Jan 15, 2010

ဓာတ်ပုံဒိုင်ယာရီ: ဇန်နဝါရီ ၁၀၊ ၂၀၁၀



ပြီးခဲ့တဲ့ တစ်ပတ် တနင်္ဂနွေနေ့က Avatar သွားကြည့်ဖြစ်တယ်။ နေပြည်တော် ရုပ်ရှင်ရုံမှာပါ။ မြန်မာပြည်မှာ ဒရီးဒီ ရုပ်ရှင်ရုံမရှိသေးတော့ ရိုးရိုးဟာပဲ ကြည့်ရတာပေါ့။ ရိုးရိုးလည်း ကြည့်လို့ ကောင်းပါတယ်။ မနက် ၁၀ နာရီပွဲ သွားကြည့်ဖြစ်ပါတယ်။ လက်မှတ် ကြိုမဝယ်ပဲ ရုံရောက်မှပဲ ဝယ်ကြည့်တာပါ။ တော်သေးတယ်... မှောင်ခိုတွေ မရှိလို့... ကိုယ်ရောက်သွားတာ ၉း၅၅ မို့လို့ trailer တွေတောင် ပြနေပါပြီ။

အရင်တုန်းကဆို ရုပ်ရှင်တွေကို ကြည့်ရဖို့ တစ်သက်လောက် စောင့်ရတယ်။ ကျွန်မတို့ဆို ဒီဗွီဒီ အခွေ အကြည်ထွက်မှ ကြည့်တာဆိုတော့ ပိုဆိုးတယ်။ ဒီတစ်ခါတော့ ဘန်ကောက်တို့၊ စင်ကာပူတို့မှ ပြနေချိန်မှာလည်း ဒီမှာ တစ်ပြိုင်နက် ကြည့်လို့ရတယ်။ မြန်မာပြည် အနည်းငယ်တိုးတက်လာကြောင်း သက်သေပေါ့.. အဟက်..


ဒါပေမယ့် ရုပ်ရှင်ကြည့်သူတွေကတော့ .... မပြောချင်တော့ပါဘူး။  ၂၀၁၂ ရုပ်ရှင်သွားကြည့်တုန်းကလည်း အရှေ့တန်းက ကောင်မလေးက သီချင်းကို စပီကာနဲ့ နားထောင်နေတာ... စိတ်တိုလိုက်တာ မပြောပါနဲ့.. နောက်ကနေ ပိတ်ရိုက်ပစ်ချင်တယ်။ ဒီတစ်ခါတော့ ဘယ်သူမှ သီချင်း မနားထောင်နေပါဘူး.. ဒါပေမယ့် နောက်တန်းက လူတွေက စကား အသားကုန် များတယ်။ ရုပ်ရှင်လာကြည့်တာ ဘယ်တုန်းက စကားမပြောဖူးလို့လဲ မသိဘူး... ရုံထဲ ရောက်မှ လေပေါနေကြတယ်။ ကိုယ်က listening power မကောင်းလို့ သိပ်မကြားရတော့ စိတ်တိုတာပေါ့..


သူများတွေတော့ မသိဘူး... ကျွန်မတော့ ရုပ်ရှင်ရုံရောက်ရင် ဘာမှ စားလေ့မရှိဘူး။ ဒါပေမယ့် ဘေးနားက လူတွေ နေကြာစေ့ တစ်ဖျောက်ဖျောက်နဲ့ စားနေသံကို ကြားရင် ဘာကြောင့် စိတ်တိုမှန်း မသိဘူး။ ရုပ်ရှင်က မစသေးဘူး.. နိုင်ငံတော်အလံတောင် မလာသေးဘူး.. သူတို့ဆီက တစ်ဖျောက်ဖျောက် အသံက ကြားနေရပြီ။ ပိုဆိုးတာက အမိှုက်တွေကို ဒီအတိုင်း ကြမ်းပြင်ပေါ် ပစ်ချလိုက်တာပဲ.. အရမ်း ညစ်ပတ်ကြတယ်။  ဒါကြောင့် ရုပ်ရှင်ရုံတွေမှာ သန့်ရှင်းရေး အများကြီး ငှားရတယ်။ ပြီးရင် နောက် တစ်ပွဲ မစခင် လှဲကျင်းကြရပြန်ရော.. နောက်တစ်ပွဲပြီးရင်လည်း ထပ်လှဲရပြန်ရော... နည်းနည်းပါးပါး ကိုယ်ချင်းစာကြပေါ့... ကိုယ် သန့်ရှင်းရေး မလုပ်ရတိုင်း...


ရွှေပွဲလာ ပရိတ်သက်များ

လူတွေတော့ တော်တော်များများ လာကြည့်ကြတယ်။ ပြန်အထွက်မှာ ထွက်ပေါက်ရောက်အောင် မနည်း တိုးထွက်လိုက်ရတယ်။

ဆူးလေ လမ်းကျော်တံတားပေါ် ရောက်လို့ ဓာတ်ပုံတွေ ရိုက်ဖြစ်လိုက်သေးတယ်။


ရင်တုန်ကင်းဝင် ဆိမ့်သက်လေးမို့ လူတိုင်းရင်မှာ Gold Roast ပါ


ဂျော်ဒါးနိုး ကြော်ငြာ


ဆူးလေ ဘတ်စ်ကားဂိတ်


ဆူးလေး လမ်းဆုံ






ဆူးလေ မုန့်ဟင်းခါးဆိုင်က မုန့်ဟင်းခါးလည်း စားလိုက်သေးတယ်။


Sule Mohinga

အဲ့ဒီမှာ နိုင်ငံခြားသား နှစ်ယောက်လည်း မုန့်ဟင်းခါး ထိုင်စားနေကြလို့ အံသြသွားသေးတယ်။

ပြီးတော့ ဘက်စ်ကားစီးပြီး အိမ်ပြန်တယ်။ ထိုင်ခုံရတော့ အေးအေးဆေးဆေး ဓာတ်ပုံလိုက်ရိုက်ပြီး စီးလာတယ်။


မိသားစု ၃ ယောက်


ဗဟန်း ၃ လမ်း မှတ်တိုင်နား



ဗဟန်း ၃ လမ်း မှတ်တိုင်နား

1 comment:

khin oo may said...

ဘလော့နစ်ခုလုံးကိုလည်သွားတယ် မောလိုက်တာ ဟူး