Sep 20, 2007

ကျွန်မ အမေရိကန်ပြန် အပိုင်း (၁)

ကျွန်မရဲ့ အတွေ့အကြုံ လေးတွေကို နည်းနည်း ကြွား... (အဲလေ) ပြောပြချင်လို့ ရယ်၊ အမှတ်တရ လေး အဖြစ် ရေးသား ချင်လို့ ဆိုတဲ့ ရည်ရွယ်ချက် ကလေးတွေ နဲ့ ရေးသား ပါတယ်။

-+-+-+-

ကျွန်မအဖေရဲ့ တာဝန်ကြောင့် ကျွန်မတို့ မိသားစု အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီ မြို့တော်မှာ နှစ်ကြိမ် နေခွင့်ရခဲ့ ပါတယ်။ ပထမ တစ်ကြိမ်က ၁၉၈၃ - ၁၉၈၇၊ ဒုတိယ တစ်ကြိမ်က ၁၉၉၅ - ၁၉၉၉ ခုနှစ် တို့ ဖြစ်ပါတယ်။ အခုတော့ အဖေလည်း အစိုးရ ဌာန မှာ အလုပ် မလုပ်တော့ပါဘူး။ အငြိမ်းစား ယူပြီး အပြင် ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ် နေပါတယ်။

ပထမ တစ်ကြိမ် သွားရတုန်းက ကျွန်မ မွေးခါစ (၅) လ သမီး ပဲ ရှိပါသေးတယ်။ အဖေ နဲ့ အမေက ကျွန်မ မွေးလာလို့ နိုင်ငံခြား သွားရတာ၊ ကောင်းကျိုးတွေ သယ်ဆောင်လာတဲ့ သမီး ဆိုပြီး ဒိုင်ယာရီ အဟောင်း တစ်ခုမှာ ရေးထားတာ ဖတ်လိုက်ရ ပါတယ်။ (ကျွန်မက သမီးဦး ဖြစ်တဲ့ အတွက် ဒိုင်ယာရီမှာ စုံစုံလင်လင် ရေးထားတာ ဖတ်ရပါတယ်။ ကျွန်မတို့ မိသားစု (၃) ယောက်က အဲ့ဒီ တုန်းက သိပ် မပြေလည်လို့ အိမ်စုတ်လေးမှာ ငှားနေရတဲ့ အကြောင်း၊ ငယ်ငယ်တုန်းက အော်ငိုရင် လမ်းထိပ်ကနေ ကြားရတဲ့ အကြောင်း၊ နို့မှုန့် ၀ယ်ဖို့ ဘယ်သူ့ ဆီက ချေးငှားရတဲ့ အကြောင်း က စပြီး ဖတ်ရပါတယ်။ )

ပထမ တစ်ခေါက် အမေရိကန် နိုင်ငံ သွားရတုန်းက ညီမ နဲ့ မောင်လေးကို အမေရိကန် နိုင်ငံမှာပဲ မွေးခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မ သူငယ်တန်း အကြို (Pre-Kindergarten) တက်ခဲ့ရ ပါတယ်။ ဒါပေမယ့် ပထမ တစ်ခေါက် သွားရတုန်းက အကြောင်းတွေကို ငယ်သေးလို့ မမှတ်မိတော့ဘူး။ ဓာတ်ပုံတွေပဲ အမှတ်တရ ရှိပါတော့တယ်။ မြန်မာနိုင်ငံ ကို ပြန်လာတော့လည်း ရောက်ခါစကပဲ အင်္ဂလိပ် လို ပြောပြီး နောက်တော့ မပြောတတ်တော့ဘူး.. ငယ်ငယ်က အိမ်နားက အစ်မကြီး တစ်ယောက် ရဲ့ မျက်နှာမှာ မှဲ့လေး ပါတာကို Is this a mole? ဆိုပြီး ခဏခဏ မေးတယ် လို့တော့ ပြန်ပြောပြတာပဲ သတိရပါတယ်။

၁၉၈ရ နှစ်မှာ မြန်မာပြည် ပြန်ရောက်.. စစခြင်း ငှားနေ... နောက်တော့ ကိုယ်ပိုင် အိမ်လေး (သစ်သား အိမ်လေးပါ) တစ်လုံး ၀ယ်ပြီး မိသားစု (၅) ယောက် + အစ်မ ၀မ်းကွဲ (၁) ယောက် နေကြပါတယ်။ အဲ့ဒီနားက လူတွေ ကတော့ အမေရိကန်ပြန် ဆိုပြီး အထင်တွေ ကြီးကြတာပေါ့..... အမှန်တော့ ကိုယ့်အိမ်မှာက အစိုးရ လခလေး တွေနဲ့ လောက်ငအောင် စားနေရတာ။ အမေရိကန်ပြန် ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ညီတာက အိမ်မှာ ဗို့အား ၁၁၀ ဆိုနီ ကာလာ တီဗွီ တစ်လုံး ရှိတယ်... ဗွီဒီယို အောက်စက် ရှိတယ်။ မှန်ဘီဒို တစ်လုံး အပြည့် အရုပ်တွေ၊ ကစားစရာတွေ ရှိတယ်။ (အလြှပထားတာ... ထုတ် မကစားရဘူး။) ဒါပဲ ရှိတယ်။ သူများတွေ အထင်ကြီးနေ သလို အမေရိကန်က ကား ကြီး တွေ မဝယ်လာနိုင်ခဲ့ပါဘူး။ ရုံးကား လေးဘီး အစုတ်လေး (ကိုယ်ပိုင် မဟုတ်ဘူး... အကြို အပို့ အတွက်ပဲ) နဲ့ပဲ အဖေ ရုံးတက်ခဲ့ ပါတယ်။ အဖေက ရာထူး ကြီးကောင် ကြီးမား လည်း မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ် ကျော်မှ အရာရှိ စဖြစ်တာပါ။

ဒီလိုနဲ့ မြန်မာပြည်မှာ ၅တန်း အထိ ကျောင်းတက်ပြီး ကျောင်းပိတ်ချိန် နွေရာသီမှာ (သင်္ကြန်မတိုင်ခင်) အမေရိကန် ပြည်ထောင်စုကို နောက်တစ်ခေါက် သွားရဖို့ အခါ အခွင့် ကြုံလာ ပါတယ်။ အဲ့ဒီ အချိန်မှာ ကျွန်မက ၁၂နှစ်၊ ညီမ က ၁၁ နှစ်၊ မောင်လေးက ၉နှစ် ရှိနေပါပြီ။ ကျွန်မတို့ မောင်နှမတွေ ပျော်လိုက်တာ။ အရင် တစ်ခေါက် သွားတုန်းက ငယ်သေးတော့ ဘာမှ မမှတ်မိခဲ့ဘူး... အခုတော့ ဓာတ်ပုံတွေ ထဲမှာပဲ မြင်ခဲ့ရတဲ့ နေရာတွေ သွားရတော့မယ် ဆိုပြီး ပျော်နေခဲ့ ပါတယ်။ ဟိုရောက်ရင် အမေ ပြောလေ့ရှိတဲ့ ဟမ်ဘာဂါတွေ၊ ပြင်သစ် အာလူးကြော်တွေ၊ ပီဇာ တွေ စားရတော့မယ်... ကိုကာ ကိုလာ တို့၊ ပက်(ပ်)စီ တို့ တစ်ဝကြီး သောက်ရတော့မယ်... အရုပ်တွေ အများကြီးနဲ့ ဆော့ရတော့မယ်... ကာတွန်းတွေ နေ့တိုင်း ကြည့်ရတော့မယ် ဆိုပြီး ၀မ်းသာ ရွှင်မြူး နေကြ ပါတယ်။ ကျွန်မ တို့ မြန်မာပြည်မှာ ဒါတွေ မစားရဘူး။ ရှိလည်း မရှိဘူးလေ... (ရှိရင်လည်း ရှိမှာပေါ့.. အမေ မဝယ်ကျွေး ခဲ့တာတော့ သေချာတယ်) ငယ်ငယ်တုန်းက ဓာတ်ပုံတွေထဲမှာ စားနေ၊ သောက်နေခဲ့ တာတွေပဲ ကြည့်ပြီး သားရေ ကျနေရတာ... (ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ရေး ရတာ `ငတ်ကြီး ကြလိုက်တာ´ လို့ ထင်တော့မှာပဲ... ဟီးဟီး .. )

ကျွန်မတို့ ဧပြီလ ထဲမှာ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပါတယ်။ လေဆိပ်ဆင်းတော့ ကျွန်မ စိတ်လှုပ်ရှား နေခဲ့ ပါတယ်။ အဲ့ဒီတုန်းက အမေက ကျွန်မတို့ ပိုလှအောင် ဆိုပြီး ဆိုင်မှာ ဆံပင် သွားကောက် ပေးထားတယ်။ ကျွန်မ ကတော့ မကြိုက်လို့ ဆိုပြီး အိမ်ပြန် ရောက်တော့ ခေါင်းလျှော် ပစ်လိုက်တယ်။ ဒါကြောင့်လား မသိဘူး... ကျွန်မ ဆံပင်က သိပ်မကောက် နေခဲ့ဘူး။ အဖေ ဘက်က အမျိုးတွေ၊ အမေ ဘက်က အမျိုးတွေ လိုက်ပို့ ပါတယ်။ ကျွန်မတို့တွေ ပျော်နေခဲ့ပေမယ့် အိမ်မှာ တစ်ခန်းတည်း အိပ်ပြီး ကျွန်မတို့ကို ထိန်းလာခဲ့တဲ့ အစ်မ ၀မ်းကွဲက ငိုတော့ ကျွန်မ မျက်ရည် ကျမိပါတယ်။ ဒါပေမယ့် ပျော်တာက ပိုများနေခဲ့ ပါတယ်။ လေယာဉ်ပျံ စီးရတော့မယ် ဆိုပြီး ပျော်နေခဲ့ ပါတယ်။

ကျွန်မတို့ ဘန်ကောက်ကို ရောက်တော့ အသိ တစ်ယောက်က လာကြိုတယ်။ ကျွန်မတို့ကို လေဆိပ်က ဘာဂါကင်းမှာ ကျွေးတယ်။ ကျွန်မတို့ မောင်နှမ တွေ ကံကောင်းပုံက အမေရိကန်မြေတောင် မနင်းရသေးဘူး.. ဘာဂါ စားနေရပြီ။ (နန်းစုရတီ၊ ဖြူဖြူ ကျော်သိန်း တို့လို ကြွားချင်း :P) ကျွန်မတို့ ဘန်ကောက်က နောက် အသိ တစ်ယောက် အိ်မ်မှာ တစ်ည အိပ် ပါတယ်။ သိပ်တော့ မမှတ်မိတော့ဘူး။ သူတို့ အိမ်မှာ ဘလက်ကီ ဆိုတဲ့ ခွေးဖြူကျားလေး မွေးထားတယ် ဆိုတာရယ်... လေဆိပ်နဲ့ နီးတယ် ဆိုတာရယ်... အဲ့ဒီနားက ရေခဲမုန့် ဆိုင်မှာ ရေခဲမုန့် စားခဲ့ရတယ် ဆိုတာပဲ မှတ်မိတော့တယ်။ ပြီးတော့ မြဘုရား ဖူးပါတယ်။ အဖေနဲ့ အမေက ဟိုး ပထမ တစ်ခေါက် ကတည်းက အယုဒ္ဒယ အထိတောင် လည်ခဲ့ပြီး ပြီ ဆိုတော့ ဘန်ကောက်မှာ သိပ်မလည်ခဲ့ပါဘူး။

ဘန်ကောက် ကနေ ပြင်သစ် နိုင်ငံ၊ ပဲရစ်(စ်) မြို့ကို အဲယားဖရန့်(စ်) (Air France) နဲ့ သွားခဲ့ပါတယ်။ အဲ့ဒီကနေမှ အမေရိကန်ပြည်ထောင်စု ကို ဆက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ အသွား လမ်းမှာ transit လုပ်တာတွေ များတယ်။ သံတမန် အနေနဲ့ သွားရတာ ဆိုတော့ အခွင့်ရတုန်းလေး လည်ချင်တာလည်း ပါမှာပေါ့။ (ဒါပေမယ့် အမေရိကန်သွား သံတမန်တွေက ဒီလိုပဲ Air France လေကြောင်းလိုင်းကို စီးခဲ့ရတယ်။ အခုတော့ မသိတော့ဘူး။) လေယာဉ်ပေါ်မှာ ဘာအစာတွေ ကျွေးလဲ မမှတ်မိတော့ပါဘူး။ (မမှတ်မိဆို ဘာတွေ ကျွေးမှန်း သိမှ မသိတာ) မကြိုက်တာပဲ မှတ်မိတော့တယ်။

ကျွန်မတို့ ပဲရစ်(စ်) မြို့ကို ရောက်တော့ ဟိုတယ် တစ်ခုမှာ တည်းပါတယ်။ ပြီးတော့ ပဲရစ်(စ်) မြို့မှာ လျှောက်လည်ပါတယ်။ အိုက်ဖယ်(လ်) (Eiffel) တာဝါ ရောက်တာပဲ မှတ်မိတော့တယ်... ပြီးတော့ အဝိုင်းကြီးနဲ့ မုဌ်ဦး ကြီး တစ်ခု။ (ဓာတ်ပုံတွေထဲမှာ ပြန်တွေ့ရတာ) သေချာတာ ကတော့ လောဗေး (Louvre) ပြတိုက် မရောက်ခဲ့ဘူး။ ပဲရစ်(စ်) မှာ နွေဦးပေါက် ရာသီ ဆိုပေမယ့် ကျွန်မတို့ အတွက် ရေခဲတမျှ အေးလှ ပါတယ်။ ဒါကြောင့် အနွေးထည်တွေ အောက်မှာပဲ ကိုယ်က ပျောက်နေတယ်။

ပဲရစ်(စ်) ကနေ အမေရိကန် ပြည်ထောင်စု ကို ခရီးဆက်ပါတယ်။ ၀ါရှင်တန် ဒီစီ မြို့နဲ့ မိုင် ၃၀ လောက် ဝေးပြီး မေရီလန်း ပြည်နယ် ထဲမှာ ရှိတဲ့ BWI (Baltimore - Washington, DC. International Airport) လေဆိပ်ကို ပျံသန်းပြီး အဲ့ဒီကနေမှ ၀ါရှင်တန် ဒီစီ ကို ကားနဲ့ ဆက်သွားရမှာ ဖြစ်ပါတယ်။

ဆက်ရန် ...

3 comments:

Anonymous said...

haha.. dawn, I love your american pyan story. Waiting for more!


dream

SZA said...

i like reading ur blog not only xanga but also this myanmar blog

*dAwN said...

ဖတ်တဲ့သူ ရှိတော့ အားရှိသွားပြီ :D ဆက်ရေးမှာပါ.. မပူပါနဲ့.. မကြာခင်လာမည် ... မျှော်...