Jul 13, 2009

အချစ်နှင့် ကျွန်မ၏ ခံစားချက်

0 comments

အခု တစ်လော ဘာစဉ်းစားနေမိလဲဆိုတော့ အချစ် ဆိုတဲ့ အကြောင်းအရာပေါ့။ ဘာရယ် မဟုတ်ပါဘူး...

ဆယ်ကျော်သက်နဲ့ ၂၀ အစပိုင်း အရွယ်တုန်းကတော့ ကိုယ့်မှာသာ တစ်နေ့ ချစ်သူ ရှိလာခဲ့ရင် ကိုယ့်ရဲ့ ချစ်သူကို စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အောင် အလိုလိုက် အကြိုက်ဆောင် ထားမယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ခံယူထားမယ် ဆိုပြီး စိတ်ရှိတယ်။ အဲ့ဒီတုန်းကတော့ မြန်မာ အချစ်ဝတ္ထုတွေ ဖတ်ပြီး စိတ်ကူးတော်တော်ယဉ်ခဲ့ဖူးတဲ့ အချိန်တွေပေါ့။ မနက် မိုးလင်းလာချိန် အိမ်ရှေ့ ခြံစည်းရိုးမှာ secret admirer တစ်ယောက်ယောက်က ပန်းစည်းလေး ထားခဲ့တာတို့၊ ညဖက်ဆိုရင် အိမ်ရှေ့မှ ဂီတာလာတီးတာမျိုး ရှိမလား ဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အခု အသက် ၂၆ နှစ်သာ ကျော်လာတယ်.. တစ်ခါမှ အဲ့ဒီလိုမျိုး မကြုံဘူးပေါင်။ =P

အဲ့ဒီတုန်းက အချစ် ကဗျာတွေ မဂ္ဂဇင်းထဲမှာပါရင် အသေလိုက်မှတ်၊ ပြီးရင် စာအုပ်လေးနဲ့ ရေးထားဖူးတယ်။ အခုနောက်ပိုင်းတော့ ကဗျာတွေကို လုံးဝမခံစားတတ်တော့ဘူး။ မဂ္ဂဇင်းတွေထဲမှာ ကဗျာတွေပါရင် ကျော်ဖတ်ပစ်တာ။ ပြီးတော့ ဖော်ရမ်မှာဆိုရင်လည်း ကဗျာတော့ပစ်တွေဆို လုံးဝ မဖတ်ဘူး။ အဲ့ဒီလို အနုပညာကို ခံစားတတ်တာ။ :P

အခုနောက်ပိုင်း အတ္တကြီးလာတာ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေဆို အကြင်နာပိုတယ်၊ မေတ္တာပို ထားတယ်။ ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေဆို မသိသလို ဖာသိဖာသာ နေဖြစ်တယ်။ မကောင်းမှန်း သိပါတယ်။ ဒါပေမယ့် ကိုယ်က မေတ္တာထားပေမယ့် ကိုယ့်ကို မေတ္တာ ပြန်မထားတော့၊ စိတ်ထဲမှာ မေတ္တာ မထားလည်းနေ၊ ကိုယ့်ကို မေတ္တာထားတဲ့ သူတွေနဲ့ပဲ ပေါင်းမယ် ဆိုပြီ စိတ်ဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရင် မာနထားမိတာပေါ့။ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့လည်း မယူဆတော့ဘူး။ ကိုယ့်ဘက်က တစ်ချိန်လုံး ပေးဆပ်နေရတာ၊ တစ်ဖက်သက်ချည်း ချစ်နေရတာကို အရမ်းမုန်းလာတယ်။ ဒီတော့ ဒီလို ဘယ်တော့မှ မလုပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားတယ်။ ရည်းစားဟောင်းနဲ့တုန်းကလည်း အဲ့လိုပဲ.. အစပိုင်းမှာ ကိုယ့်ကို ဂရုစိုက်တော့ သာယာမိတယ်။ နောက်ပိုင်းကျတော့ စကားများ၊ အဆင်မပြေဖြစ်လာချိန်ကျတော့ ကိုယ့်ကို မချစ်တဲ့လူ၊ ကိုယ့်ကို ဂရုမစိုက်တဲ့သူကို ကိုယ်လည်း ချစ်ဖို့ မကြိုးစားတော့ဘူးဆိုပြီး စိတ်ဖြစ်လာတယ်။ ဒီတော့ အခြေအနေက ပိုဆိုးသွားတော့တာပေါ့။

အခုနောက်ပိုင်း ရည်းစားဟောင်းနဲ့ ကိုယ်နဲ့ စကား နေ့တိုင်းနီးပါး ပြောဖြစ်တယ်။ ရည်းစားတွေသာ မဟုတ်တော့တာ ... အရင်တုန်းကလိုပဲ စကားပြောတော့ မပြတ်ဘူး။ တစ်ခါတစ်လေ တောင်းပန်တဲ့စကားတွေ ပြောဖြစ်သေးတယ်။ တစ်ခါတစ်လေ တော့လည်း ရည်းစားဖြစ်ခဲ့တုန်းက ကိုယ်မကျေမနပ်ဖြစ်ခဲ့တဲ့ အရာတွေကို ပြန်ပြောဖြစ်တယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က commitment မရှိတော့တော့ စိတ်ထဲမှာ နာကျည်းနေတာမျိုးလည်း မရှိတော့ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တော့လည်း “သြော်.. သူ ငါ့ကို အလေးတစ်စိုက် ရှိသေးသားပဲ” ဆိုပြီး ကြည်နူးမိတယ်။ ဟောင်ကောင် ရောက်နေတုန်းက ညတိုင်းနီးပါး သူနဲ့ စကားပြောဖြစ်တယ်။ သူက ကျွန်မနေတဲ့ ဟိုတယ်ကို ဖုန်းဆက်တယ်.. ကျွန်မက အပြင်သွားနေလို့ အခန်းထဲမှာ မရှိရင် သူက message ချန်ထားခဲ့တယ်။ ညဘက် ဟိုတယ်အခန်းကို ပြန်ရောက်တော့ သူထားခဲ့တဲ့ message တွေ နားထောင်ပြီးမှ အိပ်တယ်။ ဟောင်ကောင်မှာ နေခဲ့တဲ့ နောက်ဆုံးညတုန်းက သူနဲ့ voice chat ပြောဖြစ်သေးတယ်။ အကြာကြီးပဲ.. မနက် ၂းဝ၀ လောက်မှ သူက သွားအိပ်ချည်တော့လို့ ပြောမှ အိပ်ရာဝင် ဖြစ်တယ်။ ပြောဖြစ်တာတွေကလည်း ဟိုလို အီစီကလီတွေ ပြောဖြစ်တာ မဟုတ်ပါဘူး။ ဟို သတင်း၊ ဒီသတင်းတွေ ပြော၊ (သူက သတင်းအရမ်းကြည့်တာ၊ ကျွန်မကိုလည်း သတင်း သိပ်မဖတ်လို့ဆိုပြီး ရည်းစာ ဘဝတုန်းက အပြစ်ပြောသေးတယ်။ :P)၊ သီချင်းတွေ ရှယ်ယာလုပ် ဒီလောက်ပါပဲ။

ဒါပေမယ့် ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို စကားပြောချင်တဲ့ သူတစ်ယောက် ရှိသားပဲ ဆိုပြီး ကြည်နူးမိပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်၊ အင်ဒိုနီးရှားရောက်တုန်းက သူနဲ့ အွန်လိုင်းမှ စတွေ့ပြီး စကားပြောခဲ့ကြတာကို ပြန်သတိရမိတယ်။ အဲ့ဒီတုန်းကလည်း ကိုယ့်ကို အရေးတယူ လာစကားပြောဖော် ရတယ်ဆိုပြီး စကားပြောဖြစ်ရင်းနဲ့ ခင်သွားကြတာ။ သူနဲ့ ကိုယ်နဲ့က အွန်လိုင်းမှာ တစ်ယောက်ကို တစ်ယောက် ဘယ်သူဆိုတာ သိနေတာတော့ ကြာပါပြီ။ ဒါပေမယ့် မခင်ကြဘူး.. ညီမနဲ့ သူနဲ့က သီချင်း ရှယ်ယာလုပ်ကြတာဆိုတော့ ညီမနဲ့ ပတ်သက်ပြီး သိသွားတာ။ ညီမက အကူအညီတောင်းလို့ သူ့ကို ဂျီးမေးလ် invite ပို့ဖူးတယ်.. ဒီလောက်ပဲ ရှိတာ။ အဲ့ဒီ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ အီးမေးလ်အဟောင်းက contact တွေ၊ အီးမေးလ် အသစ်မှာ လိုက်ထည့်ရင်း သူ့ကို add လိုက်မိတာ။ မှတ်မှတ်ရရ ၂၀၀ရ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ည မှာမှ သူနဲ့ စ စကားပြောဖြစ်တာ။ အဲ့ဒီလို စကားပြောရင်းနဲ့ အင်ဒိုနီးရှားမှ ရှိနေတုန်း ညတိုင်း စကားပြောဖြစ်သွားတာ။ ဒီလိုနဲ့ပဲ သံယောဇဉ် ဖြစ်သွားလေသတည်းပေါ့။ (အဲ့ဒီတုန်းက သူ့ကို voice-chat ကနေ သီချင်းဆိုပြတာ မှတ်မိသေးတယ်။ :P) ဘာဖြစ်လို့ သူနဲ့ လမ်းခွဲရသလဲဆိုတာတော့ မပြောချင်တော့ပါဘူး။ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေလို့လဲ ပြီးသွားတဲ့ အရာက ပြန်ကောင်းလာတော့မှာမှ မဟုတ်တာ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့ လို့ပဲ ဆိုပါဆို့။ ပြီးတော့ ကျွန်မဘက်က သူ့ကို တကယ်မချစ်မိလို့ လို့ပဲ ဆိုပါစို့။ သူသာ ကျွန်မ စိတ်ကြိုက်နေခဲ့ရင် ကျွန်မ သူ့နဲ့ လမ်းခွဲဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်။ အချစ်ဆိုတာ ချက်ချင်းလုပ်ယူလို့ မရပေမယ့် တဖြည်းဖြည်းနဲ့ သံယောဇဉ် တွယ်တတ်တာမျိုး ဆိုတော့ အခု သူ့ကို မချစ်သေးပေမယ့် နောက်ကျရင် ချစ်မိသွားမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်မ သည်းမခံနိုင်တဲ့ အရာတွေကို သူလုပ်ခဲ့တယ်။ ကျွန်မကလည်း သူ သည်းမခံနိုင်တဲ့ အရာတွေ လုပ်ချင် လုပ်ခဲ့မိမှာပေါ့။ ဒါကြောင့်လည်း လမ်းခွဲခဲ့ကြတာပါ။

ဒါပေမယ့် အခုနောက်ပိုင်း ဇာတ်လမ်း ပြန်စရင် ကောင်းမလား ဆိုပြီး တစ်ခါတစ်ခါ စဉ်းစားကြည့်မိပါတယ်။ တစ်ခါတစ်လေ လွမ်းသလိုလို ဖြစ်တာကိုး... ဟောင်ကောင်ရောက်ခဲ့တုန်းက သူသာ ကျွန်မဘေးမှာ ရှိရင် ကောင်းမယ် ဆိုပြီး စိတ် ခဏခဏ ဖြစ်မိတယ်။ ဒါပေမယ့် သူ့ဘက်ကတော့ ဇာတ်လမ်းပြန်စဖို့ စိတ်ကူး မရှိဘူး ထင်ပါတယ်။ ပြီးတော့ ကျွန်မ မကြိုက်တဲ့ သူ့ရဲ့ အကျင့်တွေကို ကျွန်မ သည်းခံနိုင်ဦးမယ် မထင်ပါဘူး။ ဒီတော့ အခုလို ရည်းစားဟောင်းဆိုတဲ့ သံယောဇဉ်နဲ့ သူငယ်ချင်းလို နေတာပဲ ကောင်းပါတယ်။ အရင်တုန်းက သူနဲ့ ကိုယ့်ရဲ့ကြားမှာ ရှိခဲ့တဲ့ ပျော်ရွှင်မှုတွေကိုပဲ အမှတ်ရနေချင်တော့တယ်။

မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်ဆိုတာ ကြားဖူးပေမယ့် ကိုယ့်အတွက်ကတော့ မမှန်ပါဘူး။ ကိုယ်ကသာ မေတ္တာတွေထား၊ လွမ်းဆွတ် သတိရနေတာ.. သူတို့တွေက ကိုယ့်ကို ဖုတ်လေတဲ့ ငါးပိ၊ ရှိတယ်လို့တောင် မအောက်မေ့ကြဘူး။ ကိုယ်ကသာ သူတို့ဆီကို အီးမေးလ်တွေပို့၊ ဖုန်းတွေဆက်၊ သူတို့ဘက်ကျတော့ အလုပ်မအားဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ် သူတို့ဆီက စာမလာ၊ သတင်းမကြားလို့ စိတ်ပူတဲ့ အကြောင်း ပြောတာတောင် ကိုယ့်ကို အပြစ်တင်သလို လုပ်ကြတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့ စိတ်တွေကလည်း ခက်ထန်လာတယ်။ အဲ့ဒီလို လူတွေကို မေတ္တာ မထားချင်တော့ဘူး။ ကိုယ့်ဘာသာ ကိုယ်သာ သူတို့အတွက် စိတ်ပူရင် စိတ်ပူမယ်၊ သတိရရင် သတိရနေမယ်၊ လွမ်းရင် လွမ်းနေမယ်၊ သူတို့ကိုတော့ ကိုယ် သူတို့အကြောင်း စဉ်းစားနေတဲ့အကြောင်း၊ သူတို့အတွက် စိတ်ပူနေရတဲ့ အကြောင်း မပြောဖြစ်တော့ဘူး။ သူတို့ ဒါတွေကို သိလို့လည်း ဘာမှ ထူးပြီး ခံစားရတာမှ မဟုတ်တာ။ ဒီတော့ အလုပ်ရှုပ်တယ်၊ စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်။

အသက်ကြီးလာလို့လား မသိဘူး... အရင့် အရင်တုန်းက မရှိခဲ့ဖူးတဲ့ (ရှိခဲ့ရင်တောင် မသိကျိုးကျွံ ပြုခဲ့ဖူးတဲ့) မာနဆိုတာ အခုအချိန်ကျမှ တစ်ထောင်ထောင် ဖြစ်နေတယ်။ တစ်ခုခု လုပ်မယ် စဉ်းစားလိုက်တိုင်း ငါ ဒီလို လုပ်လိုက်ရင် ငါ့ရဲ့ မာန၊ ငါ့ရဲ့ သိက္ခာကို ထိခိုက်သလို ဖြစ်သွားမှာပဲ ဆိုပြီး မလုပ်ဖြစ်တာတွေ အများကြီး။ အရင်ကလို စိတ်နောက်၊ ကိုယ်ပါ စကားတွေ မပြောဖြစ်တော့ဘူး။ ရင်ထဲက ခံစားချက်တွေကိုလည်း ထုတ်ဖော် မပြောဖြစ်တော့ဘူး။ တစ်ခါတစ်လေကျတော့လည်း ငါ ဒီလို စိတ်ကြီးထားတာ မကောင်းပါဘူး ဆိုပြီးလည်း ဖြစ်မိပါရဲ့.. ဒါပေမယ့် မာနက ရှေ့ရောက်နေတာ များတယ်။ :)

တကယ်တော့ ပေးဆပ်ခြင်းနဲ့ ချစ်တဲ့ အချစ်ဆိုတာ သီချင်းတွေထဲမှာပဲ ရှိတာပါ။ အပြင်မှာ မရှိသလောက် ရှားပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မကျင့်သုံးနိုင်ဘူး... သူတပါးဆီကတော့ လိုချင်နေမိတယ် ဆိုတာကတော့ ဘယ်တရားပါ့မလဲနော်။ ;) ကျွန်မကတော့ ရှင်းပါတယ်... ကိုယ် ပေးဆပ်နိုင်သလောက်တော့ ကိုယ်ပေးဆပ်မယ်၊ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်ဆိုရင် ဘယ်လိုပဲ လုပ်ရ၊ လုပ်ရ ရပါတယ်။ ဒါပေမယ့် သူ့ဘက်ကတော့ မပေးဆပ်ပဲ ကိုယ်ကချည်းပဲ ဆိုရင်တော့ မမိုက်ဘူး။ အဲ့ဒီလိုမျိုး တစ်ဖက်သတ်ချည်း ဖြစ်နေတာတော့ သဘာဝ မကျဘူး ထင်တာပဲ။ ဒီတော့ နှစ်ဦးနှစ်ဖက် reflect လုပ်မှပဲ ကောင်းမယ် လို့ ခံယူမိတယ်။

ဒါကတော့ လတ်တလော စိတ်ထဲမှာ ဖြစ်နေမိတဲ့ အကြောင်းအရာလေးတွေပါ။ ranting သဘောမျိုးတော့ နည်းနည်း သက်ရောက်သွားမလားပဲ။ စိတ်ထဲမှာ မကြေလည်တာတွေ များနေလို့ ဝေါ့အန်ချလိုက်တာပါ။ :P

-+-+-+-

အခု နားထောင်နေမိတဲ့ သီချင်း - စည်သူလွင် - အနမ်းအိမ်အပြန်

(ဒီသီချင်းကတော့ အပေါ်က ပို့စ် အကြောင်းအရာတွေနဲ့ မသက်ဆိုင်ပါဘူး။ အခု ဖော်ရမ်မှာ ဖော်ရမ်မာ တစ်ယောက် request လုပ်ထားလို့ ရှာပေးရင် ကိုယ်လည်း နားထောင်နေမိတာ။ အဲ့ဒီသီချင်းကို တော်တော်ကြိုက်မိဖူးတယ်။ အခုပြန်နားထောင် ဖြစ်တော့လည်း ကြိုက်တုန်းပါပဲ။ အရင်တုန်းက စည်သူလွင် အရမ်းကြိုက်ခဲ့ဖူးတုန်းက သူ့ရဲ့ selection အခွေဆိုပြီး ကိုယ်တိုင် အကြိုက်ဆုံး စည်သူလွင် သီချင်းတွေ ရွေး၊ တိပ်ပ်နဲ့ ပြန်ကူးခဲ့ဖူးတယ်.. အဲ့ဒီအခွေထဲမှာလည်း ဒီ သီချင်း ပါတယ်။ ဤကား နောက်ခံ ရာဇဝင် အကျဉ်းချုပ်)


Jul 8, 2009

အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်

2 comments

ဒီနေရာလေးမှာ မရေးဖြစ်တာတောင် တော်တော်ကြာပြီ။ ရေးမယ်၊ ရေးမယ်နဲ့ အလုပ်မအား၊ စိတ်မပါနဲ့ မရေးဖြစ်တာပါ။

ဟောင်ကောင်ကနေ ချောမွေ့စွာ ပြန်ရောက်လာပါတယ်။ ဒါပေမယ့် ကျွန်မဆီမှာ ဒီအတောအတွင်း ကိစ္စတွေ အများကြီး ဖြစ်နေတယ်။ ပထမဆုံးက ကျွန်မ ဟောင်ကောင် မသွားခင် ညမှာပဲ အဖွား ဆုံးသွားပါတယ်။ အဖေ့ဘက်က အဖွားပါ။ ညဘက်ကြီး အိပ်နေတုန်း အမေက လာနိှုးပြီး ပြောတယ်။ အဖေက ညဖက် အဖွား အခြေအနေမကောင်းဘူး ဆိုကတည်းက ည ၁းဝ၀ နာရီလောက်ကတည်းက သွားတာ၊ အသက်မမှီလိုက်ဘူး။ အဲ့ဒါ အမေကတော့ မနက် ၄းဝ၀ နာရီလောက်မှ လိုက်သွားမယ်လုပ်ပြီးမှ၊ အဖေက ဖုန်းလှမ်းဆက်တယ်။ ကျွန်မကို ပဲ လေဆိပ်သွားပို့လိုက်၊ သူ လိုက်မပို့တော့ဘူး ဆိုပြီး။ အဲ့ဒါနဲ့ ကျွန်မလည်း လေဆိပ်ကို အမေနဲ့ပဲ တက်ဆီ ငှားပြီး သွားခဲ့ရတယ်။

ဟောင်ကောင် သွားတယ်ဆိုတာကလည်း ဒီအတိုင်း ကျော့ကျော့လေး ပတ်စ်ပို့လေး ကိုင်ပြီး ထွက်သွားရတာ မဟုတ်ပါဘူး။ တော်တော်လေးလည်း စိတ်ရှုပ်ခဲ့ရပါတယ်။ ကျွန်မကို စဖိတ်ပြီး၊ ကျွန်မကမှ ကျန်တဲ့သူတွေကို လှမ်းဖိတ်ပေးတာဆိုတော့ ကျွန်မက အော်ဂနိုင်ဇာ လို ဖြစ်နေခဲ့တယ်။ ဒီတော့ အားလုံးကို ကျွန်မပဲ တာဝန်ယူလုပ်ပေးပါတယ်။ လေယာဉ်လက်မှတ်မှာ သူငယ်ချင်း နာမည်မှားနေလို့ ပြန်ပြင်ရတာနဲ့၊ ဗီဆာ သွားလျှောက်ဖို့ စာရွက်စာတမ်းတွေ လုပ်ပေးရတာနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ တစ်ယောက်က မန္တလေးက ဆိုတော့ သူ ကိုယ်တိုင် လက်မှတ်ထိုးရမယ့်ဟာတွေကို သူ့ကို လက်မှတ် သက်သက် ထိုးပြီး စကန် ဖတ်ခိုင်း၊ ပြီးတော့ စာတမ်းထိုးရမယ့် စာရွက်ကို စကန်ဖတ်ပြီး လက်မှတ်ကို ဖိုတိုရှော့နဲ့ တပ်၊ ဒီလိုတွေ လုပ်ခဲ့ရတာ။ Illegal ဖြစ်၊ မဖြစ်တော့ ကိုယ်လည်း မသိတော့ဘူး။ လိမ်လျှောက်တာမှ မဟုတ်တာနော်။ သူ့လက်မှတ် အစစ် ထိုးတာပဲဟာ။ :P ထွက်ရမယ့်နေ့ မတိုင်ခင်က လေယာဉ် လက်မှတ် သွားထုတ်မယ်ဆိုပြီး မြို့ထဲက လေယာဉ်လက်မှတ် ရုံးကို သွားတာ၊ ကျေးဇူးရှင် ရုံးက စနေ၊ တနင်္ဂနွေ ပိတ်ပါတယ်တဲ့။ ကြိုတင် မစုံစမ်းမိပဲ၊ သူတို့ရဲ့ automatic phone responder မှာ ပြောထားတဲ့အတိုင်း စနေ၊ တနင်္ဂနွေ ဆို နေ့လည် ၁၂းဝ၀ နာရီအထိ ဖွင့်ပါတယ် ဆိုတာကိုပဲ စိတ်မှတ်ပြီး လုပ်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတာပေါ့လေ။ ဒါပေမယ့် ကိုယ့်ကို ဖိတ်သူတွေက ကိုယ့်ကို travel itinerary ပို့ပေးပြီးသားဆိုတော့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်လေယာဉ်နဲ့ ထွက်မယ်ဆိုတာတော့ သိပြီးသားပါ။ သူတို့ ဟိုဘက်က စီစဉ်ပေးတာဆိုတော့ သူတို့ဆီက “itinerary ပြင်ထားတယ်၊ အီးမေးလ် ပို့လိုက်ပါမယ်” ဆိုလို့ စောင့်နေရတာ။ ညဘက် ၁၁းဝ၀ နာရီထိုးတဲ့အထိ မရောက်လာဘူး။

ဒါပေမယ့် အစောကတည်းက အားလုံးကို တနလာင်္နေ့ မနက် ရး၃၀ လေဆိပ်အရောက်လာခဲ့ပါ ဆိုပြီး ခေါ်လိုက်တယ်။ အဲ့ဒီ မနက် e-ticket ရောက်ရင် သွားမယ်၊ မရောက်ရင် အိမ်ပြန်မယ် ဆိုပြီး၊ စိတ်ပိုင်းဖြတ်လိုက်တယ်။ လေဆိပ်ရောက်တော့မှ သူငယ်ချင်း ရဲ့ laptop ကို ဖွင့်၊ အီးမေးလ်စစ်တော့မှ (ရန်ကုန် လေဆိပ်မှာ wi-fi ရပါသည်။ ဟဲဟဲ) တစ်ဖက်က အသစ်ပြင်ထားတဲ့ e-ticket က ရောက်လာလို့၊ ချက်ချင်း နောက် သူငယ်ချင်းကို အပြင်မှာ သွား print လုပ်ခိုင်းရတယ်။ ဒီလိုနဲ့ ဟောင်ကောင်ကျွန်းကို ရောက်ရှိခဲ့ရတယ်ပေါ့.. ဂလို ဂလို.. (ဒါတောင် တခြား တလွဲတွေ ရှိသေးတယ်.. ကိုယ့်ကိစ္စ မဟုတ်လို့ မရေးချင်လို့.. :P)

ဟောင်ကောင်က ပြန်ရောက်တော့လည်း အဆင်မပြေတာတွေ ကုန်သွားပြီလို့ မထင်လေနဲ့.. မကုန်သေးပါ။ လေဆိပ်ကနေ ထွက်လာတော့ အမေ့ကို တွေ့တယ်.... “အမေ၊ အဖေလည်း မလာဘူးလား၊ ကားမပါဘူးလား” ဆိုတော့... နောက်ထပ် ရင်မောစရာတွေ ကြားရပါလေရော။ အဖေက အလုပ်မအားလို့၊ အဖေ့ ညီ၊ ကျွန်မ ဦးလေးကို ကားမောင်းပို့ခိုင်းတယ်။ ဦးလေး ရဲ့ မိန်းမနဲ့ ကလေးတွေက ကျွန်မကို လာကြိုချင်လို့ဆိုပြီး ပြောထားတော့ ဦးလေးက သူတို့ကို သွားပြန်ခေါ်တဲ့ အချိန်မှာ ကား အက်ဆီးဒင့် ဖြစ်ပါလေရော။ ကံတော်တော်ကောင်းလို့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရပေမယ့်၊ ကားနှစ်စီးလုံး တော်တော် ပျက်စီးသွားတယ်။ တော်သေးတာက၊ ကားတိုက်တာ အိမ်နားက အတွင်းလမ်းထဲမှာဆိုတော့ ရဲတွေ ဘာတွေအထိ မရောက်ပဲ ကိုယ့်ဘာသာကိုယ် ညှိုနှိုင်း ဖြေရှင်းလို့ ရသွားတယ်။ ဦးလေးဘက်က လွန်တာဆိုတော့ ကျွန်မတို့ဘက်က လျော်ရမှာပေါ့။ ဒါနဲ့ပဲ ပိုက်ဆံ ၈ သိန်းလောက် (ကိုယ့်ဘက် ကားပြင်တာရော၊ သူတို့ကို လျော်ရတာရော)ကုန်သွားလေရော။ ကျွန်မမှာတော့ ဟိုကို ပိုက်ဆံ သိပ်မပါသွားပဲ၊ ပိုက်ဆံ ချွေတာလိုက်ရတာ.. (ဝယ်တာတော့ ၀ယ်တာပေါ့.. ဒါပေမယ့် သိပ်မဝယ်ဖြစ်ဘူးပေါ့ :P) ဒီဘက်က တဖက်လှည့်နဲ့ ကုန်သွားပါလေရော။ :(

ရန်ကုန်ပြန်ရောက်တော့လည်း အလုပ်ပြန်တက်တော့ အလုပ်တွေ ရှိတာပေါ့။ ဒီကြားထဲ Facebook မှာ လယ်စိုက်နေရတာနဲ့.. (လယ်စိုက်တဲ့ ဂိမ်း ၅ ခုလုံး ဆော့တာ။ :P) အချိန်တော်တော် ပေးရတာ.. အဲ့ဒါ အခု စိတ်ပိုင်းဖြတ်လိုက်တယ်။ အခုမှစ၍ နောက် နှစ်ပတ်အတွင်း လယ်လုံးဝ မစိုက်ဘူး ဆိုပြီး။ အပင်တွေကိုလည်း ၃ ရက်စာဟာတွေ စိုက်ထားလိုက်တယ်။ တစ်ခါ ရိတ်ပြီးရင် ပြန်မစိုက်တော့ပဲ ထားထားလိုက်တော့မယ်။ အလုပ် နည်းနည်း ပါးသွားမှ လယ်ပြန်စိုက်မယ် လို့။ =D

ဒီကြားထဲ သူငယ်ချင်းနဲ့က အဆင်မပြေ ဖြစ်လိုက်သေးတယ်။ ဟို သူငယ်ချင်း မဟုတ်ဘူး.. အခုဟာက သူငယ်ချင်း အစစ်။ :P YC ဆိုတဲ့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းပေါ့။ သူ ရန်ကုန် ပြန်ရောက်နေတုန်း ကျွန်မ နဲ့ တွေ့ဖို့ ချိန်းနေတာ၊ ဟိုအကြောင်း ပြလိုက်၊ ဒီအကြောင်းပြလိုက်နဲ့ မတွေ့ဖြစ်ဘူး။ ဒီတစ်ပတ် တနင်္ဂနွေနေ့က ညီမရဲ့ မွေးနေ့ လုပ်တော့ သူ့ကိုပါ ဒန်ပေါက် ကျွေးချင်လို့ ဖိတ်လိုက်တာ... စစချင်း ဖိတ်တုန်းကတော့ လာမယ်ပြောပြီး၊ အ့ဲဒီနေ့ကျတော့ ပေါ်မလာလို့၊ ဖုန်းဆက်လိုက်တာ မလာတော့ဘူး တဲ့။ တော်တော် စိတ်တိုသွားပြီး.. “မလာလည်းနေဟာ၊ ဒါပဲ” ဆိုပြီး ဖုန်းကို ဒေါက်ကနဲ ချပစ်လိုက်တယ်။ ကြားထဲမှာ စိတ်တိုတာ မပြေသေးလို့ ဖုန်းထပ်ဆက်တာ ဖုန်းမကိုင်ဘူး။ အဲ့ဒီအခါကျတော့ ငါဖုန်းချလိုက်လို့ စိတ်တိုသွားပြီး ဖုန်းမကိုင်တာလား ဆိုပြီး စိတ်က ပူသွားသေးတယ်။ နောက်တစ်နေ့ ညနေ ဖုန်းထပ်ဆက်တော့ သူ အခု ပြန်တော့မှာ.. လေဆိပ်သွားတဲ့လမ်းမှာ ရောက်နေပြီ တဲ့။ ကျွန်မ တော်တော်ဝမ်းနည်းသွားတယ်။ ဒေါသလည်း ထွက်တယ်။ (ကျွန်မ တော်တော် ဒေါသထွက်ရင် မျက်ရည်ကျရော.. Twilight ထဲက Bella လိုပဲ :P) သူ ကျွန်မကို မတွေ့ချင်လို့ ဒီလို ရှောင်နေတာပေါ့ ဆိုပြီး။ ကျွန်မ သူ့ကို ပြောရင်း မျက်ရည်တွေ ကျလာလို့ စကားမပြောပဲနေ နေတာ၊ သူက ဖုန်း အရင်ချသွားတယ်။ စစချင်းတုန်းကတော့ သူ မတွေ့ချင်လည်းနေပေါ့၊ ငါ့ဘက်ကလည်း အနေသာကြီး ဆိုပြီး မာန်တင်းကြည့်သေးတယ်။ ဒါပေမယ့် သူနဲ့ ကိုယ်နဲ့ ခင်လာတဲ့ နှစ်တွေကလည်း တော်တော်ကြာလာပြီဆိုတော့ အဲ့ဒီလို မာန်တင်းပြီးတော့လည်း မနေနိုင်ပါဘူး။ သူ မတွေ့ချင်ရင်လည်း မတွေ့ရုံပဲ ရှိတာပေါ့ ဆိုပြီး စိတ်လျှော့လိုက်တယ်။ တော်တော်လေးကြာတော့မှ သူ့ကို Have a safe flight လို့ wish မလုပ်လိုက်ရဘူး ဆိုပြီး ထပ် ဖုန်းဆက်ကြည့်တော့ ဖုန်းက မကိုင်တော့ဘူး။ အဲ့ဒါ မနေ့က ရုံးရောက်တော့ သူ့ဆီကို gtalk ကနေ “နှုတ်မဆက်မိတာ ဆောရီးပါ။ ငါ ငိုနေတဲ့ အသံကြီးနဲ့ စကားမပြောချင်လို့ပါ။ လေယာဉ်အပြန်လမ်း ချောမွေ့ပါစေ” ဆိုပြီး offline msg ပို့လိုက်တယ်။ ဒီမနက် မှ သူ့ဆီက offline msg ပြန်ဝင်လာတယ်။ “ငိုမနေနဲ့။ ငါ ရန်ကုန် ပြန်လာဦးမှာ” တဲ့။ လူကို အရူးကျနေတာပဲ။ အဲ့ဒါနဲ့ ပြန်ပြီး offline msg ထားခဲ့လိုက်တယ်။ “argh! I hate you" ဆိုပြီး။ :P