Dec 29, 2009

ဘဝချင်းခြားတောင် ချစ်မှာ

0 comments

ဒီ သီချင်းလေးက မျက်စိမှိတ်ပြီးယုံ အခွေထဲက သီချင်းလေးပါ။ ချမ်းချမ်းကိုယ်တိုင် ရေးသားထားတယ်လို့ ဆိုပါတယ်။ ကျွန်မတော့ ကြားကြားချင်း ဒီသီချင်းလေးကို ကြိုက်သွားတယ်။ နောက်တော့ သူငယ်ချင်းတစ်ယောက်က ပြောတယ်.. ဒီသီချင်းရဲ့ မူရင်းက Jolin Tsai ရဲ့ Sky ဆိုတဲ့ သီချင်းတဲ့။ ဒါကြောင့် Sky သီချင်းကိုလည်း နားထောင်ကြည့်ဖြစ်တယ်။ ဘာလို့လဲ မသိ.. ချမ်းချမ်း အသံကို ပိုကြိုက်နေမိတယ်။ :D



ဘဝချင်းခြားတောင် ချစ်မှာ
ချမ်းချမ်း

ပူလောင်စွာ တိုးတိတ်ကြေကွဲ
ရင်နာစရာ မင်းမသိခဲ့ပါ
မင်းအချစ်က အခြားတစ်ယောက်အတွက်သာ
ငါသိလည်း ဇွတ်မှိတ်ချစ်ခဲ့
ဟန်ဆောင်ကာ ချစ်ခဲ့သူရယ်
ယုံလွယ်သူ ကိုယ့်ရဲ့ဘဝဟာ
မင်းမရှိတဲ့ နေ့ရက်တိုင်းမှာ
ကယ်သူမဲ့ အထီးကျန်ဆဲ

ဒီရင်ခွင်နွေးထွေးဆဲပါ
သူမလိုရင် မင်းအတွက် အသင့်ပဲ
ယုံကြည်ပါ အခုထိ ချစ်ဆဲ

Chorus:
(အချစ်ဆုံး မင်းအနားမှာ ရှိခွင့်ပေးပါနောက်ဆုံး
အရင်လို မချစ်တော့ရင် သွားပါ့မယ် မမုန်း
ရင်မှာ မင်းလေး တစ်ယောက်သာ
ငါတကယ် ရူးမတတ်အချစ်ဆုံး ဟိုတုန်းကလို
မချစ်တော့ရင် ထားခဲ့ပါ ဆက်ချစ်မယ် မမုန်း
မင်းအတွက်ဆိုပေးဆပ်မယ် တစ်သက်လုံး
နာကျင်ရင်းနဲ့ ပြုံးနေမှာ
ပျော်မယ်ဆို မင်းနဲ့ဘဝချင်းခြားတောင် ချစ်မှာ..)

ဝိုး.... ဟူး...

ပျော်ရွှင်စွာ အမှတ်တရတွေနဲ့
ရင်ခုန်စွာ တွေးမိဆဲမှာ
အပြုံးမပျက်တဲ့ မင်းရဲ့မျက်နှာ
အတူလက်တွဲ အချစ်သစ်တဲ့လား
တုန်ရီစွာ သိလိုက်ပြီပဲ
နင်ပျော်ရင်ပြီးတဲ့ ဘဝပါ
အမှတ်မရှိတဲ့ ငါ့ရဲ့အသည်းဟာ
ဒီလိုနဲ့ ခွင့်လွှတ်ဆဲ

ဒီရင်ခွင်နွေးထွေးဆဲပါ
သူမလိုရင် မင်းအတွက် အသင့်ပဲ
ယုံကြည်ပါ အခုထိ ချစ်ဆဲ

Chorus

Music

Chorus

အချစ်ဆုံး မင်းအနားမှာ ရှိခွင့်ပေးပါနောက်ဆုံး
အရင်လို မချစ်တော့ရင် သွားပါ့မယ် မမုန်း

Jolin Tsai - Sky
(Pinyin and Translation Credit to Chinese Music Blog)

ting zhe zi ji de xin tiao, mei you gui ze de tiao yue
Listening to my heart beating, jumping irregularily
wo an jing de zai si kao, bing bu xiang bei shei da rao
I am quietly pondering, not wanting to be disturbed by anyone
wo men ceng jin jin yong bao, que you qing yi de fang diao
We had tightly embraced, yet let go easily

na chong gan hue hen wei miao gai zen me shuo cai hao
That kind of feeling is very subtle, what is the right thing to say?
shi jian fen ge cheng dui jiao ting zhi ni dui wo de hao
Time is divided diagonally, halting your treating me well
wa jue wo men de yi kao
Disintegrate our dependence on each other

zai ni li kai zhi hou de tian kong, wo xiang feng zheng xun yi ge meng
After you left, I'm like a kite in the sky searching for a dream
wo jing jing de wang zhe tian kong, shi zhe sun zhao shi luo de gan dong
After a bout of rain, does the sky appear to be clearing up?
yu hou de tian kong, shi fou you fang qing hou de mian rong
I calmly gaze at the sky, trying to seek a feeling of loss
zhi neng yong xiao rong, qi dai zhe yu guo tian qing de cai hong
I can only use a smile to await the rainbow that follows the sky's clearing

Nov 30, 2009

ရောက်တက်ရာရာ ဘာညာကွိကွ

1 comments

ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်မရဲ့ ဘလော့ဂ်ကို invite-only လုပ်လိုက်ပါတယ်။ အခု တနင်္လာနေ့မှာ ပြန်ပြီး ဖွင့်လိုက်ပါတယ်။ “ဟမ်.. အမျိုးမျိုးပဲ” လို့ ပြောချင်ကြမယ် ထင်တယ်။ အစကတော့ ကျွန်မ အရေးအသားတွေကြောင့် တစ်စုံတစ်ယောက်ကို ထိခိုက်မိမှာ စိုးရိမ်နေလို့ပါ။ အခုတော့ ကျွန်မရဲ့ ကိုယ်ပိုင် ဘလော့ဂ်မှာ အစကတည်းက ကိုယ့်ဘာသာကိုယ် စဉ်းစားချင့်ချိန်ပြီး ရေးသွားရင် ရပါပြီ ဆိုပြီး ပြန်ဖွင့်လိုက်တာပါ။

ရည်းစားထားရင် ကောင်းမလား စိတ်ကူးနေမိတယ်။ စိတ်သာ ကူးတာပါ.. ဘယ်သူ့ကို ထားရမယ်မှန်းလည်း မသိပါဘူး။ ဒါပေမယ့်လည်း... အင်း.... မလွယ်သေးပါဘူး။ တော်ကြာ နောက်တစ်ခါ ထပ်ပြီး ဒုက္ခရောက်နေဦးမယ်။ ကိုယ့်ဘာသာကိုယ် အေးအေးနေတာပဲ ကောင်းပါတယ်။

ဒါပေမယ့် နည်းနည်းတော့ မြောင်းတူးလိုက်ဦးမယ်နော်.. လိုရမယ်ရပေါ့.. အာဟိ.. :P

အမှန်တော့ ကျွန်မ depressed ဖြစ်နေတာ။ ဘယ်လို ပျောက်အောင်လုပ်ရမယ်မှန်း မသိဘူး။ ဒါကြောင့် ကျွန်မ တခြားနေရာတွေမှာ စိတ်ပြောင်းလဲ ထားဖို့ ကြိုးစားနေတယ်။ ဥပမာ - မနေ့ကဆိုရင် မားကက်တင်း volunteer လုပ်ခဲ့တယ်။ ကျွန်မ ရဲ့ အလုပ်နဲ့ လုံးဝ မပတ်သက်ပေမယ့် အတွေ့အကြုံရအောင် ဆိုပြီး volunteer လုပ်ခဲ့တာပါ။ တစ်နေ့လုံး မတ်တပ်ရပ်နေရတော့ ခြေထောက်တွေလည်း ကျိန်းစပ်နေတာပဲ။ ဒါပေမယ့် ပျော်ဖို့လည်း ကောင်းပါတယ်။ ရုံးက တခြားဌာနက volunteer လုပ်တဲ့သူတွေနဲ့ပါ ပိုပြီး ခင်သွားတယ်။ အရင်က တစ်ရုံးတည်း ဆိုပေမယ့် လုပ်ငန်းဆက်စပ်မှု မရှိတော့ စကားမပြောဖြစ်ခဲ့ကြဘူး။

ပြီးတော့ ကောင်လေး ချောချောလေးတစ်ယောက်လည်း တွေ့ခဲ့သေးတယ်။ ဟိဟိ။ ဒါကတော့ ချောလို့ပါ.. ဟိုလိုမျိုး ကြိုက်တာရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ကားခေါင်မိုးပေါ်မှာ အမွှေးပွ အရုပ်လေး သွားထားမလို့ အထိတောင် စဉ်းစားမိပါတယ်။ ကိုယ်တွေ အုပ်စုကမှန်း သိသာနေလွန်းမှာစိုးလို့ လက်လျှော့လိုက်တာ။ :D

အခု gym လည်း သွား မဆော့ဖြစ်တော့ပြန်ဘူး။ အားကစားလုပ်ရတာ ပျော်ပါတယ်။ ဒါပေမယ့် သွားရတာ ဘက်စ်ကားစီးသွားရတယ်။ ပြန်လာရင်လည်း သူတို့ဆီမှာ ရေမရှိတော့ ဒီအတိုင်းကြီး ရေမချိုးပဲ ပြန်လာရတာကို မကြိုက်တာ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အိမ်ကနေ ၁၀ မိနစ်လောက် လမ်းလျှောက်ရတဲ့ gym မှာ ကစားဖြစ်တုန်းကတော့ ရေမချိုးရလည်း အိမ်ကို လမ်းလျှောက်ပြန်တာ ဆိုတော့ ဘာမှ မဖြစ်ဘူး။ အခုက ဘတ်စ်ကား ပြန်စီးရတော့ ကားပေါ်မှာ ကိုယ်က ချွေးတွေနဲ့ နေရတာ မကြိုက်ဘူး။ ကိုယ်က ချွေးစော်နံတတ်သူ မဟုတ်ပေမယ့် ကိုယ့်ဘာသာကိုယ် စိတ်မလုံဘူး ဖြစ်နေတယ်။ ဒီတော့ သွားကစားဖြစ်ရင်လည်း မနက်ပိုင်း အစောကြီး သွားကစားဖြစ်မယ် ထင်တယ်။ ဒါပေမယ့် စနေ၊ တနင်္ဂနွေ မနက်တွေဆိုရင် အရမ်း အိပ်တတ်တော့ သိပ်မထချင်ဘူး ဖြစ်နေတယ်။ ကျန်းမာရေးလည်း လိုက်စားချင်... အပျင်းကလည်းကြီးနဲ့.. အင်း..

လခထုတ်ရက် ရောက်လို့ လာပြန်ပါပြီ။ :D ဒါပေမယ့် ဒီနေ့ တစ်နေ့ပဲ ကိုယ့်အိတ်ထဲမှာ ပိုက်ဆံတွေ ရှိပြီး၊ နောက်တစ်နေ့ကျရင် အမေ့ပိုက်ဆံအိတ်ထဲ ရောက်သွားမှာဆိုတော့ အဲ့ဒီလို မရောက်ခင်လေးမှာ ကိုယ့်အတွက် ပစ္စည်းလေးတွေ နည်းနည်း သွားဝယ်လိုက်ပါဦးမယ်လေ။ :P

Jul 13, 2009

အချစ်နှင့် ကျွန်မ၏ ခံစားချက်

1 comments

အခု တစ်လော ဘာစဉ်းစားနေမိလဲဆိုတော့ အချစ် ဆိုတဲ့ အကြောင်းအရာပေါ့။ ဘာရယ် မဟုတ်ပါဘူး...

ဆယ်ကျော်သက်နဲ့ ၂၀ အစပိုင်း အရွယ်တုန်းကတော့ ကိုယ့်မှာသာ တစ်နေ့ ချစ်သူ ရှိလာခဲ့ရင် ကိုယ့်ရဲ့ ချစ်သူကို စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အောင် အလိုလိုက် အကြိုက်ဆောင် ထားမယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ခံယူထားမယ် ဆိုပြီး စိတ်ရှိတယ်။ အဲ့ဒီတုန်းကတော့ မြန်မာ အချစ်ဝတ္ထုတွေ ဖတ်ပြီး စိတ်ကူးတော်တော်ယဉ်ခဲ့ဖူးတဲ့ အချိန်တွေပေါ့။ မနက် မိုးလင်းလာချိန် အိမ်ရှေ့ ခြံစည်းရိုးမှာ secret admirer တစ်ယောက်ယောက်က ပန်းစည်းလေး ထားခဲ့တာတို့၊ ညဖက်ဆိုရင် အိမ်ရှေ့မှ ဂီတာလာတီးတာမျိုး ရှိမလား ဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အခု အသက် ၂၆ နှစ်သာ ကျော်လာတယ်.. တစ်ခါမှ အဲ့ဒီလိုမျိုး မကြုံဘူးပေါင်။ =P

အဲ့ဒီတုန်းက အချစ် ကဗျာတွေ မဂ္ဂဇင်းထဲမှာပါရင် အသေလိုက်မှတ်၊ ပြီးရင် စာအုပ်လေးနဲ့ ရေးထားဖူးတယ်။ အခုနောက်ပိုင်းတော့ ကဗျာတွေကို လုံးဝမခံစားတတ်တော့ဘူး။ မဂ္ဂဇင်းတွေထဲမှာ ကဗျာတွေပါရင် ကျော်ဖတ်ပစ်တာ။ ပြီးတော့ ဖော်ရမ်မှာဆိုရင်လည်း ကဗျာတော့ပစ်တွေဆို လုံးဝ မဖတ်ဘူး။ အဲ့ဒီလို အနုပညာကို ခံစားတတ်တာ။ :P

အခုနောက်ပိုင်း အတ္တကြီးလာတာ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေဆို အကြင်နာပိုတယ်၊ မေတ္တာပို ထားတယ်။ ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေဆို မသိသလို ဖာသိဖာသာ နေဖြစ်တယ်။ မကောင်းမှန်း သိပါတယ်။ ဒါပေမယ့် ကိုယ်က မေတ္တာထားပေမယ့် ကိုယ့်ကို မေတ္တာ ပြန်မထားတော့၊ စိတ်ထဲမှာ မေတ္တာ မထားလည်းနေ၊ ကိုယ့်ကို မေတ္တာထားတဲ့ သူတွေနဲ့ပဲ ပေါင်းမယ် ဆိုပြီ စိတ်ဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရင် မာနထားမိတာပေါ့။ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့လည်း မယူဆတော့ဘူး။ ကိုယ့်ဘက်က တစ်ချိန်လုံး ပေးဆပ်နေရတာ၊ တစ်ဖက်သက်ချည်း ချစ်နေရတာကို အရမ်းမုန်းလာတယ်။ ဒီတော့ ဒီလို ဘယ်တော့မှ မလုပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားတယ်။ ရည်းစားဟောင်းနဲ့တုန်းကလည်း အဲ့လိုပဲ.. အစပိုင်းမှာ ကိုယ့်ကို ဂရုစိုက်တော့ သာယာမိတယ်။ နောက်ပိုင်းကျတော့ စကားများ၊ အဆင်မပြေဖြစ်လာချိန်ကျတော့ ကိုယ့်ကို မချစ်တဲ့လူ၊ ကိုယ့်ကို ဂရုမစိုက်တဲ့သူကို ကိုယ်လည်း ချစ်ဖို့ မကြိုးစားတော့ဘူးဆိုပြီး စိတ်ဖြစ်လာတယ်။ ဒီတော့ အခြေအနေက ပိုဆိုးသွားတော့တာပေါ့။

အခုနောက်ပိုင်း ရည်းစားဟောင်းနဲ့ ကိုယ်နဲ့ စကား နေ့တိုင်းနီးပါး ပြောဖြစ်တယ်။ ရည်းစားတွေသာ မဟုတ်တော့တာ ... အရင်တုန်းကလိုပဲ စကားပြောတော့ မပြတ်ဘူး။ တစ်ခါတစ်လေ တောင်းပန်တဲ့စကားတွေ ပြောဖြစ်သေးတယ်။ တစ်ခါတစ်လေ တော့လည်း ရည်းစားဖြစ်ခဲ့တုန်းက ကိုယ်မကျေမနပ်ဖြစ်ခဲ့တဲ့ အရာတွေကို ပြန်ပြောဖြစ်တယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က commitment မရှိတော့တော့ စိတ်ထဲမှာ နာကျည်းနေတာမျိုးလည်း မရှိတော့ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တော့လည်း “သြော်.. သူ ငါ့ကို အလေးတစ်စိုက် ရှိသေးသားပဲ” ဆိုပြီး ကြည်နူးမိတယ်။ ဟောင်ကောင် ရောက်နေတုန်းက ညတိုင်းနီးပါး သူနဲ့ စကားပြောဖြစ်တယ်။ သူက ကျွန်မနေတဲ့ ဟိုတယ်ကို ဖုန်းဆက်တယ်.. ကျွန်မက အပြင်သွားနေလို့ အခန်းထဲမှာ မရှိရင် သူက message ချန်ထားခဲ့တယ်။ ညဘက် ဟိုတယ်အခန်းကို ပြန်ရောက်တော့ သူထားခဲ့တဲ့ message တွေ နားထောင်ပြီးမှ အိပ်တယ်။ ဟောင်ကောင်မှာ နေခဲ့တဲ့ နောက်ဆုံးညတုန်းက သူနဲ့ voice chat ပြောဖြစ်သေးတယ်။ အကြာကြီးပဲ.. မနက် ၂းဝ၀ လောက်မှ သူက သွားအိပ်ချည်တော့လို့ ပြောမှ အိပ်ရာဝင် ဖြစ်တယ်။ ပြောဖြစ်တာတွေကလည်း ဟိုလို အီစီကလီတွေ ပြောဖြစ်တာ မဟုတ်ပါဘူး။ ဟို သတင်း၊ ဒီသတင်းတွေ ပြော၊ (သူက သတင်းအရမ်းကြည့်တာ၊ ကျွန်မကိုလည်း သတင်း သိပ်မဖတ်လို့ဆိုပြီး ရည်းစာ ဘဝတုန်းက အပြစ်ပြောသေးတယ်။ :P)၊ သီချင်းတွေ ရှယ်ယာလုပ် ဒီလောက်ပါပဲ။

ဒါပေမယ့် ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို စကားပြောချင်တဲ့ သူတစ်ယောက် ရှိသားပဲ ဆိုပြီး ကြည်နူးမိပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်၊ အင်ဒိုနီးရှားရောက်တုန်းက သူနဲ့ အွန်လိုင်းမှ စတွေ့ပြီး စကားပြောခဲ့ကြတာကို ပြန်သတိရမိတယ်။ အဲ့ဒီတုန်းကလည်း ကိုယ့်ကို အရေးတယူ လာစကားပြောဖော် ရတယ်ဆိုပြီး စကားပြောဖြစ်ရင်းနဲ့ ခင်သွားကြတာ။ သူနဲ့ ကိုယ်နဲ့က အွန်လိုင်းမှာ တစ်ယောက်ကို တစ်ယောက် ဘယ်သူဆိုတာ သိနေတာတော့ ကြာပါပြီ။ ဒါပေမယ့် မခင်ကြဘူး.. ညီမနဲ့ သူနဲ့က သီချင်း ရှယ်ယာလုပ်ကြတာဆိုတော့ ညီမနဲ့ ပတ်သက်ပြီး သိသွားတာ။ ညီမက အကူအညီတောင်းလို့ သူ့ကို ဂျီးမေးလ် invite ပို့ဖူးတယ်.. ဒီလောက်ပဲ ရှိတာ။ အဲ့ဒီ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ အီးမေးလ်အဟောင်းက contact တွေ၊ အီးမေးလ် အသစ်မှာ လိုက်ထည့်ရင်း သူ့ကို add လိုက်မိတာ။ မှတ်မှတ်ရရ ၂၀၀ရ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ည မှာမှ သူနဲ့ စ စကားပြောဖြစ်တာ။ အဲ့ဒီလို စကားပြောရင်းနဲ့ အင်ဒိုနီးရှားမှ ရှိနေတုန်း ညတိုင်း စကားပြောဖြစ်သွားတာ။ ဒီလိုနဲ့ပဲ သံယောဇဉ် ဖြစ်သွားလေသတည်းပေါ့။ (အဲ့ဒီတုန်းက သူ့ကို voice-chat ကနေ သီချင်းဆိုပြတာ မှတ်မိသေးတယ်။ :P) ဘာဖြစ်လို့ သူနဲ့ လမ်းခွဲရသလဲဆိုတာတော့ မပြောချင်တော့ပါဘူး။ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေလို့လဲ ပြီးသွားတဲ့ အရာက ပြန်ကောင်းလာတော့မှာမှ မဟုတ်တာ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့ လို့ပဲ ဆိုပါဆို့။ ပြီးတော့ ကျွန်မဘက်က သူ့ကို တကယ်မချစ်မိလို့ လို့ပဲ ဆိုပါစို့။ သူသာ ကျွန်မ စိတ်ကြိုက်နေခဲ့ရင် ကျွန်မ သူ့နဲ့ လမ်းခွဲဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်။ အချစ်ဆိုတာ ချက်ချင်းလုပ်ယူလို့ မရပေမယ့် တဖြည်းဖြည်းနဲ့ သံယောဇဉ် တွယ်တတ်တာမျိုး ဆိုတော့ အခု သူ့ကို မချစ်သေးပေမယ့် နောက်ကျရင် ချစ်မိသွားမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်မ သည်းမခံနိုင်တဲ့ အရာတွေကို သူလုပ်ခဲ့တယ်။ ကျွန်မကလည်း သူ သည်းမခံနိုင်တဲ့ အရာတွေ လုပ်ချင် လုပ်ခဲ့မိမှာပေါ့။ ဒါကြောင့်လည်း လမ်းခွဲခဲ့ကြတာပါ။

ဒါပေမယ့် အခုနောက်ပိုင်း ဇာတ်လမ်း ပြန်စရင် ကောင်းမလား ဆိုပြီး တစ်ခါတစ်ခါ စဉ်းစားကြည့်မိပါတယ်။ တစ်ခါတစ်လေ လွမ်းသလိုလို ဖြစ်တာကိုး... ဟောင်ကောင်ရောက်ခဲ့တုန်းက သူသာ ကျွန်မဘေးမှာ ရှိရင် ကောင်းမယ် ဆိုပြီး စိတ် ခဏခဏ ဖြစ်မိတယ်။ ဒါပေမယ့် သူ့ဘက်ကတော့ ဇာတ်လမ်းပြန်စဖို့ စိတ်ကူး မရှိဘူး ထင်ပါတယ်။ ပြီးတော့ ကျွန်မ မကြိုက်တဲ့ သူ့ရဲ့ အကျင့်တွေကို ကျွန်မ သည်းခံနိုင်ဦးမယ် မထင်ပါဘူး။ ဒီတော့ အခုလို ရည်းစားဟောင်းဆိုတဲ့ သံယောဇဉ်နဲ့ သူငယ်ချင်းလို နေတာပဲ ကောင်းပါတယ်။ အရင်တုန်းက သူနဲ့ ကိုယ့်ရဲ့ကြားမှာ ရှိခဲ့တဲ့ ပျော်ရွှင်မှုတွေကိုပဲ အမှတ်ရနေချင်တော့တယ်။

မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်ဆိုတာ ကြားဖူးပေမယ့် ကိုယ့်အတွက်ကတော့ မမှန်ပါဘူး။ ကိုယ်ကသာ မေတ္တာတွေထား၊ လွမ်းဆွတ် သတိရနေတာ.. သူတို့တွေက ကိုယ့်ကို ဖုတ်လေတဲ့ ငါးပိ၊ ရှိတယ်လို့တောင် မအောက်မေ့ကြဘူး။ ကိုယ်ကသာ သူတို့ဆီကို အီးမေးလ်တွေပို့၊ ဖုန်းတွေဆက်၊ သူတို့ဘက်ကျတော့ အလုပ်မအားဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ် သူတို့ဆီက စာမလာ၊ သတင်းမကြားလို့ စိတ်ပူတဲ့ အကြောင်း ပြောတာတောင် ကိုယ့်ကို အပြစ်တင်သလို လုပ်ကြတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့ စိတ်တွေကလည်း ခက်ထန်လာတယ်။ အဲ့ဒီလို လူတွေကို မေတ္တာ မထားချင်တော့ဘူး။ ကိုယ့်ဘာသာ ကိုယ်သာ သူတို့အတွက် စိတ်ပူရင် စိတ်ပူမယ်၊ သတိရရင် သတိရနေမယ်၊ လွမ်းရင် လွမ်းနေမယ်၊ သူတို့ကိုတော့ ကိုယ် သူတို့အကြောင်း စဉ်းစားနေတဲ့အကြောင်း၊ သူတို့အတွက် စိတ်ပူနေရတဲ့ အကြောင်း မပြောဖြစ်တော့ဘူး။ သူတို့ ဒါတွေကို သိလို့လည်း ဘာမှ ထူးပြီး ခံစားရတာမှ မဟုတ်တာ။ ဒီတော့ အလုပ်ရှုပ်တယ်၊ စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်။

အသက်ကြီးလာလို့လား မသိဘူး... အရင့် အရင်တုန်းက မရှိခဲ့ဖူးတဲ့ (ရှိခဲ့ရင်တောင် မသိကျိုးကျွံ ပြုခဲ့ဖူးတဲ့) မာနဆိုတာ အခုအချိန်ကျမှ တစ်ထောင်ထောင် ဖြစ်နေတယ်။ တစ်ခုခု လုပ်မယ် စဉ်းစားလိုက်တိုင်း ငါ ဒီလို လုပ်လိုက်ရင် ငါ့ရဲ့ မာန၊ ငါ့ရဲ့ သိက္ခာကို ထိခိုက်သလို ဖြစ်သွားမှာပဲ ဆိုပြီး မလုပ်ဖြစ်တာတွေ အများကြီး။ အရင်ကလို စိတ်နောက်၊ ကိုယ်ပါ စကားတွေ မပြောဖြစ်တော့ဘူး။ ရင်ထဲက ခံစားချက်တွေကိုလည်း ထုတ်ဖော် မပြောဖြစ်တော့ဘူး။ တစ်ခါတစ်လေကျတော့လည်း ငါ ဒီလို စိတ်ကြီးထားတာ မကောင်းပါဘူး ဆိုပြီးလည်း ဖြစ်မိပါရဲ့.. ဒါပေမယ့် မာနက ရှေ့ရောက်နေတာ များတယ်။ :)

တကယ်တော့ ပေးဆပ်ခြင်းနဲ့ ချစ်တဲ့ အချစ်ဆိုတာ သီချင်းတွေထဲမှာပဲ ရှိတာပါ။ အပြင်မှာ မရှိသလောက် ရှားပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မကျင့်သုံးနိုင်ဘူး... သူတပါးဆီကတော့ လိုချင်နေမိတယ် ဆိုတာကတော့ ဘယ်တရားပါ့မလဲနော်။ ;) ကျွန်မကတော့ ရှင်းပါတယ်... ကိုယ် ပေးဆပ်နိုင်သလောက်တော့ ကိုယ်ပေးဆပ်မယ်၊ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်ဆိုရင် ဘယ်လိုပဲ လုပ်ရ၊ လုပ်ရ ရပါတယ်။ ဒါပေမယ့် သူ့ဘက်ကတော့ မပေးဆပ်ပဲ ကိုယ်ကချည်းပဲ ဆိုရင်တော့ မမိုက်ဘူး။ အဲ့ဒီလိုမျိုး တစ်ဖက်သတ်ချည်း ဖြစ်နေတာတော့ သဘာဝ မကျဘူး ထင်တာပဲ။ ဒီတော့ နှစ်ဦးနှစ်ဖက် reflect လုပ်မှပဲ ကောင်းမယ် လို့ ခံယူမိတယ်။

ဒါကတော့ လတ်တလော စိတ်ထဲမှာ ဖြစ်နေမိတဲ့ အကြောင်းအရာလေးတွေပါ။ ranting သဘောမျိုးတော့ နည်းနည်း သက်ရောက်သွားမလားပဲ။ စိတ်ထဲမှာ မကြေလည်တာတွေ များနေလို့ ဝေါ့အန်ချလိုက်တာပါ။ :P

-+-+-+-

အခု နားထောင်နေမိတဲ့ သီချင်း - စည်သူလွင် - အနမ်းအိမ်အပြန်

(ဒီသီချင်းကတော့ အပေါ်က ပို့စ် အကြောင်းအရာတွေနဲ့ မသက်ဆိုင်ပါဘူး။ အခု ဖော်ရမ်မှာ ဖော်ရမ်မာ တစ်ယောက် request လုပ်ထားလို့ ရှာပေးရင် ကိုယ်လည်း နားထောင်နေမိတာ။ အဲ့ဒီသီချင်းကို တော်တော်ကြိုက်မိဖူးတယ်။ အခုပြန်နားထောင် ဖြစ်တော့လည်း ကြိုက်တုန်းပါပဲ။ အရင်တုန်းက စည်သူလွင် အရမ်းကြိုက်ခဲ့ဖူးတုန်းက သူ့ရဲ့ selection အခွေဆိုပြီး ကိုယ်တိုင် အကြိုက်ဆုံး စည်သူလွင် သီချင်းတွေ ရွေး၊ တိပ်ပ်နဲ့ ပြန်ကူးခဲ့ဖူးတယ်.. အဲ့ဒီအခွေထဲမှာလည်း ဒီ သီချင်း ပါတယ်။ ဤကား နောက်ခံ ရာဇဝင် အကျဉ်းချုပ်)


Jul 8, 2009

အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်

4 comments

ဒီနေရာလေးမှာ မရေးဖြစ်တာတောင် တော်တော်ကြာပြီ။ ရေးမယ်၊ ရေးမယ်နဲ့ အလုပ်မအား၊ စိတ်မပါနဲ့ မရေးဖြစ်တာပါ။

ဟောင်ကောင်ကနေ ချောမွေ့စွာ ပြန်ရောက်လာပါတယ်။ ဒါပေမယ့် ကျွန်မဆီမှာ ဒီအတောအတွင်း ကိစ္စတွေ အများကြီး ဖြစ်နေတယ်။ ပထမဆုံးက ကျွန်မ ဟောင်ကောင် မသွားခင် ညမှာပဲ အဖွား ဆုံးသွားပါတယ်။ အဖေ့ဘက်က အဖွားပါ။ ညဘက်ကြီး အိပ်နေတုန်း အမေက လာနိှုးပြီး ပြောတယ်။ အဖေက ညဖက် အဖွား အခြေအနေမကောင်းဘူး ဆိုကတည်းက ည ၁းဝ၀ နာရီလောက်ကတည်းက သွားတာ၊ အသက်မမှီလိုက်ဘူး။ အဲ့ဒါ အမေကတော့ မနက် ၄းဝ၀ နာရီလောက်မှ လိုက်သွားမယ်လုပ်ပြီးမှ၊ အဖေက ဖုန်းလှမ်းဆက်တယ်။ ကျွန်မကို ပဲ လေဆိပ်သွားပို့လိုက်၊ သူ လိုက်မပို့တော့ဘူး ဆိုပြီး။ အဲ့ဒါနဲ့ ကျွန်မလည်း လေဆိပ်ကို အမေနဲ့ပဲ တက်ဆီ ငှားပြီး သွားခဲ့ရတယ်။

ဟောင်ကောင် သွားတယ်ဆိုတာကလည်း ဒီအတိုင်း ကျော့ကျော့လေး ပတ်စ်ပို့လေး ကိုင်ပြီး ထွက်သွားရတာ မဟုတ်ပါဘူး။ တော်တော်လေးလည်း စိတ်ရှုပ်ခဲ့ရပါတယ်။ ကျွန်မကို စဖိတ်ပြီး၊ ကျွန်မကမှ ကျန်တဲ့သူတွေကို လှမ်းဖိတ်ပေးတာဆိုတော့ ကျွန်မက အော်ဂနိုင်ဇာ လို ဖြစ်နေခဲ့တယ်။ ဒီတော့ အားလုံးကို ကျွန်မပဲ တာဝန်ယူလုပ်ပေးပါတယ်။ လေယာဉ်လက်မှတ်မှာ သူငယ်ချင်း နာမည်မှားနေလို့ ပြန်ပြင်ရတာနဲ့၊ ဗီဆာ သွားလျှောက်ဖို့ စာရွက်စာတမ်းတွေ လုပ်ပေးရတာနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ တစ်ယောက်က မန္တလေးက ဆိုတော့ သူ ကိုယ်တိုင် လက်မှတ်ထိုးရမယ့်ဟာတွေကို သူ့ကို လက်မှတ် သက်သက် ထိုးပြီး စကန် ဖတ်ခိုင်း၊ ပြီးတော့ စာတမ်းထိုးရမယ့် စာရွက်ကို စကန်ဖတ်ပြီး လက်မှတ်ကို ဖိုတိုရှော့နဲ့ တပ်၊ ဒီလိုတွေ လုပ်ခဲ့ရတာ။ Illegal ဖြစ်၊ မဖြစ်တော့ ကိုယ်လည်း မသိတော့ဘူး။ လိမ်လျှောက်တာမှ မဟုတ်တာနော်။ သူ့လက်မှတ် အစစ် ထိုးတာပဲဟာ။ :P ထွက်ရမယ့်နေ့ မတိုင်ခင်က လေယာဉ် လက်မှတ် သွားထုတ်မယ်ဆိုပြီး မြို့ထဲက လေယာဉ်လက်မှတ် ရုံးကို သွားတာ၊ ကျေးဇူးရှင် ရုံးက စနေ၊ တနင်္ဂနွေ ပိတ်ပါတယ်တဲ့။ ကြိုတင် မစုံစမ်းမိပဲ၊ သူတို့ရဲ့ automatic phone responder မှာ ပြောထားတဲ့အတိုင်း စနေ၊ တနင်္ဂနွေ ဆို နေ့လည် ၁၂းဝ၀ နာရီအထိ ဖွင့်ပါတယ် ဆိုတာကိုပဲ စိတ်မှတ်ပြီး လုပ်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတာပေါ့လေ။ ဒါပေမယ့် ကိုယ့်ကို ဖိတ်သူတွေက ကိုယ့်ကို travel itinerary ပို့ပေးပြီးသားဆိုတော့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်လေယာဉ်နဲ့ ထွက်မယ်ဆိုတာတော့ သိပြီးသားပါ။ သူတို့ ဟိုဘက်က စီစဉ်ပေးတာဆိုတော့ သူတို့ဆီက “itinerary ပြင်ထားတယ်၊ အီးမေးလ် ပို့လိုက်ပါမယ်” ဆိုလို့ စောင့်နေရတာ။ ညဘက် ၁၁းဝ၀ နာရီထိုးတဲ့အထိ မရောက်လာဘူး။

ဒါပေမယ့် အစောကတည်းက အားလုံးကို တနလာင်္နေ့ မနက် ရး၃၀ လေဆိပ်အရောက်လာခဲ့ပါ ဆိုပြီး ခေါ်လိုက်တယ်။ အဲ့ဒီ မနက် e-ticket ရောက်ရင် သွားမယ်၊ မရောက်ရင် အိမ်ပြန်မယ် ဆိုပြီး၊ စိတ်ပိုင်းဖြတ်လိုက်တယ်။ လေဆိပ်ရောက်တော့မှ သူငယ်ချင်း ရဲ့ laptop ကို ဖွင့်၊ အီးမေးလ်စစ်တော့မှ (ရန်ကုန် လေဆိပ်မှာ wi-fi ရပါသည်။ ဟဲဟဲ) တစ်ဖက်က အသစ်ပြင်ထားတဲ့ e-ticket က ရောက်လာလို့၊ ချက်ချင်း နောက် သူငယ်ချင်းကို အပြင်မှာ သွား print လုပ်ခိုင်းရတယ်။ ဒီလိုနဲ့ ဟောင်ကောင်ကျွန်းကို ရောက်ရှိခဲ့ရတယ်ပေါ့.. ဂလို ဂလို.. (ဒါတောင် တခြား တလွဲတွေ ရှိသေးတယ်.. ကိုယ့်ကိစ္စ မဟုတ်လို့ မရေးချင်လို့.. :P)

ဟောင်ကောင်က ပြန်ရောက်တော့လည်း အဆင်မပြေတာတွေ ကုန်သွားပြီလို့ မထင်လေနဲ့.. မကုန်သေးပါ။ လေဆိပ်ကနေ ထွက်လာတော့ အမေ့ကို တွေ့တယ်.... “အမေ၊ အဖေလည်း မလာဘူးလား၊ ကားမပါဘူးလား” ဆိုတော့... နောက်ထပ် ရင်မောစရာတွေ ကြားရပါလေရော။ အဖေက အလုပ်မအားလို့၊ အဖေ့ ညီ၊ ကျွန်မ ဦးလေးကို ကားမောင်းပို့ခိုင်းတယ်။ ဦးလေး ရဲ့ မိန်းမနဲ့ ကလေးတွေက ကျွန်မကို လာကြိုချင်လို့ဆိုပြီး ပြောထားတော့ ဦးလေးက သူတို့ကို သွားပြန်ခေါ်တဲ့ အချိန်မှာ ကား အက်ဆီးဒင့် ဖြစ်ပါလေရော။ ကံတော်တော်ကောင်းလို့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရပေမယ့်၊ ကားနှစ်စီးလုံး တော်တော် ပျက်စီးသွားတယ်။ တော်သေးတာက၊ ကားတိုက်တာ အိမ်နားက အတွင်းလမ်းထဲမှာဆိုတော့ ရဲတွေ ဘာတွေအထိ မရောက်ပဲ ကိုယ့်ဘာသာကိုယ် ညှိုနှိုင်း ဖြေရှင်းလို့ ရသွားတယ်။ ဦးလေးဘက်က လွန်တာဆိုတော့ ကျွန်မတို့ဘက်က လျော်ရမှာပေါ့။ ဒါနဲ့ပဲ ပိုက်ဆံ ၈ သိန်းလောက် (ကိုယ့်ဘက် ကားပြင်တာရော၊ သူတို့ကို လျော်ရတာရော)ကုန်သွားလေရော။ ကျွန်မမှာတော့ ဟိုကို ပိုက်ဆံ သိပ်မပါသွားပဲ၊ ပိုက်ဆံ ချွေတာလိုက်ရတာ.. (ဝယ်တာတော့ ၀ယ်တာပေါ့.. ဒါပေမယ့် သိပ်မဝယ်ဖြစ်ဘူးပေါ့ :P) ဒီဘက်က တဖက်လှည့်နဲ့ ကုန်သွားပါလေရော။ :(

ရန်ကုန်ပြန်ရောက်တော့လည်း အလုပ်ပြန်တက်တော့ အလုပ်တွေ ရှိတာပေါ့။ ဒီကြားထဲ Facebook မှာ လယ်စိုက်နေရတာနဲ့.. (လယ်စိုက်တဲ့ ဂိမ်း ၅ ခုလုံး ဆော့တာ။ :P) အချိန်တော်တော် ပေးရတာ.. အဲ့ဒါ အခု စိတ်ပိုင်းဖြတ်လိုက်တယ်။ အခုမှစ၍ နောက် နှစ်ပတ်အတွင်း လယ်လုံးဝ မစိုက်ဘူး ဆိုပြီး။ အပင်တွေကိုလည်း ၃ ရက်စာဟာတွေ စိုက်ထားလိုက်တယ်။ တစ်ခါ ရိတ်ပြီးရင် ပြန်မစိုက်တော့ပဲ ထားထားလိုက်တော့မယ်။ အလုပ် နည်းနည်း ပါးသွားမှ လယ်ပြန်စိုက်မယ် လို့။ =D

ဒီကြားထဲ သူငယ်ချင်းနဲ့က အဆင်မပြေ ဖြစ်လိုက်သေးတယ်။ ဟို သူငယ်ချင်း မဟုတ်ဘူး.. အခုဟာက သူငယ်ချင်း အစစ်။ :P YC ဆိုတဲ့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းပေါ့။ သူ ရန်ကုန် ပြန်ရောက်နေတုန်း ကျွန်မ နဲ့ တွေ့ဖို့ ချိန်းနေတာ၊ ဟိုအကြောင်း ပြလိုက်၊ ဒီအကြောင်းပြလိုက်နဲ့ မတွေ့ဖြစ်ဘူး။ ဒီတစ်ပတ် တနင်္ဂနွေနေ့က ညီမရဲ့ မွေးနေ့ လုပ်တော့ သူ့ကိုပါ ဒန်ပေါက် ကျွေးချင်လို့ ဖိတ်လိုက်တာ... စစချင်း ဖိတ်တုန်းကတော့ လာမယ်ပြောပြီး၊ အ့ဲဒီနေ့ကျတော့ ပေါ်မလာလို့၊ ဖုန်းဆက်လိုက်တာ မလာတော့ဘူး တဲ့။ တော်တော် စိတ်တိုသွားပြီး.. “မလာလည်းနေဟာ၊ ဒါပဲ” ဆိုပြီး ဖုန်းကို ဒေါက်ကနဲ ချပစ်လိုက်တယ်။ ကြားထဲမှာ စိတ်တိုတာ မပြေသေးလို့ ဖုန်းထပ်ဆက်တာ ဖုန်းမကိုင်ဘူး။ အဲ့ဒီအခါကျတော့ ငါဖုန်းချလိုက်လို့ စိတ်တိုသွားပြီး ဖုန်းမကိုင်တာလား ဆိုပြီး စိတ်က ပူသွားသေးတယ်။ နောက်တစ်နေ့ ညနေ ဖုန်းထပ်ဆက်တော့ သူ အခု ပြန်တော့မှာ.. လေဆိပ်သွားတဲ့လမ်းမှာ ရောက်နေပြီ တဲ့။ ကျွန်မ တော်တော်ဝမ်းနည်းသွားတယ်။ ဒေါသလည်း ထွက်တယ်။ (ကျွန်မ တော်တော် ဒေါသထွက်ရင် မျက်ရည်ကျရော.. Twilight ထဲက Bella လိုပဲ :P) သူ ကျွန်မကို မတွေ့ချင်လို့ ဒီလို ရှောင်နေတာပေါ့ ဆိုပြီး။ ကျွန်မ သူ့ကို ပြောရင်း မျက်ရည်တွေ ကျလာလို့ စကားမပြောပဲနေ နေတာ၊ သူက ဖုန်း အရင်ချသွားတယ်။ စစချင်းတုန်းကတော့ သူ မတွေ့ချင်လည်းနေပေါ့၊ ငါ့ဘက်ကလည်း အနေသာကြီး ဆိုပြီး မာန်တင်းကြည့်သေးတယ်။ ဒါပေမယ့် သူနဲ့ ကိုယ်နဲ့ ခင်လာတဲ့ နှစ်တွေကလည်း တော်တော်ကြာလာပြီဆိုတော့ အဲ့ဒီလို မာန်တင်းပြီးတော့လည်း မနေနိုင်ပါဘူး။ သူ မတွေ့ချင်ရင်လည်း မတွေ့ရုံပဲ ရှိတာပေါ့ ဆိုပြီး စိတ်လျှော့လိုက်တယ်။ တော်တော်လေးကြာတော့မှ သူ့ကို Have a safe flight လို့ wish မလုပ်လိုက်ရဘူး ဆိုပြီး ထပ် ဖုန်းဆက်ကြည့်တော့ ဖုန်းက မကိုင်တော့ဘူး။ အဲ့ဒါ မနေ့က ရုံးရောက်တော့ သူ့ဆီကို gtalk ကနေ “နှုတ်မဆက်မိတာ ဆောရီးပါ။ ငါ ငိုနေတဲ့ အသံကြီးနဲ့ စကားမပြောချင်လို့ပါ။ လေယာဉ်အပြန်လမ်း ချောမွေ့ပါစေ” ဆိုပြီး offline msg ပို့လိုက်တယ်။ ဒီမနက် မှ သူ့ဆီက offline msg ပြန်ဝင်လာတယ်။ “ငိုမနေနဲ့။ ငါ ရန်ကုန် ပြန်လာဦးမှာ” တဲ့။ လူကို အရူးကျနေတာပဲ။ အဲ့ဒါနဲ့ ပြန်ပြီး offline msg ထားခဲ့လိုက်တယ်။ “argh! I hate you" ဆိုပြီး။ :P

Jun 19, 2009

ခရီးသွားမယ်

1 comments

ဒီနေ့လည်း ကျွန်မ တော်တော် အလုပ်ရှုပ်နေခဲ့ရပါတယ်။ ခရီးတစ်ခုသွားဖို့ ပြင်ဆင်နေရတာနဲ့ ခေါင်းတွေရှုပ်၊ စိတ်တွေရှုပ်ဖြစ်နေတာ.. အခုတော့ အနည်းငယ် အဆင်ချောသွားလို့ သက်ပြင်းမောကြီးလည်း ချလိုက်နိုင်ပါပြီ။

ကျွန်မ ပြည်ပ ခရီးသွားဖို့ အကြောင်းဖန်လာပါတယ်။ ကျွန်မ ဟောင်ကောင်ကို တနင်္လာနေ့ မှာ သွားမှာပါ။ သောကြာနေ့ ရန်ကုန် ပြန်ရောက်ပါမယ်။ ဟိုမှာ ဝေါ့က်ရှော့ပ် တစ်ခု တက်ဖို့ ကျွန်မကို ဖိတ်လို့ စားရိတ်ငြိမ်း သွားရမှာပါ။ ကျွန်မ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျွန်မရဲ့ ဖော်ရမ်က သူငယ်ချင်းလို့ ပြောလို့ရသလို၊ ဘလော့ဂ်ဂါ သူငယ်ချင်းလို့ ပြောလို့ရတဲ့သူ နှစ်ယောက်လည်း ပါပါတယ်။ အဲ့ဒါ သူတို့အတွက်ရော ကျွန်မအတွက်ပါ ဗီဆာ ၀င်ဖို့ ပြင်ဆင်နေရတာ ပြီးခဲ့တဲ့ တစ်ပတ်တည်းကပါပဲ။ ကြားထဲမှာ ဖလိုတ် ဘွတ်ကင် လုပ်တာ သူငယ်ချင်း နာမည်မှားနေလို့ ခေါင်းက တော်တော် ရှုပ်သွားသေးတယ်။ အဲ့ဒီ နာမည် အမှားကြီးနဲ့ ဘယ်လို သွားရမလဲ ဆိုပြီးပေါ့နော်။ ဒါပေမယ့် ကျွန်မ ကြံဖန်လိုက်တာ ဗီဆာတော့ ရသွားပါတယ်။ ဟိုဘက်က စပွန်ဆာ လုပ်သူကလည်း နာမည်မှားတာ ပြောင်းပြီးပြီ ပြောမှ စိတ်တော် အေးသွားရပါတယ်။ Soka Soka.

ဒီနေ့ တရုတ်သံရုံးမှာ ဗီဆာ သွားထုတ်တာ အဲ့ဒီက ငွေသွင်းကောင်တာက တစ်ယောက်က ဒေါ်လာ ၁၀၀ တန်ပေးတာ လဲပေးပါတဲ့။ ဗာရှင်း အဟောင်း ဖြစ်နေလို့ပါတဲ့။ ဒုက္ခ... အဲ့ဒါနဲ့ ရုံးကို မြန်မြန်ပြန်လာ၊ ရုံးက ၁၀၀ တန် ဗာရှင်းအသစ်ကို ခဏချေး၊ ပြီးတော့ မြန်မြန်ပြန်သွားရပါတယ်။ သံရုံးက မနက် ၁၁းဝ၀ နာရီ ဒေါင်ဆို ပိတ်တာကိုး။ ဖွင့်တော့ ၉းဝ၀ နာရီမှ ဖွင့်တယ်။ လက်ထဲမှာ ပတ်စ်ပို့ စာအုပ် (၃) အုပ် ရောက်လာမှ တစ်ပတ်လုံးလုံး အောင့်ထားရတဲ့ သက်ပြင်းကို ချနိုင်ပါတော့တယ်။

အွန်လိုင်းမှာ သူငယ်ချင်းကို ဗီဆာ ရပြီဟေ့ ဆိုတော့ ဟုတ်လား... ဒါဆို D-Form လျှောက်ပြီး ပြီလား ဆိုတော့မှ.. ဟိုက် ကနဲ ဖြစ်သွားတယ်။ အဲ့ဒါကို လုံးလုံး မေ့နေတာ... သူ ပြောမှ “ဟုတ်သားပဲ။” ဆိုပြီး အပြင်မှာ D-form လျှောက်ပေးတဲ့ ဆိုင်မှာ ၂၀၀၀ ကျပ် ပေးပြီး လျှောက်ခိုင်းလိုက်ရတယ်။ (ကိုယ်တိုင်လုပ်ဖို့ကျတော့ ဘဏ်သွားရတာနဲ့ ဘာနဲ့ ယောင်လည်လည်ဖြစ်နေမှာစိုးလို့)။ ညနေ ၃းဝ၀ နာရီ ရမယ် လို့ ပြောလို့ မြန်သားပဲ ဆိုပြီး စိတ်အေးသွားပြန်ရော။

ရည်းစားဟောင်းက ဟောင်ကောင် ရောက်ဖူးတော့ အခု တစ်ပတ်လုံး သူ့ကိုပဲ သွားပြီး မေးနေရတယ်။ ဟိုမှာ ဘယ်လိုရှိသလဲ ဘာညာပေါ့။ သူ့ကို တော်တော် ကျေးဇူးတင်မိပါတယ်။ သတိထားစရာတွေ၊ မှတ်သားစရာတွေ ပြောပေးလို့ပါ။ MRT မြေပုံလည်း လိုရမယ်ရ print ထုတ်ထားလိုက်တယ်။ ကျန်တဲ့သူတွေ အတွက်လည်း လိုအပ်မယ့် ဟာလေးတွေ print ထုတ်ပေးထားတယ်။ ရည်းစားဟောင်းက ပြောတယ်.. ဟိုရောက်ရင် ရှော့ပင်းသွားရင် Women's Street ဆိုတဲ့နေရာသွား တဲ့။ အဲ့ဒီတစ်လမ်းလုံးမှာ မိန်းမသုံးပစ္စည်းတွေချည်းပဲ ရောင်းတယ်တဲ့။ စိတ်တော်တော်ဝင်စားသွားပေမယ့် အချိန်က ရပါ့မလား မသိပါဘူး။ ပြီးတော့ ပိုက်ဆံလည်း သိပ်ပါမှာ မဟုတ်ဘူး.. ဟီးဟီး..

ဝေါ့ခ်ရှော့ပ်က မနက် ၉းဝ၀ နာရီကနေ ညနေ ၅းဝ၀ နာရီ အထိ ၃ ရက်လုံးလုံးတက်ရမှာဆိုတော့ အပြင်ဘာညာ သွားဖို့လည်း အချိန်သိပ်ရမှာ မဟုတ်ပါဘူး။ ဝေါ့ခ်ရှော့ပ် ပြီးတာနဲ့ အပြင်ထွက်၊ လမ်းလျှောက်၊ ဓာတ်ပုံလေး ဘာလေးရိုက်လောက်ပဲ လုပ်နိုင်မယ် ထင်တယ်။ သောကြာနေ့ မနက်ကလည်း ဖလိုက် က အစောကြီး.. မနက် ၉းဝ၀ နာရီဆိုတော့ အပြင်လည်ဖို့လည်း အချိန်မရှိပါဘူး။ သူငယ်ချင်းနဲ့ အစက ပြောနေတာ.. ကိုယ်ပိုင်အချိန်ရရင် ဟောင်ကောင် ဒစ်စနေးလန်း တို့ ဘာတို့ သွားလည်မယ်ဆိုပြီး.. :(

မနက်ဖြန်ဆိုရင် လေယာဉ်လက်မှတ်သွားထုတ်မယ်။ အဲ့ဒါပြီးရင်တော့ အားလုံးပြီးပါပြီ။ စနေ၊ တနင်္ဂနွေတော့ packing လုပ်တာနဲ့ အလုပ်ရှုပ်နေဦးမှာပါ။ ခရီးသွားရမယ်ဆိုတော့ ကျွန်မ တော်တော် ပျော်နေပါတယ်။

----

အခု ခဏနေ အိမ်ပြန်ပါတော့မယ်။ ဟိုမှာတော့ ဟိုတယ်မှာ အင်တာနက်ရတော့ ညဘက်ဆိုရင် အင်တာနက်သုံးဖြစ်မှာပါ။

P.S: ကမ္ဘာကြီးက တယ်ကျဉ်းတာပဲ... ကြောက်စရာ... =P

Jun 18, 2009

ဆိုကြမယ် ပျော်ကြမယ်

1 comments

မနေ့က ဖော်ရမ်က သူငယ်ချင်းတွေ စုပြီး အမ်သရီးမှာ ကာရာအိုကေ သွားဆိုကြတယ်။ ဖော်ရမ်က လူတွေနဲ့ သီချင်း သွားဆိုတာ ဒါ ပထမဆုံးပဲ။ အရင်တုန်းကတော့ ရုံးကလူတွေနဲ့တော့ သွား သွား ဆိုဖြစ်ပါတယ်။

အမှန်တော့ တနင်္ဂနွေနေ့မှာ ဖော်ရမ်မီတင်း လုပ်တယ်။ နိုင်ငံခြားက ရန်ကုန်လာလည်တဲ့ မမ်ဘာ တစ်ယောက် (ပုံကြီး) က ရန်ကုန် မမ်ဘာတွေနဲ့ တွေ့ချင်တယ်ဆိုလို့ ချိန်းလိုက်ကြတာ။ လသာလမ်း အလယ်ဘလောက်က California Bakery မှာ လုပ်ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီ မမ်ဘာက အစောကြီး သွားစရာ ရှလို့ ဆိုပြီး ထပြန်သွားတယ်။ ကျွန်မတို့လည်း အချင်းချင်း စကားတွေ ပြောပြီး၊ နောက်ကြမှ ပြန်မယ်ဆိုပြီး ပိုက်ဆံရှင်းမယ် ဆိုတော့မှ ပိုက်ဆံကို ပုံကြီးက ရှင်းသွားမှန်း သိလိုက်ရတယ်။ တော်တော် စိတ်မကောင်းဖြစ်သွားကြတယ်.. ဟိဟိ .. ကျွန်မကလည်း ကျန်တဲ့သူတွေထက် အရင် နည်းနည်း စောပြန်တော့ ပိုက်ဆံရှင်းဖို့ ပိုက်ဆံ ထားခဲ့တာ၊ နောက်နေ့ကျမှ မလတ်က ဂျီတော့ခ်ကနေ ပြောပြတာ။ အဲ့ဒါ သူ့ဆီမှာ ပိုက်ဆံတွေ ရှိနေတယ်၊ ဘယ်လို လုပ်မလဲ ပြောရင်းနဲ့ အားလုံး စုပြီး ကာရာအိုကေ သွားဆိုရအောင် ဆိုပြီး ဆုံးဖြတ်ဖြစ်သွားတယ်။

အဲ့ဒါနဲ့ “ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီ၊ အမ်သရီး ကာရာအိုကေ သွားရန်ရှိသည်။ ပိုက်ဆံအနည်းငယ်ခန့်သာ စိုက်ရန်လိုပါသည်။ တက်ရောက်နိုင်သူများ အကြောင်းပြန်ပါ” ဆိုပြီး ဖော်ရမ်မှာ ရေးတင်လိုက်တယ်။ မီတင်းတက်ခဲ့တဲ့သူတွေကိုတော့ ကိုယ်တိုင် ဖုန်းလှမ်းဆက်ပြီး ပြောလိုက်တော့ အားလုံးနီးပါးပဲ လာကြမယ် လို့ ပြောပါတယ်။ စလုံးကနေ အလည်ပြန်လာနေတဲ့ ဖင်တုန်မ အဲလေ Phantom Mask ကလည်း လာမယ်၊ နေမကောင်းပေမယ့် ကြိုးစားပြီးလာမယ်ဆိုတဲ့ ပုံကြီး၊ မလင်းလဲ့၊ ကိုဝိှုက် (ပြီးတော့မှ အလုပ်မအားလို့ မလာတော့ပါဘူးတဲ့)၊ နွားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ လူပြိုကြီး BigOx တို့က လာမယ်လို့ ပြောတယ်။ ကို ဘူးသီးကတော့ သင်တန်းတက်စရာ ရှိလို့ လာနိုင်အောင် ကြိုးစားမယ် လို့ ပြောပါတယ်။ (တကယ်ကျတော့ မလာပါဘူး)။ မ Apex ကတော့ နေမကောင်းလို့ မလာနိုင်ပါဘူး တဲ့။ ကျွန်မရဲ့ ညီမကတော့ အဲ့ဒီနေ့ စာသင်ရမှာမို့ မလာတော့ဘူး ပြောပါတယ်။

ဆိုမယ်နေ့ရောက်တော့ မလတ်နဲ့ စံပြမှတ်တိုင်မှာ ချိန်းပြီး မြေနီကုန်းကို ဘက်စ်ကား စီးတယ်။ ပြီးတော့မှ အမ်သရီးကို တက်ဆီ ထပ်ငှားတယ်။ ဟိဟိ ချွေတာတာလေ... မြို့ထဲကနေ အမ်သရီးကို ငှားရင် ၂၀၀၀ ကျော်မှာ.. ဒါနဲ့ မြေနီကုန်းကို ဘက်စ်ကားနဲ့သွား၊ ပြီးတော့မှ တက်ဆီထပ်ငှားလိုက်တော့ ၁၀၀၀ ပဲ ကုန်တယ်။ :P ဟိုရောက်တော့ အချိန်မတိကျတဲ့ သူတွေကို အမြင်ကပ်တယ်လို့ ဖော်ရမ်မှာ ရေးဖူးတဲ့ Phantom Mask က အရင်ရောက်နေတာကို တွေ့ရပါတယ်။ ဟိဟိ .. ခဏနေတော့ ပုံကြီးနဲ့ မလင်းလဲ့ရောက်လာပါတယ်။ နောက်တော့ BigOx က အစားအသောက်ခန်းမထဲက ထွက်လာတယ်။ သူက အရင်ရောက်နေတာ တစ်ယောက်တည်း စောင့်နေရတာ အူကြောင်ကြောင်ဖြစ်နေလို့ အထဲဝင်ပြီး အအေးသောက်နေတာတဲ့။ ကျွန်မ အပါအဝင်ဆို လူ ၆ယောက်ပေါ့။

လူစုံသွားတော့ အခန်းငှားတာ လုပ်ပါတယ်။ အစက လူ ၁၀ယောက်လောက် လာမယ်ထင်နေတော့ တစ်နာရီ ရ၀၀၀ တန် အခန်းကျယ် ယူမယ် ထင်နေတာ.. အခုက ၆ယောက်လောက်ပဲရှိတော့ တစ်နာရီ ၄၀၀၀ တန် အခန်းပဲ ယူလိုက်တယ်။ စစချင်း သီချင်းဆိုတာ ပုံကြီးပါ။ တင်ဇာမော် ရဲ့ ဖွဲမီး သီချင်းဆိုတယ်။ ပြီးတော့ Big Ox ဆိုတယ်။ သူကတော့ စိုင်းစိုင်းခမ်းလိှုင် သီချင်းတွေ ဆိုတာများတယ်။ သူ့အသံကလည်း စိုင်းစိုင်းအသံနဲ့ ဆင်ပါတယ်။ Phantom Mask ကတော့ အယ်လ်လွန်းဝါ၊ IMP တို့ရဲ့ သီချင်းတွေ ဆိုတယ်။ ကျွန်မကတော့ တော်တော်စုံပါတယ်။ ကျွန်မဆိုခဲ့တာ၊ Savage Garden - Truly Madly Deeply, ဖြူသီ နဲ့ မို့မို့ ဆိုထားတဲ့ ပိုလာဘာလီ (မလင်းလဲ့ နဲ့ ဆိုတာ)၊ ချစ်သုဝေ ရဲ့ လွမ်းနေတုန်းအိပ်မက် (အဲ့သီချင်းကို တော်တော်ကြိုက်မိတယ်။ လွမ်းသလိုလို ခံစားရတယ်)၊ အောင်ကိုလတ် ရဲ့ ခေါင်းလောင်းလေးတွေ မြည်နေပြီ (အဲ့သီချင်းကတော့ ကျွန်မအတွက် အဓိပ္ပာယ် တစ်ခု ရှိပါတယ်။ ဆိုနေရင်းနဲ့ တစ်စုံတစ်ယောက်ကို သတိရလာလို့ ကျွန်မအသံနဲ့ မလိုက်ဘူးဆိုပြီး ကျော်ပစ်လိုက်တယ် =) ၊ မျိုးကျော့မြိုင် ရဲ့ မင်းအတွက်၊ သီရိဆွေ ရဲ့ သေချာပြီ နင်တစ်ယောက်တည်း၊ ပြီးတော့ ဂျေမောင်မောင် နဲ့ သီရိဂျေမောင်မောင် ရဲ့ တစ်စုံတစ်ရာကို မလတ်နဲ့ တွဲဆိုတယ်။ ပြီးတော့ Big Ox နဲ့ မဒီ နဲ့ သဲလေး ဟန်ထွန်း ရဲ့ လမ်းခွဲစကား၊ စိုင်းစိုင်းခမ်းလိှုင် ရဲ့ ၀မ်းနည်းမှတ်တမ်း၊ ဖုတ်လှိုက် ဖုတ်လိှုက်၊ နင်နဲ့ငါနဲ့ သီချင်းတွေကို တွဲဆိုဖြစ်ပါတယ်။ နောက်ဆုံးပိတ်အနေနဲ့ ABBA ရဲ့ Take A Chance On Me သီချင်း ဆိုဖြစ်တယ်။ ဟီးဟီး

ဒါတောင် ဟို လမ်းဆုံအခွေက ကာရာအိုကေ မထွက်သေးလို့။ မဟုတ်ရင် အဲ့ဒီထဲက ချန်းချန်း ရဲ့ ယုံကြည်ချက် သီချင်းနဲ့၊ သီရီဆွေ ရဲ့ မင်းစချော့ပါ သီချင်း ဆိုဖြစ်ဦးမှာ။ အဲ့ သီချင်းနှစ်ပုဒ်ကို တော်တော်ဆိုချင်နေတာ.. နောက်မှ အကြွေး မှတ်ထားရမယ်။

အဲ့ဒီမှာ မမျှော်လင့်ထားတဲ့ ဧည့်သည်တော်က မ ခရစ်စ်တယ် ပါ။ သူ့ရဲ့ သမီးလေးနဲ့ ရောက်ချလာတယ်။ သူလည်း သီချင်း နှစ်ပုဒ်လောက် ဆိုတယ်။ သူ့သမီးလေးက ၄၊၅ နှစ်လောက်ပဲ ရှိဦးမယ်။ သူလည်း ဆိုမယ် ဆိုလို့ အာဇာနည် ရဲ့ ကိုယ့်အနား ရှိစေချင် သီချင်း ထည့်ပေးလိုက်တယ်။ သီချင်း မလာသေးဘူး.. သူက မိုက်ကို ကိုင်ပြီး “မင်္ဂလာပါ!!!” ဆိုပြီး အာကြီး အော်သလို လိုက်အော်သေးတယ်။ ပြီးတော့ “အခုဆိုမယ့် သီချင်းကို ဘယ်သူရေးထားတာလဲ သိတယ်မဟုတ်လား” ဆိုပြီးလည်း အော်လိုက်သေးတယ်။ ကိုယ်တောင် အဲ့ဒီဗွီစီဒီက ပြောတဲ့ဟာတွေ အလွတ်မရဘူး။ ပြီးတော့ သူက အလယ်ပိုဒ် ဖြစ်တဲ့ “ဟိုး အဝေးမှာ နေတဲ့အခါ .. မျက်လုံးတွေထဲ မင်းပဲမြင်၊ ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်.. (မေ့သွားပြီ).. အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင်” ဆိုတဲ့ အပိုဒ်ကို နည်းနည်းချင်း လိုက်ဆိုတယ်။ တကယ် ချစ်ဖို့ကောင်းတယ်။

သီချင်းဆိုနေရတာနဲ့ အစားစားဖို့တောင် မေ့တယ်။ ထမင်းကြော် ပွဲကြီးနဲ့ French Fries ပွဲကြီး မှာလိုက်တယ်။ နည်းနည်းပဲ စားဖြစ်ပါတယ်။ အဲ့ဒီက အစားအစားတွေက သိပ်ပြီး စားလို့မကောင်းဘူး။

ပြန်မယ် လုပ်ကြတော့ ၉း၃၀ လောက်ရှိနေပြီ။ Phantom က လမ်းကြုံလို့ ဆိုပြီး ကျွန်မ နဲ့ မလတ်ကို အိမ်လိုက်ပို့ပါတယ်။ အိမ်ရောက်တော့ အမေက ကိုရီးယားကား ကြည့်နေတာနဲ့ နည်းနည်း ထိုင်ကြည့်လိုက်သေးတယ်။ (On Air) မြန်မာလို စာတမ်း ထိုးတာ၊ မထိုးတစ်ချက်၊ ထိုးတစ်ချက်နဲ့.. ဘာတွေပြောနေမှန်းလဲ နားမလည်ဘူး။ နောက်တော့ စိတ်မရှည်တာနဲ့ အိပ်တော့မယ်ဆိုပြီး မျက်နှာ ခြေလက်ဆေးပြီး အိပ်လိုက်တာ တစ်ရေးတည်းပါပဲ။

Jun 16, 2009

ဂဏန်းအတွေးများ

2 comments

ဒီနေ့ နေ့လည်က အလုပ်ကိစ္စ တစ်ခုနဲ့ အပြင်သွားရင်း မင်းလမ်း ရခိုင်မုန့်တီဆိုင် ရောက်ခဲ့ပြန်တယ်။ ရခိုင်မုန့်တီ တစ်ပွဲ၊ ပဲကြော်၊ ငါးဖယ် နဲ့ စားဖြစ်တယ်။ တစ်ခါ တစ်ခါ စိတ်ညစ်တာက ရခိုင်မုန့်တီထဲ ကြက်သွန်ဖတ်တွေ ပါလာတာပဲ.. ကြက်သွန်ကို သိပ်မကြိုက်ဘူး။ :(

အဲ့ဒီ ဆိုင်မှာ ဘေးမှာ ကန်တွေနဲ့ ငါးတွေ၊ ကင်းပုဇွန်တွေ၊ ဂဏန်းတွေ ထည့်ထားတယ်။ ဂဏန်းတွေဆို ကန်ထဲမှာ ထည့်ထားတာ... လက်မ (ခြေမလို့ ခေါ်မလား)တွေကို ကြိုးတွေနဲ့ တုတ်ထားတယ်။ သူတို့ခမျှာ သနားစရာ.. သူတို့ကို ကြည့်ပြီး ကိုယ်သိပ်ကြိုက်တဲ့ ဂဏန်းတောင် စားချင်စိတ် ပျောက်သွားတယ်။

ဂဏန်းတွေကို ထိုင်ကြည့်နေတာ... တစ်ကောင်က လက်မ မှာ တုတ်ထားတဲ့ ကြိုး မရှိဘူး။ အဲ့ဒီကောင်က ကျန်တဲ့ ကြိုးတုတ်ထားတဲ့ သူ့ထက် အကောင်ကြီးတဲ့ ဂဏန်းကို ကွိုင်သွားရှာနေတယ်။ ဟိုတစ်ကောင်က လှုပ်လို့မှ မရတာ။

ဒါပေမယ့် ခဏနေတော့ ဆိုင်က အစ်မကြီးတစ်ယောက် စတီးပုံးကြီးတစ်ခု သယ်လာပြီး ဂဏန်းတွေကို ညှပ်နဲ့ယူပြီး တစ်ကောင်ပြီး တစ်ကောင် ကောက်ထည့်တယ်။ ခုနက စွာနေတဲ့အကောင်လည်း ပါသွားတယ်။ ကန်ထဲက အကောင် တော်တော်များများကို ယူသွားတယ်။ ဟော.. နောက် ၁၀ မိနစ်လောက်လည်းနေရော .. မီးဖိုချောင်ဘက်ကနေ စားပွဲထိုးမလေးက ဂဏန်းဟင်းတစ်ပွဲ လာချသွားတာ တွေ့လိုက်ရတယ်။

အဲ့ဒါကို ကြည့်ပြီး တစ်ခါက ဘယ်မှာမှန်းမသိ ဖတ်လိုက်ရတဲ့ ပုံပြင်လေးကို သွားသတိရတယ်။ (မနိုင်းနိုင်းစနေ ဘလော့ဂ်ကလား၊ အီးမေးလ် forward တစ်ခုကလား မသိဘူး) ဖမ်းပြီးခေါ်သွားတဲ့ ကြက်တွေက ကားထဲမှာ တစ်ကောင်နဲ့တစ်ကောင် ဆိတ်ကြ၊ ကတော် ကတော် နဲ့ ရန်ဖြစ်နေကြတာ။ သိပ်မကြာခင်မှာ သူတို့သေရမှာကို မသိကြပဲ ခဏတာ ဗိုလ်လုရဖို့အတွက် ရန်ဖြစ်နေကြတာ။ အဲ့ဒါကို ကြည့်ပြီး လူ့ဘဝဟာလည်း ဒီလိုပဲ။ အသက်ရှင်နေတုန်းခဏ နေကြရတာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်ကြ နဲ့... မကြာခင်မှာ အားလုံးသေကြရမှာပဲလေ။ အသက်ရှင်နေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နေကြပြီး၊ လူ့ဘဝကြီးကို ဖြတ်သန်းသင့်တယ် ဆိုတဲ့ အဓိပ္ပာယ်လေး ပါတဲ့ ပုံပြင်လေးပါ။ ကျွန်မလည်း အဲ့ဒါလေး ဖတ်ပြီး တော်တော် သဘောကျမိသွားသေးတယ်။

အမှန်တော့ တိရိစ္ဆာန်တွေဆိုတာ အသိဉာဏ် ရှိကြတာ မဟုတ်ပါဘူး။ လူသားတွေကတော့ အသိဉာဏ်ဆိုတာ ရှိတော့ တိရိစ္ဆာန်တွေ ပြုမူနေတာထက် ပိုသင့်တယ် မဟုတ်လား။ ဒါပေမယ့် အခု ကမ္ဘာမှာ ကြား ကြားနေရတာ တွေ ကြည့်ပြီး၊ ဖတ်ပြီး၊ နားထောင်မိပြီးတော့ လူတွေဟာ တစ်ခါတစ်လေမှာတော့ တိရိစ္ဆာန် သာသာပါပဲလို့ စဉ်းစားမိပါတယ်။

Jun 2, 2009

သိပ်ချစ်တာပဲ ဂျီဟူးရယ် :P

1 comments

ကျွန်မ အခုတစ်လော ရောဂါ တစ်ခု တက်နေတယ်။ Boys Over Flowers ကြည့်ရာက စတဲ့ရောဂါပဲ။ အဲ့ကားထဲက ဂျီဟူး (Kim Hyun Joong) ကို တော်တော်လေးကို သဘောကျနေတယ်။

အဲ့ဒီ ကား စစကြည့်ချင်းတုန်းကတော့ သူ့ကို သိပ်သဘောမကျဘူး။ ပုံစံက အေးတိအေးစက်နိုင်တော့ (character အရကြောင့်လည်း ဖြစ်မှာပေါ့) သိပ်မကြိုက်ဘူး။ နောက်ပိုင်း ဇာတ်လမ်းတွေမှာကျတော့ သူ့ကို ပိုပြီး သဘောကျလာတယ်။ ဘယ်အချိန်မှာ အရမ်းကြိုက်သွားလဲဆိုတော့ ပိုက်ဆံတောင်းရင်း သီချင်းဆိုတဲ့ အချိန်ပဲ။ သူ့အသံလေးက အေးအေးလေးနဲ့၊ ပြီးတော့ နောက်ခံသီချင်း (သူကိုယ်တိုင်ဆိုထားတဲ့ သီချင်း) ကြောင့်လည်း ပါတာပေါ့။ အပြုံးလေးနဲ့ သီချင်းဆိုနေတာကို တော်တော် သဘောကျသွားတယ်။ ရောဂါက အဲ့ဒီမှာ စတာပဲ။

အခု သူ့ရဲ့ အဖွဲ့ SS501 သီချင်းတွေ နားထောင်ဖြစ်နေတယ်။ Boys Over Flowers အခွေထဲမှာ ဆိုထားတဲ့ သီချင်းလေးတွေကို တော်တော်ကြိုက်နေမိတယ်။ အကြိုက်ဆုံး သီချင်းကတော့ Because I'm Stupid၊ ကိုရီးယားလိုတော့ Nae Meoriga Nappaseo (နယ်မူရီဂ နာပါ့ဆော) သီချင်းပဲ။ အမြဲတမ်း repeat လုပ်ပြီး နားထောင်နေဖြစ်တယ်။ အဲ့ဒီ သီချင်းကိုတော့ SS501 တစ်ဖွဲ့လုံး ဆိုတာ။ Kim Hyun Joong တစ်ယောက်တည်းဆိုထားတာလည်း ရှိတယ်။ ဒါပေမယ့် အဲ့ဒီ သီချင်းက မထွက်သေးတာလား မသိဘူး။ ရှာလို့ မတွေ့ဘူး။ ဒရာမာထဲမှာ ပါတဲ့ သီချင်းကို record လုပ်ထားတာပဲ ရှိတော့ အဲ့ဒါလေးနဲ့ပဲ စိတ်ဖြေနေရတယ်။ :(

Kim Hyun Joong ကို အပြင်မှာ ဘယ်လိုနေလဲတော့ မသိဘူး။ သူ့ရဲ့ ပုံမှန် character က Ji-Hoo character လိုမျိုး gentle & tender မဖြစ်ဘူးလို့ သူကိုယ်တိုင် ပြောတဲ့ အင်တာဗျူးထဲမှာ ဖတ်လိုက်ရတယ်။ ရပါတယ်လေ။ ကြိုက်တာကတော့ ကြိုက်ပြီးသားပဲ။ :P

ဒါပေမယ့် ဂျီဟူး character ကို သဘောကျလို့ သူ့ကို ကြိုက်သွားမိတာ။ အဲ့ဒီလို တစ်ဖက်သက် အချစ်နဲ့ နင့်နင့်နဲနဲ ချစ်တတ်တာမျိုးကို သဘောကျတယ်။ ပြီးတော့ ကိုယ်ချစ်ရတဲ့သူ ပျော်ရွှင်စေချင်လို့ ကိုယ့်ရဲ့နှလုံးသားက နာကျင်မှုကို မေ့ထားပြီး၊ ချစ်သူ အဆင်ပြေအောင် လုပ်ပေးတာမျိုး။ တခြား ဒရာမာတွေထဲမှာ အဲ့ဒီလို character တွေပါရင် သူတို့ကို ပို သဘောကျမိတယ်။ ဥပမာ - My Girl ထဲက Lee Junki character မျိုး။ (ဒါပေမယ့် Goong ထဲမှာပါတဲ့ ဒုတိယ မင်းသားကိုတော့ သိပ်မသနားမိဘူး။ အဓိက မင်းသားကို ပိုသဘောကျတာကိုး။ :P) တစ်ဖက်သက် အချစ်နဲ့ ချစ်ရသူတွေ ဆိုတော့ ကိုယ့်လိုပဲလို့ ခံစားမိပြီး ကိုယ်တိုင်ခံစား သနားမိသလို ဖြစ်နေတာ။ ဒုက္ခနော်။ စစချင်း ဒရာမာ ကြည့်တုန်းက Goon Jun Phyo ကို ကြိုက်တယ်။ နောက်ပိုင်း ကြည့်ရင်း ကြည့်ရင်း ဂျီဟူးကို သနားပြီး သူ့ကိုပဲ သဘောကျလာတယ်။ သနားဖို့ကောင်းတာကိုး။ !_!


ဒီ ယူထု(ဘ်)က သီချင်းကို SS501 ဆိုထားတာ။ သီချင်းနာမည်က Sometimes တဲ့။

ကျွန်မသာ ဂူးမ်ဂျန်ဒီ (Geum Jan-di) ဆိုရင် ဂွန်ဂျွန်ဖြိုးကို ရွေးမိမလား၊ ဂျီဟူးကိုပဲ ရွေးမိမလား ဆိုပြီး စဉ်းစားမိတယ်။ ကိုယ့်ရဲ့ ခံစားချက်အရတော့ ဂျီဟူးကိုပဲ ရွေးမယ်ဆိုပြီး စဉ်းစားမိတယ်။ ဒါကလည်း ကိုယ့်လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို မူတည်ပြီး ပြောတာကိုး။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ဂွန်ဂျွန်ဖြိုးလိုမျိုး ကြိုက်တာမျိုးမှ မရှိတော့ ကိုယ့်ကို ချစ်နေတဲ့သူ၊ ကိုယ့်ကို ဂရုစိုက်တဲ့သူကိုပဲ ရွေးမိတာ မဆန်းဘူး ထင်ပါတယ်။

ဟုတ်တယ်။ အခု ကျွန်မ ကိုယ်ချစ်ကို မရှာတော့ဘူးလို့ စဉ်းစားထားတယ်။ သူချစ်ကိုပဲ ရှာတာတော့ မဟုတ်ပေမယ့် တွေ့လာရင် စဉ်းစားမယ်လို့ ဆုံးဖြတ်ထားတယ်။ ကိုယ်ချစ်က ကိုယ့်ကို မချစ်တဲ့သူ ဆိုရင် စိတ်ပင်ပန်း၊ လူပင်ပန်းရတယ်။ ကိုယ်တွေ့လေ.. ကိုယ်တွေ့... :P ကိုယ့်ကိုသာ အခုအချိန်မှာ ဂျီဟူးလိုမျိုး ကိုယ့်အပေါ် ချစ်တဲ့သူ၊ ကိုယ့်ကို ဂရုစိုက်တဲ့သူ၊ ကိုယ့်တစ်ယောက်တည်းကိုပဲ မိန်းကလေးအဖြစ် မြင်တဲ့သူ၊ ကိုယ့်ကိုပဲ တစ်သက်လုံး ချစ်သွားမယ့်သူ မျိုးဆိုရင် လက်ခံ စဉ်းစားမယ်လို့ စဉ်းစားထားတယ်။ ရုပ်ရည် သိပ်ချောစရာ မလိုပါဘူး။ ဂီတာ တီးတတ်ဖို့လည်း မလိုဘူး။ ချမ်းသာဖို့လည်း မလိုပါဘူး။ ကိုယ့်ကို ဂရုစိုက်၊ ချစ်မယ် ဆိုရင် ပြည့်စုံပါပြီ။ ကိုယ်ကလည်း သူ့ကို ချက်ချင်းကြီး ချစ်သွားဖို့လည်း မလိုပါဘူး။ သူသာ ကိုယ့်အပေါ် ကောင်းမယ်၊ ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုရင် ကိုယ်လည်း တစ်နေ့နေ့ကျ သူ့ကို ပြန်ချစ်သွားမယ်လို့ ထင်မိတယ်။

ခက်တာက အဲ့လို လူ တစ်ယောက်မှ မရှိသေးတာပဲ။ :P

ကျွန်မကြိုက်တဲ့ Because I'm Stupid (Kim Hyun Joong version) သီချင်းလေး နားထောင်ကြည့်ပါဦး။ (upload လုပ်လို့မရလို့ YouTube သီချင်းပဲ နားထောင်ကြည့်ပါတော့ :P)


ဒါကတော့ SS501 version ပါ။



နှစ်ပုဒ်လုံးကောင်းတယ်နော်။ =D သီချင်းနားထောင်ရင်း မျက်ရည်တောင် ကျချင်သလိုလို... သီချင်းစာသား အင်္ဂလိပ်လို ဘာသာပြန်ထားတာလေးတွေ ကြည့်ရင် ဘာကြောင့် ဒီသီချင်းကို ကျွန်မ သိပ်ကြိုက်နေတယ်ဆိုတာ သိကြပါလိမ့်မယ်။ :)

May 22, 2009

ဒီနေ့

0 comments

ဒီနေ့ မနက် အိပ်ရာထ ပုံမှန်ထက် နည်းနည်း နောက်ကျတယ်။ မနေ့ညက ကိုရီးယားကား Boys Over Flowers ထိုင်ကြည့်နေတာ ၂ပိုင်းလောက်ရှိတယ်။ ၃ပိုင်း တစ်ဝက်လောက်မှာ မီးပျက်သွားမှ အိပ်ရာဝင်တာ။ အဲ့ဒီအချိန်မှာ ည ၁၁း၃၀ နေပြီ။ ဒီတော့ မနက် အိပ်ရာထတော့ မနည်း ထနေရတယ်။ အခုတစ်လော မနက် မနက် အိပ်ရေးသိပ်မဝသလိုပဲ။

အဖေလာနိုးတော့ မနက် ၆း၃၀ ပြီ။ အဲ့ဒါနဲ့ အိပ်ရာထဲမှာ ပေတေပြီး ၅မိနစ်လောက် လိှမ့်နေလိုက်သေးတယ်.. ပြီးတော့မှ မထ မဖြစ် လို့ ထလာရပြီး ရေချိုးခန်းဝင်၊ သွားတိုက်၊ ရေချိုး လုပ်လိုက်တယ်။ မိနစ် ၂၀လောက်ကြာတယ်။ ဟီး... ပြီးတော့ သနပ်ခါးလိမ်းတယ်။ ဒီနေ့က ရုံးကိစ္စနဲ့ အပြင်သွားစရာရှိတော့ ဆံပင်ကို စည်းသွားရင် ကောင်းမယ်ဆိုပြီး ဆံပင်စည်းလိုက်တယ်။ အားလုံးပြီးသွားတော့ မနက်စာကို အမေက ခေါက်ဆွဲပြုတ်ပေးထားတယ်။ ဟီး.. ကိုယ်က ပြုတ်ပေးမယ် မရှိဘူး.. အားလုံးကို အမေက သို့မဟုတ် အစ်မဝမ်းကွဲက လိုက်လုပ်ပေးတယ်။ ထမင်းချိုင့်လည်း ထည့်ပြီးသား အဆင်သင့်.. စားပြီး ထထွက်သွားရုံပဲ။

(တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ တခြားသူတွေဆို ကိုယ့်ထမင်းကိုယ်ချက်၊ ကိုယ့်ထမင်းဘူးကိုယ်ထည့် လုပ်နေရချိန်မှာ ကိုယ်က အားလုံးနီးပါး ထိုင်စားနေရုံသာသာဆိုတော့ ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် အရမ်း ကလေးဆန်နေသေး သလိုလို၊ princess syndrome ရှိနေသလိုလို ခံစားမိတယ်။)

ဘက်စ်ကား မှတ်တိုင်ရောက်တော့ ရး၄၀လောက် ရှိပြီ။ ၁၀၅ ကား ဒိုင်နာ စီးတယ်။ သိပ်မကြာဘူး.. ထိုင်ခုံရတယ်။ ကားကလည်း နည်းနည်း အိပဲ့အိပဲ့နဲ့။ မှတ်တိုင်တွေမှာလည်း အကြာကြီး ရပ်နေသေးတယ်။ စိတ်က သိပ်မရှည်တော့ နာရီတကြည့်ကြည့်နဲ့ပေါ့.. ဟိုကြည့် ဒီကြည့်နဲ့ လိုက်လာတယ်။ အရှေ့မှာထိုင်နေတဲ့ ကောင်လေးကတော့ နည်းနည်း ချောသား.. မသိမသာ ငေးပြီး တခြားဘက် မျက်နှာလွှဲထားလိုက်တယ်။ :P အငေးကောင်းနေလို့လား မသိဘူး.. မိုးရွာလာတာ သတိမထားလိုက်မိဘူး။ ကိုယ့်ကျောတွေ နည်းနည်းစိုစိုစွတ်စွတ် ဖြစ်လာမှ မိုးရွာနေမှန်း သိလိုက်တယ်။ ထီးက အမြဲတမ်းနီးပါး ကိုယ်နဲ့ ပါတော့ စိတ်ပူစရာ သိပ်မလိုဘူး။ ဒါပေမယ့် ဆင်းရမဲ့ မှတ်တိုင်နားရောက်တော့ မိုးက တော်တော် သည်းလာတယ်။ ကားပေါ်က ဆင်းလိုက်ပြီး သိပ်မကြာခင်မှာပဲ ကိုယ့် ထမီက စိုသွားတယ်။ အဲ့နားမှာပဲ ဆိုင် တစ်ဆိုင်ရဲ့ အမိုးအောက်မှာ ရုံးက အစ်မတစ်ယောက် မိုးခိုနေတာ တွေ့လို့ ကိုယ်လည်း ခဏနေလိုက်ဦးမယ် ဆိုပြီး ရပ်နေလိုက်တယ်။ မိုးလေး နည်းနည်းရွာလိုက်တာနဲ့ လမ်းကြားလေးက ရေက ပြည့်လာတယ်။ သူနဲ့ စကားပြောရင်းနဲ့ အဲ့ဒီ အစ်မ ဆီက “အိ” ဆိုပြီး အသံထွက်လာတော့ ဘာပါလိမ့်ဆိုပြီး ကြည့်လိုက်တော့.. လားလား.. ပလက်ဖောင်းက အက်နေတဲ့နေရာတွေက ကြွက်တွေ၊ ပိုးဟပ်တွေ ထွက်လာတာကိုး.. အဲ့ဒါနဲ့ သူ နဲ့ ကျွန်မ အမိုးအောက်ကနေ ပြေးထွက်လာကြတယ်။ မိုးက နောက်တော့ စဲသွားတယ်။

ရုံးရောက်တော့ မနက်ပိုင်း လုပ်စရာရှိတာတွေ လုပ်ဖြစ်တယ်။ ဒီမနက်က အပွိုင့်မန့် တစ်ခုရှိတော့ ၉း၃၀လောက် ရုံးကနေထွက်ကြမယ် ဆိုပြီး အစီအစဉ်လုပ်တယ်။ အပွိုင့်မန့် ကို လှမ်းဖုန်းဆက်ပြီး ကွန်ဖမ်းလုပ်တော့ သူတို့ မအားလို့ ထမင်းစားပြီးချိန်မှ လာပါ ဖြစ်သွားပြန်ရော။ အဲ့ဒါနဲ့ ရုံးမှာ ခဏနေပြီး၊ Facebook ကြည့်၊ ဖော်ရမ်ဖတ်၊ သတင်းတွေဖတ်နေတာ။ ၁၁း၃၀ကျတော့ အပြင်သွားတယ်။ ရုံးက လူကြီးက အောင်သုခ မြန်မာထမင်းဆိုင်မှာ ကျွေးမယ်ဆိုလို့ အဲ့ဒီကို အရင်သွားတယ်။ ကျွန်မက ကြက်အသည်းအမြစ်ဟင်း မှာတယ်။ တခြားသူတွေမှာတဲ့ ဟင်းတွေနဲ့ ရောစားလိုက်တာ စားလို့ တော်တော်ကောင်းတယ်။ အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းဗူးလေး မစားဖြစ်တော့ဘူးပေါ့။ ပြီးတော့ အပိွုင့်မန့်ဆီ ရောက်သွားတယ်။ အဲ့ဒီရုံးကနေ ပြန်ထွက်လာတော့ မိုးက သည်းကြီးမည်းကြီးကို ရွာနေတာ။ လှိုင်တက္ကသိုလ်ဝင်းထဲက ဖြတ်တော့ အဲ့ဒီထဲမှာ ရေတြွေကီးနေတယ်။ ပါရမီလမ်းက မင်းလမ်း ရခိုင်မုန့်တီဆိုင် မှာ ရုံးက တခြားလူတွေအတွက် ရခိုင်မုန့်တီ ၀င်ဝယ်တယ်။ ရခိုင်မုန့်တီကလည်း စျေးကြီးလိုက်တာ.. အကြော်မပါတာတောင် ၄၀၀ တဲ့.. ဂိဂိ

အဲ့ဒီဆိုင်ကနေ ထွက်လာပြီး ပြည်လမ်းအတိုင်း မောင်းလာတာ... ရမိုင်ခွဲလောက် ရောက်တော့ ဟိုးအရှေ့မှာ ကားတန်းအရှည်ကြီး ပိတ်နေတယ်။ အဲ့ဒါ အင်းလျားကန်က ရေလျှံလို့လား မသိဘူး ဆိုပြီး၊ အင်းစိန်လမ်းမဘက် ပေါက်တဲ့ ညာဖက်လမ်းထဲကို ချိုးကွေ့ဝင်လိုက်တာ.... ရွာလည်ရော... အဲ့ဒီလမ်းကြားထဲမှာ ကိုယ်နဲ့ အကြံတူတဲ့ ကားတွေနဲ့အတူ တစ်မိနစ် တစ်လက်မလောက် ရွေ့နေလိုက်တာ.. ၁၅မိနစ်လောက်ကြာသွားတယ်။ အင်းစိန်လမ်းမပေါ်ရောက်တော့လည်း ကားတန်းရှည်ကြီးနဲ့ တွေ့ရော။ လှည်းတန်းမီးပွိုင့် ရှိတာရယ်၊ အဲ့ဒီနားမှာ ဘက်စ်ကား မှတ်တိုင်တွေ ရှိတာနဲ့ရောပြီး အဲ့ဒီမှာလည်း မိနစ် ၂၀ လောက် စောင့်လိုက်ရတယ်။ ကားထဲမှာ မုန့်တီဟင်းရည်တွေ လှိုင်ပြီး မြင်သာမြင်ရ၊ မကြင်ရတဲ့ ဘဝ ဖြစ်နေတယ်။

ကားပေါ်မှာ ပြောနေမိသေးတယ်။ အခုချိန်ဆို ကမ္ဘာအေးဘုရားလမ်းမ၊ မီကာဆာရှေ့မှာ ရေလျှံနေပြီးလား မသိလို့၊ သေချာတာကတော့ ယုဇနပလာဇာတို့၊ ကန်တော်လေးတို့မှ ရေတွေလျှံနေပြီ ဆိုတာပဲ။ မိုးလေး နည်းနည်းရွာတာနဲ့ ရန်ကုန်မြို့ကြီး ရေလျှံတာ အထူးသတင်းမဟုတ်တော့ပါဘူး။ ရုံးပြန်ရောက်တော့ မောင်လေးဆီက offline message ရောက်နေတယ်။ သူ စလုံးမှာ S Pass ရပြီဆိုတဲ့အကြောင်း ပြောတာ။ အဲ့တာနဲ့ အိမ်ကို ဖုန်းဆက်ပြီး အမေကိုပြောတယ်။ မေကြီးက ပြောတယ်... ဒီနေ့ စာမသင်ရရင် အိမ်စောစောပြန်လာဦးတဲ့... လမ်းတွေရေလျှံနေလို့ အိမ်ပြန်ရခက်နေမယ် လို့ ပြောပါတယ်။ ခဏနေတော့ ရခိုင်မုန့်တီဟင်းရည် နွှေးပြီး ရခိုင်မုန့်တီ စားကြတယ်။ စွတ်ပြီး ငရုတ်ရည်တွေ နှစ်စွန်းထည့်လိုက်တာ စပ်လိုက်တာ... ကျန်တဲ့လူတွေက မျက်နှာတွေ နီရဲနေတဲ့ ကျွန်မကိုကြည့်ပြီး ရီနေကြတယ်။

ခဏနေတော့ ကလေးတွေအိမ်က ဖုန်းဆက်တယ်။ စာ လာသင်စရာ မလိုဘူးတဲ့.. စိတ်ထဲမှာ ပျော်သလိုလို၊ ၀မ်းနည်းသလိုလိုနဲ့။ ပျော်တာက မိုးအေးအေးနဲ့ အိမ်စောစောပြန် ကွေးလို့ ရလို့၊ ၀မ်းနည်းတာက ဒီလထဲ ရက်ပျက်ထားတာ ရ ရက် ရှိနေပြီဆိုတော့ ဘက်ဂျက်ထိခိုက်လို့.. ဟဟ .. ပီတိကိုစား အားရှိပါသည် ဆိုပေမယ့် ကိုယ်က ဒီပိုက်ဆံလေးနဲ့ အိမ်ကို ထောက်ပံ့နေရတာ ဆိုတော့ ပီတိလည်းစား၊ လခလည်း စားနေရတာပေါ့..

Facebook မှာ သတင်းလေးတွေဖတ်ပြီး ၀မ်းသာနေရတယ်။ သိပ်ခင်ရတဲ့ အစ်မကြီးတစ်ယောက် သားသားလေးတစ်ယောက်ကို မီးရှုးသန့်စင် ဖွားမြင်လို့ပြီးကြောင်း၊ ဓာတ်ပုံလေးပါ တွဲပြီး ကြည့်လိုက်ရတယ်။ ကလေးလေးက သိပ်ချစ်စရာ ကောင်းတာပဲ။ အသည်းယားတယ်။ မွေးကာစလေးဆိုတော့ အမေနဲ့တူလား၊ အဖေနဲ့တူလား မကြည့်တတ်သေးဘူး.. ဟိဟိ ..

"သတိရစိတ်တွေက မိုးသားတွေလို ဘယ်အချိန်ရောက်မှ အဆုံးသတ်မှာလဲ"

သိပ်မကြာခင် ပြန်တော့မယ်။ ဒီနေ့တော့ ဒီနေ့အကြောင်း ရေးလို့ ပြီးပါပြီ။

နားထောင်နေဖြစ်တဲ့သီချင်း - Epik High - 1 Minute 1 Second

ဒီသီချင်းလေးကို တော်တော်ကြိုက်နေမိတယ်။ ဘယ်လိုလေးမှန်း မသိဘူး.. catchy ဖြစ်တယ်။ ~ can't let go... ဒါဒါ ဒီဒီ ဒါဒါ ဒီဒီ ~ :D

ယူထုဘ် ကြည့်ချင်ရင် ဒီမှာ ကြည့်နိုင်ပါတယ်။

May 19, 2009

နားထောင်မိသော သီချင်းများ

0 comments

သီချင်းမကြိုက်တဲ့သူ တော်တော်ရှားမယ်လို့ ထင်တယ်။ ကျွန်မတော့ သီချင်းနားထောင်ရတာ တော်တော်ကြိုက်ပါတယ်။ အခုတစ်လော ဘာသီချင်းတွေ နားထောင်ဖြစ်လဲဆိုတော့ ၆တန်းနှစ်တုန်းက နာမည်ကြီးတဲ့ သီချင်းလေးတွေ ရှာနားထောင်ဖြစ်တယ်။

ကျွန်မ ၅တန်း၊ ၆တန်းနှစ်မှာ အမေရိကားရောက်နေတော့ အမေရိကန်ကျောင်းပဲ တက်ဖြစ်ပါတယ်။ တက်ဖြစ်တဲ့ကျောင်းကလည်း လူမည်းတွေများတဲ့ ကျောင်းဆိုတော့ သူတို့နားထောင်နေတာမျိုး၊ သူတို့ သဘောကျကျတဲ့ သီချင်းမျိုးတွေ လိုက်နားထောင်ရင်း သဘောကျသွားတယ်။ အဲ့ဒီတုန်းက ရပ်ပ် / ဟစ်ပ်ဟော့ပ် တွေ သိပ်နားထောင်ဖြစ်တယ်။ ရေဒီယိုလိုင်း (၂)လိုင်း (Kiss FM နဲ့ WPGC လား မသိဘူး မေ့သွားပြီ) ကို နားထောင်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေဆို အသံသွင်းထားတယ်။ အဲ့ဒီ အသံသွင်းထားတဲ့ အခွေ အခုထက်ထိ ရှိသေးတယ်။

အဲ့ဒီခေတ်တုန်းက ကိုယ်က မုန့်ဖိုးမရတော့ အခွေတွေ ၀ယ်မနားထောင်နိုင်ဘူးလေ... ဒီတော့ ရေဒီယိုကလာတဲ့ သီချင်းတွေပဲ နားထောင်ဖြစ်တာပေါ့... အခု အဲ့ဒီ ရေဒီယိုက နားထောင်ပြီး ကြိုက်ခဲ့ဖူးတဲ့ သီချင်းတွေကို mp3 လိုက်ရှာပြီး နားထောင်ဖြစ်နေတယ်။ တစ်ချို့ဟာတွေက ရှာရခက်တယ်.. ဖော်ရမ်မှာ အကူအညီတောင်းပြီး ရှာခိုင်းလိုက်တာ တင်ပေးကြတယ်။ ကိုယ်လိုချင်တဲ့ သီချင်းလေးကို ရလိုက်တာ တော်တော်ပျော်သွားတယ်။ ရေဒီယိုက အသံသွင်းခဲ့တဲ့ သီချင်းတွေပဲ collection အနေနဲ့ လိုက်စုနေတာ။

အခု လက်ရှိ အောက်က သီချင်းနာမည်လေးတွေ လက်ဝယ် ရှိတယ်။ သဘောကျရင် ဒေါင်းလုပ်လုပ် နားထောင်ကြပေါ့...

Total - No One Else
Total - Kissing You
Bone Thugz N Harmony - Crossroad
112 - Only You
TLC - Waterfall
Next - Too Close
2Pac - California (California!!! This song is da bomb! (um.. forgot that I'm supposed to write in Burmese :P)
Mc Lyte - Keep On Keepin' On

ဒါတောင် နည်းနည်းကျန်ဦးမယ်ထင်တယ်။ အိမ်က အသံသွင်းထားတဲ့အခွေကို ပြန်မကြည့်ရသေးဘူး... မှတ်မိသလောက် လိုက်ရှာထားတာ :P

ဒါတောင် ၅တန်း၊ ၆တန်းတုန်းက သီချင်းတွေပဲ ရှိသေးတာနော်။ နောက်ကျမှ ရတန်း-၉တန်းမှာ နားထောင်ခဲ့တဲ့ သီချင်းတွေဆိုပြီး တင်ဦးမယ်.. ဟိဟိ

May 13, 2009

The Mirror or Erised

2 comments

တနင်္ဂနွေနေ့က မီးပျက်နေတုန်း စာအုပ် ဖတ်စရာ မရှိတာနဲ့ ဟယ်ရီပေါ်တာ ပြန်ဖတ်ဖြစ်တယ်။ ပထမဆုံး စာအုပ် The Philosopher's Stone ကို ပြန်ဖတ်ဖြစ်တာ။ ဟိုးအရင်တစ်ပတ်က ညီမက American Centre ကနေ Harry Potter & The Half-Blood Prince ငှားလာတော့ အဲ့ဒါဖတ်ပြီး၊ The Deadly Hallows ပါ ထပ်ပြီး ပြန်ဖတ်လိုက်သေးတယ်။ ဟယ်ရီပေါ်တာ စာအုပ်တွေကို ဖတ်ရတာ တစ်ခါတစ်လေ small details လေးတွေက အစပိုင်း စာအုပ်တွေမှာပါတယ်။ နောက်ပိုင်းမှ အဲ့ဒီ details တွေက ပိုပြီး အရေးပါလာတယ်။ ဥပမာ - ပထမဆုံး စာအုပ်က မီးတိုင်တွေကနေ မီးတွေကို လှမ်းပြီးငြိှမ်းတဲ့ Putter-Outter (Deluminator) က နောက်ဆုံးစာအုပ်မှာ အရေးကြီးတဲ့နေရာက ပါလာတာမျိုးပေါ့.. ဒီတော့ တစ်ခါတစ်လေ အဲ့ဒီလို ပြန်ပြန်ဖတ်ဖြစ်တော့ အရင်ဖတ်တုန်းက miss ဖြစ်မိတာလေးတွေကို ပြန်တွေ့ရတယ်။

ပထမဆုံး စာအုပ်မှာ The Mirror of Erised အကြောင်းပါတယ်။ Erised ဆိုတာ desire ကို ပြောင်းပြန်လှန်ထားတာပါ။ အဲ့ဒီ ကြေးမုံပြင်ပေါ်မှာ ရေးထားတဲ့စာက "erised stra ehru oyt ube cafru oyt on wohsi" .. ပြောင်းပြန်လှန်ဖတ်ရင် ... "I show not your face but your heart's desire" (သင့်ရဲ့ မျက်နှာကို မပြပဲ နှလုံးသားက တပ်မက်မှုကို ပြတယ်) လို့ အဓိပ္ပာယ်ရပါတယ်။ အမှန်ပဲ မှန်ထဲကို ကြည့်ရင် သင့်ရဲ့မျက်နှာကို မပြပဲ သင့်ရဲ့ နှလုံးသားထဲက deepest & most desperate desire ကို ပြပါတယ်။ ဟယ်ရီပေါ်တာ ဆိုရင် သူ တစ်ခါမှ မမြင်လိုက်ရတဲ့ သူ့ရဲ့ အဖေ၊ အမေ နဲ့ မိသားစုလေးကို မှန်ထဲမှာ မြင်ရတယ်။ ဒါက မိဘမဲ့တစ်ယောက်ဖြစ်တဲ့ သူ့အတွက် အလိုချင်ဆုံး ဆန္ဒတစ်ခုပဲ။

ကျွန်မဆိုရင်ရော အဲ့ဒီမှန်ထဲကြည့်ရင် ဘာမြင်ရမလဲ။ ကျွန်မ သိတယ်... ကျွန်မ သူ့ကို မြင်မယ်။ ကျွန်မနဲ့ သူ့ရဲ့ ချစ်စရာ ကလေးလေးတွေ မြင်မယ်။ ကလေးလေးတွေက ၃ယောက်၊ မိန်းကလေး ၂ယောက်၊ ယောကျာ်းလေး တစ်ယောက်။ သူ့အဖေရဲ့ မျက်လုံးလေးတွေရှိရင် ရှိမယ်... ဒါမှမဟုတ် ကျွန်မရဲ့ မျက်လုံးလေးတွေ ရှိနိုင်တယ်။ ဒီလိုသာ ဆိုရင် ကျွန်မလည်း ဟယ်ရီလိုပဲ အဲ့ဒီမှန်ကို အကြာကြီး ထိုင်ကြည့်နေဖြစ်မယ် ထင်တယ်။

Professor Dumbledore က ဟယ်ရီကို ပြောပြတယ်။

...this mirror will give us neither knowledge or truth. Men have wasted away before it, entranced by what they have seen, or been driven mad, not knowing if what it shows is real or even possible. ... It does not do to dwell on dreams and forget to live...

"ဒီမှန်ဟာ ငါတို့ကို အသိဉာဏ်လည်း မပေးဘူး။ အမှန်တရားကိုလည်း မပေးဘူး။ လူအများစုဟာ ဒီမှန်ရှေ့မှာပဲ သူတို့မြင်ရတာတွေကို တပ်မက်ပြီး အချိန်ကုန်သွားကြတယ်.. သူတို့ဟာ မှန်ကပြတာတွေကို အမှန်တွေလား၊ ဖြစ်နိုင်မှုရှိလား ဆိုတာ မသိကြတဲ့အတွက် တစ်ချို့တွေက ရူးသွားကြတယ်။... စိတ်ကူးယဉ်အိပ်မက်တွေထဲမှာပဲ နစ်မြောပြီး အသက်ရှင်ဖို့ မေ့နေကြတာ မကောင်းဘူး"

ကျွန်မကိုဆိုရင်ရော.. Dumbledore က ဘာပြောမလဲ?

ကျွန်မကို သူများတွေ မေးမယ်ဆိုရင်တော့ Dumbledore လိုပဲ "I see myself holding a pair of woolen socks" လို့ ပြန်ဖြေဖြစ်မယ် မထင်ဘူး။ "I see myself holding an iPod Touch and wearing the straps to a Canon EOS 400D" လို့ ပြန်ဖြစ်မယ်ထင်တယ်။ ဒါက ပိုပြီး realistic ဖြစ်တာကိုး... :D

Jan 30, 2009

စဉ်းစားမိခြင်းများ (၁)

0 comments

ကျွန်မ ဘာလို့ ဒီမှာ ဘလော့ဂ် ရေးပါလိမ့်လို့ စဉ်းစားနေတာ.. ကျွန်မ ဒီဘလော့ဂ်ကို publicize သိပ်မလုပ်ဖြစ်ဘူး.. ဒါပေမယ့် အတင်းကြီး တော့ပ်စီးကရက်ဆိုပြီး ဖွက်ထားတာလည်း မရှိပါဘူး။ (ခဏတော့ ဖွက်လိုက်မိတယ်.. အဲ့ဒီတုန်းက အသီးကွဲ အဲလေ.. အသည်းကွဲ ဝေဒနာ တော်တော်ခံစားနေရလို့ .. ကိုယ် ရေးထားတာတွေ ဖတ်ပြီး ရှက်တာလည်း ပါတာပေါ့:P) အဓိကကတော့ မြန်မာလိုလေး ရေးချင်စိတ်လေးရှိလာရင် ရေးခွင့်ရတယ်.. ပြီးတော့ ကိုယ့်ရဲ့ ဒိုင်ယာရီသဘောမျိုး စိတ်ထဲမှာ ခံစားနေရတာလေးတွေ ချရေးခွင့်ရှိတယ်။ လူတွေ သောင်းချီပြီး လာမဖတ်လည်း ရပါတယ်... ဖတ်တဲ့လူ လုံးဝ မရှိလည်း ရပါတယ်ဆိုပြီး လုပ်ဖြစ်တယ်။

အစကတော့ ဒီဒိုင်ယာရီလေးကို လူမသိစေချင်ဘူး.. လူမသိစေချင်ရင် အင်တာနက်မှာ မရေးနဲ့ပေါ့လို့လည်း ပြောနိုင်တာပေါ့နော်.. ဒါပေမယ့် တစ်ချို့ သူငယ်ချင်းတွေကိုလည်း ဖတ်စေချင်တယ်။ နောက်တစ်ခုက ရှက်တာလည်း ပါတာပေါ့.. ကိုယ်က ယောကျာ်းလေးတစ်ယောက်ကို အတင်းကြီး လိုက်ကြိုက်နေခဲ့တာကိုး.. မြန်မာ မိန်းကလေးဆိုတာ အဲ့ဒါမျိုး မလုပ်သင့်ဘူးဆိုတဲ့ စိတ်ကလည်း ရှိပါလျက်နဲ့ ကိုယ့်စိတ်ကိုယ် အလိုလိုက်၊ ကိုယ့်နှလုံးသားကို အလိုလိုက်ပြီး စိတ်ကလည်း ခပ်မြန်မြန်နဲ့ လုပ်ချင်တာတွေ ဇွတ်လုပ်ခဲ့တာကလား.. (နောင်တလား.. သိပ်မရဘူး.. :P) ပြီးတော့ ဒီလို ချရေးလိုက်တာ စိတ်ထဲမှာ ခံစားနေရတာတွေ နည်းနည်းသက်သာသလို ခံစားရတာလဲ ပါတယ်။

အခုနောက်ပိုင်းတော့ အဲ့ဒီလို မဖြစ်တော့ပါဘူး။ ဘယ်သူတွေ ကိုယ့်ကို ဘယ်လို judge လုပ်လုပ် ဂရုမစိုက်ဘူးလို့ စိတ်ထားလိုက်တယ်။ ဒီဘလော့ဂ်ကို လူသိရှင်ကြား ကြေငြာဖို့တော့ လုံးဝ စိတ်ကူးမရှိသေးဘူး။ စိုးမြတ်သူဇာ ဝတ္ထုထဲမှာ ပါတဲ့ စာသားလေးတစ်ခု ရှိတယ်.. ဘာတဲ့.. လူသိရှင်ကြား ချစ်တာထက် လူမသိ သူမသိ ချစ်နေရတဲ့အချစ်က ပိုပြီး မြင့်မြတ်ပါတယ် ဆိုလား.. အယ်.. ဘာမှလဲ မဆိုင်ဘူးနော်.. :D

နောက်တစ်ခု ရှိသေးတယ်.. ကိုယ်ပေါတာ လူသိမှာကြောက်တာလည်း ပါတာပေါ့နော်.. ခွိခွိ.. လူသိရှင်ကြား မပေါရဲသေးဘူး.. :P

အမြဲတမ်းလည်း ဒီမှာ update လည်း မလုပ်ဖြစ်ပါဘူး။ ဟိုဘက်က အင်္ဂလိပ်ဘလော့ဂ်ကိုတောင် အနိုင်နိုင်.. ဒါပေမယ့် အရင်နှစ်ကထက်စာရင် ဒီနှစ်ထဲမှာ ဘလော့ဂ် ပိုရေးမယ်လို့ New Year Resolution လေး ချထားလေတော့ ပို့စ်တွေ များများရေးဖြစ်ဖို့ ကြိုးစားဦးမှာပါ။ ရေးချင်တာလေးတွေလည်း ရှိပါရဲ့... procrastinate လုပ်နေတာနဲ့ ခြေဦးမလှည့်ဖြစ်ဘူး.. :D

အခု Keahwai ရဲ့ သီချင်း Fallin ဆိုတဲ့ သီချင်းလေးကို နားထောင်ပြီး သူ့အကြောင်း တွေးမိနေတယ်။ သူ နဲ့ စစချင်း သိကြတုန်းက ဒီသီချင်းလေးကို သူ့ကို ရှယ်ယာလုပ်ပေးဖူးတာ သတိရတယ်.. သူ ဒီသီချင်းလေးကို အရမ်းကြိုက်တယ်လို့ ပြောဖူးတာလည်း မှတ်မိတယ်.. :)

I wanna tell you baby
That you're the one that I'm thinking of
But your heart is still with her
And I think she's the one that you love
I only want you happy
Even if it's not with me
Maybe one day
You'll open up your eyes and you'll see

သူ့ကို သတိရနေမိတယ်... သတိရတယ်ဆိုတာ အခု ရိုးရိုးသားသား သတိရတာပါ.. အွန်လိုင်းမှာလည်း မတွေ့တာ ဒီတစ်ပတ်လုံးနီးပါးပဲ။ စိတ်ထဲမှာ ကိုယ်များ တစ်ခုခု အမှားပြောလိုက်မိသလားလို့လည်း စိတ်ပူနေမိတယ်။ မဟုတ်လောက်ပါဘူး.. သူက အဲ့ဒီလိုမျိုး ကိုယ်က သူ စိတ်ဆိုးစရာ တစ်ခုခုပြောလိုက်မိလည်း ကိုယ့်ကို စကားပြန်မပြောနိုင်လောက်အောင်ဖြစ်ပြီး ကိုယ်စကားသွားပြောရင်လည်း ignore လုပ်တတ်တဲ့ ယောကျာ်းမျိုး မဟုတ်ပါဘူး။

Jan 20, 2009

၂၀၀၉ အား ကြိုဆိုခြင်း

0 comments

၂၀၀၉ ရေ.. ကြိုဆိုပါတယ်နော်..

ဒီနှစ်ကော ကျွန်မအတွက် ဘာ အစီအစဉ်တွေ ရှိသလဲ။ ၂၀၀၉ မှာ ချစ်သူအသစ် ရဦးမလား.. (အဲ့ဒါ အရေးကြီးဆုံးပဲလေ) :P အလုပ်က လူလျှော့တဲ့အထဲ ပါမလား.. (မပါလောက်ဘူး ထင်တာပဲ).. လခကော တိုးမလားဟင်။

၂၀၀၉ အစမှာ ချစ်သူနဲ့ ပျော်ရွှင်ရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ကျွန်မ မှားသွားတယ်ပေါ့နော်။ ရပါတယ်.. ထားပါတော့.. ကျွန်မမှ သူ့ကို တကယ်မချစ်တာ.. အစကတော့ ချစ်တယ်လို့ ထင်ခဲ့မိတယ်.. တဖြေးဖြေး အဆင်မပြေတာတွေ များလာတဲ့အချိန်ကျတော့ ကျွန်မရဲ့ စိတ်တွေ မွန်းကြပ်လာတယ်.. ပြီးတော့ ကျွန်မလိုချင်တဲ့ ကြင်နာမှု၊ ယုယမှု၊ commitment... ဒါတွေကို သူမပေးနိုင်ခဲ့ဘူး။ ကျွန်မ လောဘကြီးလွန်း နေခဲ့တာလည်း ဖြစ်မှာပေါ့.. ဒါကြောင့်ပဲ ကျွန်မတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်း ပြီးသွားခဲ့ပါတယ်။ ကျွန်မ ဝမ်းနည်းပါတယ်.. ကျွန်မ ဒီ relationship ကို work လုပ်ဖို့ တော်တော်လေး ကြိုးပမ်းခဲ့ပေမယ့် အရာမထင်ခဲ့ဘူးလေ.. ဒီအတွက် ကျွန်မ ဝမ်းနည်းမိပါတယ်။

နောက်တစ်ခုက ကျွန်မ ဘယ်သူ့ကို ချစ်တယ်ဆိုတာ ကိုယ်တိုင် သေချာသိလိုက်ရတယ်.. သူ့ကို မပိုင်ဆိုင်နိုင် ပေမယ့်လည်း ဒီအတိုင်း ချစ်နေခွင့်ရတာလည်း ဆုလာဘ် တစ်ခုပဲဆိုတာ သိလိုက်ရတယ်။ သူ ကိုယ့်ကို ပြန်မချစ်ဘူး ဆိုတာလည်း သိပါတယ်.. ဒါပေမယ့် သူငယ်ချင်းအနေနဲ့ သူ့ဘေးမှာရှိရင်း သူလိုအပ်ချိန်မှာ အဆင်သင့်ရှိနေမယ့် သူငယ်ချင်း တစ်ယောက် အဖြစ် ရှိနေချင်တယ်... ဒါဆိုရင် ကျွန်မ စိတ်ကူးယဉ်ဆန်လွန်း နေမလား မသိဘူး။ အခု လောလောဆယ်တော့ ဒီနေရာလေးကို နှစ်ချိုက်နေမိတယ်... တစ်ခါတစ်လေတော့လည်း ဘယ်တော့မှ မပိုင်ဆိုင်နိုင်သော အရာတစ်ခုကို တပ်မက်နေတာ သဘာဝမကျဘူးလို့ ခံစားမိပါရဲ့.. ပြီးတော့ ဘယ်အချိန်မှာ ကျွန်မ ကို တကယ်ချစ်တဲ့သူကို ပြန်ချစ်မိသွားမလဲဆိုတာ ကျွန်မ မပြောနိုင်ဘူး ဖြစ်နေတယ်... ဒီတော့ သူ့အတွက် ထာဝရ ရှင်သန်နေမယ့်အချစ် ဘာညာဆိုပြီး ကြုံးဝါးမနေတော့ပါဘူး.. တော်ကြာ လေလုံးထွားထားတာ ရှက်စရာတွေ ဖြစ်နေဦးမယ်။

၂၀၀၉ ရဲ့ ပထမဦးဆုံးနေ့ရက်မှာ ကျွန်မ မန္တလေးမှာ ရှိနေခဲ့တယ်။ ကျွန်မ သူ့ကို သတိရမိတာက လွဲပြီး ကျွန်မ ပျော်နေခဲ့ပါတယ်။ တစ်ခါမှ မကိုင်ဖူးတဲ့ ကင်မရာကြီးကိုင်ပြီး ဓာတ်ပုံတွေ လိုက်ရိုက်ဖြစ်တယ်။ နေးတစ်ဗ်ဖို့ နေးတစ်ဗ်ဖို့၊ ဇန်ဂါ ဖို့ ဇန်ဂါ ဖို့ဆိုပြီး... အခု ပြန်လာတာဖြင့် ရက် ၂၀ လောက်ရှိသွားပြီ .. ခရီးသွားမှတ်တမ်းက မရေးရသေးဘူး။ နောက်နေ့တွေ စိတ်မလေနေဘဲ အဲ့ဒါလေး ရေးဖြစ်အောင် ကြိုးစားဦးမယ်။ မဟုတ်ရင် နောက်နှစ်ကူးသွားမှာ သေချာတယ်။ :D