို့ ၀င်စားတဲ့ ဆိုင်က ယင်းမာပင်ရဲ့ နာမည်ကြီး rest stop ထင်ပါရဲ့... ရေတွေ လုံလုံလောက်လောက်ရှိပြီး ရေပါ ချိုး လို့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့တွေ အားလုံး ချမ်းနေကြလို့ ရေမချိုးခဲ့ကြပါဘူး။ ဒါပေမယ့် ကျွန်မတော့ ခြေလက် မျက်နှာ ဆေးခဲ့ပါတယ်။ ရေတွေကို တောင်တန်းတွေပေါ်ကနေ ၀ါးခြမ်းပိုက် တွေနဲ့ သွယ်ထားတာ ဖြစ်ပါတယ်။ ရေကလည်း ကြည်လင် အေးဆိမ့်နေပါတယ်။

ကလောကို စတက်ပါပြီ။ တစ်ချို့နေရာတွေမှာ လမ်းက တော်တော်ဆိုးပါတယ်။ ကတ္တရာလမ်းတောင် မမြင်ရပဲ သဲလမ်း၊ ဖုန်လမ်းကြီးတွေ ဖြစ်နေပါတယ်။ တောင်တက်လမ်းဆိုတော့ တောင်ပြိုတာနဲ့ ဘာနဲ့ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့နော်။ ဒါပေမယ့် လမ်းကို ပြင်နေတာလည်း တွေ့ခဲ့ရပါတယ်။ ကျွန်မတောင် စဉ်းစား မိသေးတယ်... ဒီလမ်းပြင် စက်ကြီးတွေ ဒီအပေါ် ဘယ်လို သယ်လာလဲ မသိဘူး လို့။ နောက် တောင်ပေါ်ကနေ ပြန်ဆင်းမှ ထရပ်ကားအကြီး ကြီး တစ်စီးက ဒီစက်တွေကို သယ်လာတာ တွေ့ရပါတယ်။ တောင်တက်လမ်း တစ်လျှောက် အကွေ့အကောက်တွေ ပေါများပြီး အတက်လမ်း များပါတယ်။ လမ်းဘေး ၀ဲယာမှာတော့ ပေ ၂၀၀၀၊ ၃၀၀၀ လောက် နက်မယ့် ချောက်ကြီးတွေနဲ့ အသည်းယား စရာပါပဲ။ အကွေ့တစ်ခု ကွေ့လိုက်တာနဲ့ ကားတာယာတွေဟာ ချောက်အစွန်းကို ရောက်တော့ မယောင် ထင်ရပါတယ်။ ကြောက်စရာ ကောင်းပါတယ်။ ဒါပေမယ့် ရှုခင်းတွေက တော်တော်လှပါတယ်။ ဒါပေမယ့် ကားက အမြန်သွားနေတော့ ဓာတ်ပုံ ရိုက်လို့ မရပါဘူး။ အဲ့ဒီ တုန်းက ဓာတ်ပုံ ရိုက်ချင်လိုက်တာ လက်ယားနေတာပဲ။

ကလောမြို့နား ရောက်လာတော့ ထင်းရှုးပင်တွေ စတွေ့နေရပါပြီ။ ထင်းရှုးပင်တွေဟာ ကလောမြို့ရဲ့ အထိမ်းအမှတ် တစ်ခုလေ။ ဒါကြောင့်လည်း `ထင်းရှုးမြေ´လို့ ခေါ်တာပေါ့။ ကျွန်မတို့ ကလောမြို့လေးတည်းက ဖြတ်မောင်းလာပါတယ်။ ကျွန်မတို့ ကလောမှာ နားဖို့ မစီစဉ်ထားပါဘူး။ ကျွန်မတို့ မြို့ထဲ ရောက်လာတော့ ခေါင်းပေါ်မှာ မြေမှုန့်တွေနဲ့ မျောက်ဖြူကြီးတွေ နဲ့ တူနေပါတယ်။ ဒါပေမယ့် ကလောမြို့က ရေပက်သူတွေကြောင့် ဖုန်တွေ ပြောင်သွာပါတယ်။ ကလောမြို့မှာ ရာသီဥတု အေးနေပါပြီ။ ကျွန်မတို့လည်း ရေတွေ ရွှဲလို့....

ကျွန်မတို့ အောင်ပန်း၊ ဟဲဟိုး၊ ညောင်ရြွှေမို့ တွေကို ဖြတ်ခဲ့ပြီး တောင်ကြီး မြို့ကို မောင်းလာခဲ့ ပါတယ်။ အမှတ်ရ စရာလေး ကတော့ တောင်ပေါ်ကနေ ဟဲဟိုး မြေပြန့်ကို လှမ်းတွေ့ရခြင်းပဲ ဖြစ်ပါတယ်။ စပါးခင်းတွေ၊ မြစ် (ချောင်း) တွေကို မြင်ရတာ ကြည်နူးစရာပါ။ အဲ့ဒီ အချိန်မှာ ဓာတ်ပုံ အရမ်း ရိုက်ချင်မိပေမယ့် အဖေက (တောင်အဆင်းလမ်း ဆိုတော့) ကားမရပ်ပါဘူး။ နောက်တစ်ခါမှပဲ ရထားနဲ့ လာပြီး စိတ်ကြိုက် ဓာတ်ပုံ ရိုက်မယ် ဆိုပြီး တစ်ကိုယ်တည်း ကြိမ်းဝါးမိ ပါတယ်။ တောင်ကြီးနား ရောက်ခါနီးမှာတော့ အဖေက ကားရပ်ပြီး ဓာတ်ပုံ ရိုက်ပါတယ်။ ဒီတောင်ပေါ်အထိ ရထားလမ်းပေါက်တာ အံ့သြစရာပဲ။ ကျွန်မလည်း အဲ့ဒီမှာ ဘဝသံသရာ ဆိုတဲ့ မီရထားဖြတ် တံတားကြီးကို ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ ဒီ နာမည်ကို ရထားလမ်းကို support လုပ်ထားတဲ့ ဘောင်မှာ ကျောက်တုံး လေးတွေ စီပြီး ရေးထား တာပါ။ ဓာတ်ပုံ ရိုက်တုန်းကတော့ အဲ့ဒါကို မတွေ့မိဘူး။
Aung Ban ?Ba Wa Than Ta Yar Bridge
Kalaw Road
တောင်ကြီးက ညနေစောင်းမှာ ရောက်ပါတယ်။ တောင်ကြီးကို မရောက်ခင် တောင်ကြီး တစ်ခုကို တက်ရပါတယ်။ ဒါကြောင့်လည်း တောင်ကြီး မြို့လို့ ခေါ်တာ ထင်ပါရဲ့။ မြို့ကလေးဟာ ဒီတောင်တန်းပေါ်မှာ ပြန့်ကျဲနေပါတယ်။ တောင်တန်း ထိပ်မှာ မြေပြန့်လေး လို ဖြစ်နေတဲ့ နေရာမှာ မြို့တည်ခဲ့တာ ဖြစ်ဟန်ရှိပါတယ်။ (မှားရင်လည်း ပြင်ပေးပါ။ ပထဝီ မသင်ရတာ ၁၀တန်း ကတည်းကပါ။) ကျွန်မတို့ နမ့်ခုံး ဟိုတယ်/ မိုတယ်မှာ တည်းကြပါတယ်။ အဲ့ဒီမှာက ဟိုတယ်ရော၊ မိုတယ်ရော ရှိတယ်.. ဟိုတယ်က ၄ထပ် အဆောက်အအုံ၊ မိုတယ်ကတော့ တစ်ထပ်တိုက်လေး။ ဟိုတယ်အခန်းတွေ ပြည့်နေတဲ့ အတွက် မိုတယ်မှာပဲ နေလိုက်ပါတယ်။ အိပ်ရာက မွေ့ရာအိအိလေးနဲ့၊ စောင်အထူတွေ ပါ ပါတယ်။ ပြတင်းပေါက်တွေမှာ ခြင်ဇကာ တပ်ထားပါတယ်။ ကြယ်လေးပွင့် ဟိုတယ် မဟုတ်ပေမယ့် ဇိမ်ရှိပါတယ်။

ဟိုတယ်မှာ check-in လုပ်ပြီးတော့ ညနေစာကို အပြင်မှာ စားမယ်ဆိုပြီး ဆိုင် လိုက်ရှာပါတယ်။ ကျွန်မတို့ မိုတယ်နားက `ခေမရဍ်´ ဆိုတဲ့ ရှမ်းစားသောက်ဆိုင်မှာ စားခဲ့ပါတယ်။ (စာလုံးပေါင်းတော့ မှန်လား မသိဘူး။) ဒါပေမယ့် ရှမ်းအစားအစာတွေကို တစ်ချက်ကြည့်ပြီး တရုတ် အစားအစာ ပဲ စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ညနေစာ စားနေချိန်မှာ သင်္ကြန်မဏ္ဍပ်က အကအဖွဲ့လား မသိတဲ့ ပအို့ဝ် အမျိုးသား၊ အမျိုးသမီး အဖွဲ့ ၀င်လာပါတယ်။ အဖေက သူတို့ကို ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ပါတယ်။ ပအို့ဝ် အမျိုးသမီးတွေက သူ့တို့ခေါင်းမှာ အချွန်ကြီးတစ်ခုကို တဘက်နဲ့ ပတ်ထားတာ တွေ့ရတော့ အဖေက ဘာအဓိပ္ပာယ်နဲ့ ဒီလို ၀တ်ဆင်ရပါသလဲ ဆိုပြီး မေးပါတယ်။ သူတို့က ပြန်ရှင်းပြတာကတော့ ပအို့ဝ်တွေဟာ နဂါးမျိုးနွယ်က ဆင်းသက်လာတယ်လို့ ယုံကြည်ထားပါတယ်... ဒါကြောင့် ဒီအစွယ်လိုလို အရာကြီးက နဂါးခေါင်းကို ကိုယ်စားပြု ပါတယ် လို့ ပြောပြပါတယ်။

ညနေစာစားပြီးတော့ တောင်ကြီး ဗဟိုမဏ္ဍပ်မှာ သင်္ကြန်အကပြိုင်ပွဲ လုပ်နေတာကို သွားကြည့်ပါတယ်။ တောင်ကြီးမှာ လေးဇီးကလပ် စတိတ်ရှိုးလဲ ရှိနေပါတယ်။ အဖေ့ သူငယ်ချင်းက အဲ့ဒီက လူ တစ်ချို့နဲ့ သိတယ်.. backstage ကို သွား လို့ ရမယ် ဆိုပြီး ပြောပါတယ်။ အမေ နဲ့ ညီမက အိပ်ချင်ပြီ ဆိုပြီး မိုတယ် ကို ပြန်သွားပါတယ်။ ကျွန်မတို့ကတော့ စတိတ်ရှိုး ရှိတဲ့ဘက် ဘယ်နေရာမှန်း မသိဘဲ ရမ်းသမ်း လမ်းလျှောက်ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာတော့ သင်္ကြန်ကားတွေ တွေ့ပါတယ်။ ကားတွေ ပေါ်မှာ အကအဖွဲ့က က၊ သီချင်းဆိုနေတဲ့သူက ဆို နဲ့။ တက်က်နိုသီချင်းနဲ့ ကနေတာ ပြောတာ မဟုတ်ဘူးနော်... ရိုးရာအက ကို ပြောတာ။ အမေကတော့ ခဏခဏ ပြောတယ်.. သူ ငယ်ငယ်တုန်းက ရန်ကုန်မှာ ဒီလိုပဲ ကားကြီးတွေနဲ့ ဆင်နွှဲကြပါတယ် တဲ့။ ကျွန်မလည်း သင်္ကြန်မိုး ရုပ်ရှင်ထဲမှာ မြင်ဖူးပါတယ်။ အခုအခါ ရန်ကုန်မှာ ဒါမျိုးတွေ့ မရှိတော့ပါဘူး။ ကောင်မလေးတွေလည်း ကားနောက်ကနေ ရိုးရာအက လိုက်မကတော့ပါဘူး။ ရေပက်မဏ္ဍပ်တွေမှာ ကဲနေ၊ ကွဲနေ၊ လန်နေ၊ ပြဲနေ၊ ဖော်နေတာတွေကိုပဲ တွေ့ရပါတော့မယ်။ သင်္ကြန်မိုး ရုပ်ရှင်ကိုတောင် သူတို့ ကြည့်ဖူးကြမယ် မထင်ပါ။

စတိတ်ရှိုးကို လမ်းလျှောက်ရတာ တော်တော် ဝေးပါတယ်။ နေရာက စူဋ္ဌာမဏိဘုရား နားမှာပါ... တစ်မိုင်ခွဲလောက် ဝေးမယ်ထင်တယ်။ စတိတ်ရှိုးက ကမေ္ဘာဇ ရုံးဝင်းအတွင်းမှာ လုပ်တာ ဖြစ်ပါတယ်။ သိပ်အကြာကြီးတော့ မနေဖြစ်ပါဘူး... အိပ်ချင်လာပြီလေ။ စည်သူလွင် နဲ့ ရှင်ဖုန်း သီချင်းဆိုတာတော့ ကြည့်ဖြစ်တယ်။ Backstage မှာ R ဇာနည် နဲ့ သူ့ ဇနီး ၀မ်းကို တွေ့ပါတယ်။ မောင်လေးက R ဇာနည် နဲ့ ဓာတ်ပုံ တွဲရိုက်ပါတယ်။ ဓာတ်ပုံရိုက်ပြီးတော့ ကျွန်မရဲ့ သူငယ်ချင်း ကိုသူရိန်ကို တွေ့လိုက်ပါတယ်။ သူက သူငယ်ချင်းတွေနဲ့ လိုက်လာတာ လို့ ပြောပါတယ်။ သူ့ကို နှုတ်ဆက်ပြီး ကျွန်မတို့ ပြန်ထွက်လာပါတယ်။ လမ်းလည်း ပြန်မလျှောက်ချင်တော့ဘူး... ပင်ပန်းနေပြီ။ ဒါနဲ့ပဲ ဒိုင်နာဘက်စ်ကားကို တစ်ယောက် ၂၀၀ပေးပြီး ပြန်စီးလာခဲ့ ကြပါတယ်။ မိုတယ်ကို ပြန်ရောက်တော့ အိပ်ရာထဲ တန်းဝင်ပြီး အိပ်တော့တာပဲ။ အိပ်လို့ ပျော်ပါတယ်။



ဧပြီလ ၁၄ရက်
နောက်တစ်နေ့မှာတော့ တောင်ကြီးကနေ မိုင်အနည်းငယ် ဝေးတဲ့ မွေတော်ကတ်ကူ ကို သွားခဲ့ပါတယ်။ တစ်နာရီလောက် မောင်းရပါတယ်။ ဘုရားနားမှာပဲ မနက်စာကို ရှမ်းခေါက်ဆွဲ စားလိုက်ပါတယ်။

မွေတော်ကတ်ကူဟာ ပုဂံခေတ် (၁၃၀၀ အေဒီ ခန့်) လောက်က ပုဂံသားတွေ တည်ထားခဲ့တယ် လို့ သိရပါတယ်။ ဒါကြောင့်လည်း ဗိသုကာ စတိုင်က ပုဂံ စတိုင် ဖြစ်နေတာ ထင်ပါတယ်။ နောက် ရာဇဝင် တစ်ခု ကတော့ ဒီဘုရားတွေ အားလုံးကို အသောက ဘုရင်က တည်ထားခဲ့တာပါ တဲ့။ မဖြစ်နိုင်ဘူး ထင်တယ်နော်။ ဒါပေမယ့် ကိုယ်မသိတဲ့ ရာဇဝင်တွေ အကြောင်းကို မငြင်းချင်ပါဘူး.. ယုံချင်တာ ယုံပါ။ အခု အခါမှာတော့ တပ်မတော်သားတွေက ဘုရားတွေကို မွမ်းမံထားတာ တွေ့ရပါတယ်။ ကျွန်မတို့ နိုင်ငံက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေဟာ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ စာရင်းမှာ အထည့်မခံရတာ ဒီလို ပြုပြင်မှုတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဗုဒ္ဓ ဘာသာဝင် တွေကလည်း ဘုရားတစ်ဆူ ပြိုနေတာ... ဆေးမှိန်နေတာ တွေ့ရင် ပြင်ဆင်လှူဒါန်းချင် စိတ်လေးက ရှိနေကြတယ်။ အပြစ်ပြောတာ မဟုတ်ပါဘူး။ ကျွန်မ ကိုယ်တိုင်လည်း ဘုရားဟောင်းတစ်ဆူ ပြိုပျက်နေရင် ပြင်ဆင်ချင်တဲ့ စိတ်လေးက ရှိပါတယ်။ ဒါပေမယ့် အယုဒ္ဓယထက် အများကြီး စောတဲ့ ကျွန်မတို့ပုဂံ မြို့ဟောင်းက ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ မပါ၀င်တာကို နည်းနည်း ရင်နာမိ ပါတယ်။

အမှန်တော့ ကတ်ကူဟာ အခုနောက်ပိုင်းမှ ပေါ်လာတဲ့ နေရာ တစ်ခုပါ။ အရင်ကတော့ ဒီဒေသဟာ ပအို့ဝ် နယ်မြေထဲမှာ ရှိပါတယ်။ အခုတော့ ငြိမ်းချမ်းသွားပါပြီ။ ကတ်ကူမှာ ပအို့ဝ် စစ်သားတွေ စောင့်ရှောက်နေတာ တွေ့ရပါတယ်။ အဲ့ဒီက ဘုရားတစ်ဆူမှာ ယခင် ၀န်ကြီးချုပ် လှူဒါန်း သွားခဲ့တဲ့ အကြောင်း ကျောက်စာ တိုင် ကို တွေ့ရပါတယ်။ ရန်ကုန်မှာတော့ သူ့နာမည် ပါတာတွေ အားလုံး ဖြုတ်သိမ်းသွား ပေမယ့် ဒီမှာတော့ မသိမ်းထားပါဘူး။ကျွန်မ နဲ့ ကျွန်မရဲ့ မောင်လေးကတော့ ဘုရားတွေ ကြား လျှောက်သွားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။ ကိုယ့်ပုံလေးတွေလည်း ရိုက်ခဲ့တယ်။ ဘုရားတွေမှာ ထွင်းထားတဲ့ လက်ရာတွေကိုလည်း ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ကျွန်မတို့ ပြန်တော့မယ့် အချိန်မှာ ပအို့ဝ် ကလေးမလေးတွေ တစ်အုပ်ကြီး ရောက်လာပါတယ်။ သူတို့ကိုလည်း ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ချစ်စရာလေးတွေ။
















အပိုင်း (၂) ရေးပါဦးမည်။