Feb 25, 2010

ဓာတ်ပုံ ဒိုင်ယာရီ - ဖေဖေါ်ဝါရီ ၁၄ ရက်

0 comments

ဒီနှစ် ဗယ်လတိုင်းနေ့တော့ ဘယ်သူငယ်ချင်းနဲ့မှ ချိန်းထားတာ မရှိတော့ ညီမနဲ့ အတူတူ ရုပ်ရှင် သွားကြည့်ဖြစ်တယ်။ တစ်ပတ်ကြိုပြီး ဘွတ်ကင် လုပ်ထားတယ်။ အဲ့အရင် တစ်ပတ်က Park Royal Hotel မှာ သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင် ရှိလို့ သွားတုန်း၊ ရုပ်ရှင်ရုံရှေ့က ဖြတ်လျှောက်မိတော့ ပိုစတာကြီး မြင်ပြီး.. “အင်း နောက်တစ်ပတ် ကြည့်ရင်ကောင်းမယ်” ဆိုပြီး စိတ်ကူးဖြစ်လို့ ကြိုတင် လက်မှတ် ဖြတ်ထားလိုက်တယ်။

ဒီအောက်က ပုံတွေကတော့ ဘက်စ်ကားဂိတ် အသွားလမ်းမှာ ရိုက်ထားတာပါ။
 
(ဘယ်- ညာဘက်က ဖြူဖြူအဆောက်အဦးကြီးက အရင်တုန်းက တက်ခဲ့တဲ့ ကျောင်းပေါ့။ ညာ - ပန်းသည်လည်း ရိုက်လိုက်တာပဲ)

အစကတော့ ဒီ ဓာတ်ပုံတွေ ပြရင်ကောင်းမလား၊ မကောင်းဘူးလား စဉ်းစားမိသေးတယ်။ ဘာလို့လဲဆိုတော့ ဒီ နေရာတွေကို သိတဲ့သူ တစ်ယောက်ယောက်က ကျွန်မ ဘယ်နေရာမှာ နေတယ် ဆိုတာ ခန့်မှန်းနိုင်တယ်လေ။ ဒါပေမယ့် အခုမှတော့ မထူးတော့ပါဘူး။ အရင်တုန်းကလည်း ဒီလိုပဲ ပရိုက်ဗက်စီကို သိပ်ဂရုမစိုက်ပဲ ရေးလာခဲ့ပြီးပြီ ဆိုတော့ သိပြီးသူတွေလည်း သိကုန်လောက်ပါပြီ.. ဟိဟိ

 
ဒီ ဦးဇင်းတွေ၊ ကိုရင်တွေက မနက်တိုင်း ဒီလမ်းကနေ ဆွမ်းခံကြွတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ့်မှာ ကင်မရာ အသင့်ရှိနေတော့ ဓာတ်ပုံရိုက်ခွင့် ရသွားတယ်။ ထူးခြားတာက ညာဘက်ပုံမှာဆို ကလေးလေးတွေက မြေကြီးမှာ ထိုင်ပြီး ဘုန်းကြီးတွေ ကြွသွားတာကို ကန်တော့နေကြတယ်။ ဒီလိုပုံမျိုးက ရန်ကုန်မြို့ကြီးမှာ တော်တော် ရှားနေပြီလေ။

ကျွန်မတို့ သွားကြည့်ဖြစ်တဲ့ ရုပ်ရှင်က “အတိတ်ရဲ့ အရိပ်” (Shadow of the Past) တဲ့။ အောင်သူရ ဆိုတဲ့ မင်းသားသစ်နဲ့ အိန္ဒြကျော်ဇင် တို့ရဲ့ ရုပ်ရှင်ပါ။ ဆွစ်ဇာလန်မှာ သွားရိုက်တယ်လို့ ကြားကတည်းက  ရုံတင်မှာကို စိတ်ဝင်တစား စောင့်မျှော်နေမိတဲ့ ကား တစ်ကားပေါ့။


ကျွန်မအတွက်တော့ ရုပ်ရှင်က ကြည့်လို့ကောင်းပါတယ်။ တခြားပြနေတဲ့ ကားတွေထက်စာရင်တော့ တော်တော်လေး သာပါတယ်။ အသံတွေ ဘာတွေကို ပြန်လည်ပြုပြင်ထားတော့ နောက်ခံသံ ဆူဆူညံညံတွေလည်း မပါတော့ဘူး။ ပြီးတော့ တီးလုံးလေးတွေက အစ မိုက်တယ်။ (ဒါတောင် ဘယ်လိုမှ မလိုက်ဖက်တဲ့ အတိတ်ရဲ့အရိပ် မြန်မာသံ ဇာတ်ဝင်တေးကြီးက ပါလိုက်သေးတယ်) ဒါပေမယ့် မင်းသား အိုက်တင်ကတော့ အနည်းငယ် လိုသေးတယ်။ သူ မတ်တပ်ရပ်နေပုံတွေကို ကြည့်ပြီး ပရိတ်သက်တွေက တဝါးဝါး တဟားဟားနဲ့.. အားတောင်နာတယ်.. မင်းသားရယ်။ :D ဒါပေမယ့် သူ တော်တော်လေးကို ကြည့်ကောင်းပါတယ်။ အနောက်တိုင်းဝတ်စုံနဲ့ဆို ပိုတောင် စမတ်ကျသေးတယ်။ မိုက်တယ်။ :)


ရုပ်ရှင်ရုံထဲမှာ ဓာတ်ပုံ စမ်းရိုက်ကြည့်သေးတယ်။ မည်းမည်းကြီးပဲ ထွက်လာတယ်။ သိပ်လည်း မရိုက်ရဲဘူး.. တော်ကြာ သူတို့ရုပ်ရှင် ခိုးကူးနေပါတယ် ဆိုပြီး ရဲ လာဆွဲမှာစိုးလို့.. :D


ရုပ်ရှင်ကြည့်ပြီးချိန်မှာတော့ တရုတ်တန်းသွားပြီး၊ လသာက အခွေ ဆိုင်သွားမွှေမယ်၊ ဆီချက်စားမယ် ဆိုပြီး ထွက်လာပါတယ်။ လမ်း၃၀ မှာ ဘက်စ်ကား သွားစီးမယ် ဆိုပြီး လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။

 
(မှတ်ချက် - ညာဘက်မှ Myanmar Shopping Mall ပုံသည် အရင်တစ်ပတ်က ရိုက်ထားသောပုံကို ရောထည့်ထားခြင်း ဖြစ်သည်။)

၃၁ လမ်းကနေ ဖြတ်ဖြစ်တော့ အဲ့ဒီက ဝတ္ထုတန်းကို နည်းနည်း ဝင်ကြည့်လိုက်ပါသေးတယ်။ ဘာမှမဟုတ်ဘူး.. မင်းသိင်္ခရဲ့ ဆားပုလင်း နှင်းမောင် ဝတ္ထုအဟောင်းတွေများ ရှိမလားလို့ ရှာကြည့်မိသေးတယ်။ (အဲ့စာအုပ်တွေတော့ အရမ်းကြိုက်တယ်)  စပ်စပ်စုစု ဝတ္ထုတစ်အုပ် ကောက်ကိုင်ပြီး ဘယ်လောက်လဲ မေးမိသေးတယ်။ ရ၅၀ ကျပ် တဲ့။ ငယ်ငယ်ကတော့ အဲ့ဒီ အချစ်ဝတ္ထုတွေ တော်တော် ဖတ်ဖြစ်တယ်။ ရတဲ့ စာအုပ် ဖတ်တတ်သူ ဆိုတော့ စာရေးဆရာ တော်တော်စုံစုံကို ဖတ်ဖြစ်တယ်။ ခုနောက်ပိုင်းတော့ မဖတ်ဖြစ်တာ ကြာပါပြီ။



လသာကို ဘက်စ်ကား စီးသွားတယ်။ ပြီးတော့ လသာလမ်းပေါ်က မိတ္တုဆိုင် တစ်ဆိုင် ဝင်တယ်။ ညီမက သူ ငှားထားတဲ့စာအုပ် တစ်အုပ်ကို မိတ္တူကူး စာအုပ်ချုပ်တယ်။ ဒီဗွီဒီဆိုင်ကတော့ ပိတ်ထားလို့ ဝင်မကြည့်လိုက်ရဘူး။ ဒါနဲ့ပဲ ဆီချက်ဆိုင်ကို တန်းရောက်သွားပါတယ်။



လမ်း ၂၀ က ဆီချက်ဆိုင်မှာ ဆီချက် ပွဲကြီးစားတယ်။ ညီမ က ကော်ရည်ခေါက်ဆွဲ စားတယ်။ တစ်လမ်းလုံးမှာ အရင်က ဆိုင်လေးတွေ အများကြီးဖွင့်တာ.. အဲဒီ့နေ့က ဒီ တစ်ဆိုင်ပဲ ဖွင့်တယ်။


(အဲ့နေ့က တရုတ်ဘုံကျောင်းရှေ့မှာ ရှင်းလင်းနေတာပဲ

ပြီးတော့ မဟာဗန္ဓုလလမ်းတစ်လျှောက် မော်တင် အထိ လမ်းလျှောက်တယ်။ ဘာမှ မဟုတ်ဘူး.. ဓာတ်ပုံ ရိုက်ချင်လို့.. ပြီးတော့ ခြင်္သေ့အကတွေ ဘာတွေများ ဓာတ်ပုံရိုက်ခွင့်ရမလား ဆိုပြီး လိုက်ရှာတာ.. ကိုယ်ပဲ ကံမကောင်းလို့လား မသိဘူး.. မတွေ့လိုက်ဘူး။


အိပ်နေတုန်း တစ်ခုခု ဆွဲပြေးသွားရင် ဘယ်လို လုပ်ကြမလဲ မသိဘူးနော်





လမ်းမတော် ရဲစခန်းဘေးက ရှော့ပင်းစင်တာလည်း တစ်ခါမှ မရောက်ဖူးလို့ ဆိုပြီး ဝင်ကြည့်လိုက်သေးတယ်။
(ဒီပုံကို ဟိုကြည့် ဒီကြည့်နဲ့ ရိုက်လာခဲ့တာ :P)

ဘာလို့မှန်း မသိဘူး။ ရှော့ပင်းစင်တာတွေထဲမှာ ဓာတ်ပုံ ရိုက်လို့မရဘူး ပြောကြတယ်။ :(


ပြီးတော့ မော်တင်နားကနေ ဘက်စ်ကားစီးပြီး အိမ်ပြန်တယ်။ အထူးကားက အိမ်နားက မှတ်တိုင် တန်းရောက်တယ်။ ပြီးတော့ ထိုင်ခုံလည်း ရတော့ ဘေးဘီဝဲယာတွေ ဓာတ်ပုံ ရိုက်ပြီး လိုက်လာခဲ့တယ်။

 


သိမ်ကြီးစျေး


သိမ်ကြီးစျေးမှတ်တိုင်နား

 
တက်တူးနဲ့လူကြီးက သူ့ကို ဓာတ်ပုံရိုက်နေတာ တွေ့သွားသေးတယ်။

 
ဆူးလေဘုရား

အစိမ်းရောင် အဆောက်အဦးကြီးကတော့ ကျော် Home Mart ဆိုတာပေါ့ (မသိတဲ့သူတွေ အတွက်ပါ) မြို့တော်ခန်းမတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ :)


ပန်းဆိုးတန်းကားဂိတ်နား

 

အတွင်းဝန်ရုံးက အဆောက်အအုံ တစ်ချို့လည်း ဘယ်သူမှ ရုံးမထိုင်ကြတော့ ဟာလာဟင်းလင်းကြီး


စိန့်ပေါလ် မှတ်တိုင်နား
အဲ့ဒီနေ့က ဓာတ်ပုံတွေ လျှောက်ရိုက်တာ ပုံ ၁၀၀ ကျော်တယ်။ အဲ့ဒီထဲကမှ ပြန်ရွေးပြီး ပုံ စုစုပေါင်း (၅၆) ပုံ တင်လိုက်တယ်။ ဓာတ်ပုံတွေတော်တော် များသွားပေမယ့် မလျှော့နိုင်တော့လို့ပါ။


ဘယ် - သိမ်ဖြူ တင်းနစ်ကွင်း (တင်းနစ်ကစားတာ ဝါသနာပါသူလေးကို သတိရမိပါတယ်)
ညာ - မင်္ဂလာစျေးနားက ဟိန္ဒူဘုရားကျောင်း



မင်္ဂလာစျေးနားက billboard တွေ

ဒါကတော့ ယုဇနပလာဇာရှေ့က ဆိုင်တွေ

စျေးကွေ့ နဲ့ ရန်ကင်းစင်တာ

အင်း.. တော်တော်လေး နောက်ကျနေတဲ့ ပို့စ်ပါ။

နောက်ကျနေပေမယ့်... ဆုတောင်းပေးလိုက်ပါတယ်။

 
:D