Jan 31, 2010

စိတ်ထဲမှာ ပင်ပန်းနေတယ်။ ပြောစရာ စကားတွေ ရင်ထဲမှာ ပြည့်သိပ်နေတယ်။ မကျေနပ်ချက်တွေလည်း အရမ်းများနေတယ်။ ဒါပေမယ့် ပြောမထွက်ဘူး... ဘယ်သူ့ကိုမှလည်း ရင်ဖွင့်လို့ မရဘူး။ ကိုယ့်ဘာသာကိုယ် ကြိတ်ခံနေရတယ်။ ကိုယ့်ကိုယ်ကို သနားတယ်။ သောကြာနေ့ညက မခံနိုင်တော့လို့ အော်ငိုပစ်လိုက်တယ်။ စိတ်ထဲမှာတော့ နည်းနည်း ပေါ့သွားသလိုတော့ ရှိသား...

စနေနေ့ကျတော့ မနက် ၁၁ နာရီထိုးတဲ့ အထိ အိပ်ပစ်လိုက်တယ်။ ပြီးတော့ အိမ်အလုပ်တွေ လုပ်ပစ်လိုက်တယ်။ မီး ကလည်း မလာဘူးလေ... မီးလာရင်တော့ အခွေ ထိုင်ကြည့်ရင် ကြည့်၊ သီချင်းနားထောင်ရင် နားထောင် လုပ်လို့ရတယ်။ ပြီးတော့ ညနေပိုင်းကျတော့ အမေနဲ့ မြို့ထဲသွားတယ်။ KMD က ကွန်ပြူတာပြပွဲဆိုတာ သွားကြည့်တယ်။ Graphic card သွားဝယ်မလို့ဟာ.. အဲ့ဒီမှာ မရောင်းဘူး။ အဲ့ဒါနဲ့ Technoland ကို သွား၊ စုံစမ်းတော့ ကွန်ပြူတာကို သယ်လာပြီး ဘယ်ကဒ်က ပိုသင့်တော်တယ်ဆိုတာ စမ်းရင် ပိုကောင်းမယ် ဆိုတာနဲ့ graphic card မဝယ်ဖြစ်ပဲ ပြန်လာတယ်။ ဘက်စ်ကား စီးပြီး အိမ်ပြန်လာတယ်။ လမ်းရောက်မှ ရန်ကင်းစင်တာ ဝယ်လိုက်ဦးမယ် ဆိုပြီး ဝင်ဖြစ်တယ်။ အဝတ်အစား နည်းနည်းပါးပါး ဝယ်တယ်။ ခေါင်းလျှော်ရည် ဝယ်တယ်။ ပေါင်မုန့်ဝယ်တယ်။ ပြီးတော့ အိမ်ပြန်လာတယ်။

တနင်္ဂနွေနေ့ကျတော့ SAM Charity Bazaar သွားတယ်။ ဓာတ်ပုံတွေ အများကြီး ရိုက်ဖြစ်တယ်။ (နောက်မှ တင်မည်။ အကြွေးမှတ်ထားရန် :P) အခုကျတော့ လူ ပင်ပန်းတယ်။ တစ်နေ့လုံး နေပူထဲမှာ နေရတယ်။ ရေကလည်း ဝယ်သောက်တာတောင် မကျန်တော့လို့ သိပ်မသောက်ရဘူး။ ခြေထောက်တွေလည်း ညောင်းတယ်။

အခု ရုံးမှာ ရောက်နေတယ်။ Bryan Adams ရဲ့ I Will Always Return ကို နားထောင်ရင်း ငြိမ့်နေတယ်။ ကောင်းလေစွ...

No comments: