Sep 21, 2007

ကျွန်မ အမေရိကန်ပြန် အပိုင်း (၂)

ကျွန်မ သိတတ်တဲ့ အရွယ်မှာ လေယာဉ် တစ်ခါမှ မစီးဖူးပေမယ့် လေယာဉ် မမူးခဲ့ပါဘူး။ ကျွန်မ ညီမ နဲ့ မောင်လေး တော့ မူးကြတယ်။ နားထဲမှာ အူနေတော့ လေယာဉ်မယ် လေးတွေ လာပေးတဲ့ သကြားလုံး လေးတွေ ငုံ ထားတယ်။ ကျွန်မတို့ (၃) ယောက် အတွက် ကစားစရာ အိတ်လေးလည်း ပေးတယ်။ အိတ်ထဲမှာ ပြန်ဖျက်ပြီး ပုံဆွဲလို့ ရတဲ့ ဟာလေး ရယ်၊ ရောင်စုံခဲတံ လေး တွေရယ်၊ ပုံဆွဲ စာအုပ်လေးရယ်၊ အကွက်လေးတွေ ရွှေ့ပြီး ပုံဖော်ရတဲ့ puzzle အပြား ရယ်၊ ပြီးတော့ သံဘောလုံး လေးကို maze တွေ ကြားထဲကနေ ဂိုး ၀င်အောင် လုပ်ရတဲ့ ကစားစရာလေး တွေ ပါ ပါတယ်။ (အိတ်လေးတောင် အခုထိ သိမ်းထားသေးတယ်။) သူများတွေ ကတော့ အိပ်နေကြတယ်။ ကိုယ်ကတော့ လေယာဉ်ပေါ်မှာ in-flight ရုပ်ရှင်ကြည့်လိုက် (နားတော့ မလည်ဘူး)၊ နားကြပ်နားထောင်ပြီး ခလုတ်တွေ တစ်ခုပြီ တစ်ခု ရွှေ့လိုက်နဲ့ အလုပ်ရှုပ်နေ ပါတယ်။ (အဲ့ဒီလိုမျိုး လေယာဉ်တို့၊ ကားပေါ်တို့၊ ရထားပေါ်တို့ သိပ် မအိပ်တတ်ဘူး။)

ကျွန်မတို့ လေယာဉ် BWI လေဆိပ်ကို ဆိုက်ကပ်တော့ ညနေပိုင်း ရောက်နေပါပြီ။ မိုးတွေ ရွာနေပါတယ်။ ဧပရယ် ရှားဝါး ပေါ့။ အေးအေး စိမ့်စိမ့်လေး ဖြစ်နေပါတယ်။ အမေရိကန် မြေနင်းရပြီ ဆိုပြီး ၀မ်းသာမိဖို့ အတွက် ငယ်သေးတော့ ဘာမှ ထူးထူးထွေထွေ မခံစားခဲ့ရပါဘူး။ ကျွန်မတို့ကို ဗန်ကားကြီးနဲ့ အဖေ့ ရုံးက လူ နှစ်ယောက် လာကြို ပါတယ်။ ကျွန်မတို့ လေဆိပ်ပေါ်မှာ ကောင်းကောင်း မစားခဲ့ရလို့လား မသိဘူး ... ဗိုက်အရမ်းဆာနေ ပါတယ်။ ကျွန်မတို့ ၀ါရှင်တန် ဒီစီ ကို ရောက်ဖို့ အတော်လေး ကြာကြာ မောင်းရတာ မှတ်မိ ပါတယ်။ ကျွန်မတို့ နေရမယ့် အခန်းကို ရောက်တော့ ကျွန်မ အိပ်ချင်နေ ပါပြီ။ ဒါပေမယ့် အိမ်အသစ်ကို ရောက်တာ ဆိုတော့ ထုံးစံ အတိုင်း ဟို အခန်း ပြေးကြည့်၊ ဒီ အခန်း ပြေးကြည့် တော့ လုပ်လိုက်သေးတယ်။ အိမ်သာက ဘိုထိုင် နဲ့ ရေချိုးဇလုံ ပါတော့ အရမ်း ပျော်သွားတယ်။

ကျွန်မတို့က တိုက်ခန်းမှာ ငှားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ခန်းက သားနား ပါတယ်။ ကျန်တဲ့ အဖေ့ ရုံးက မိသားစု အချို့လည်း ဒီမှာပဲ နေကြပါတယ်။ နေရမယ့် အခန်းကတော့ ကျဉ်းပါတယ်။ အိပ်ခန်းကြီး တစ်ခန်း (walk-in-closet အပါအဝင်)၊ အိမ်သာ တစ်ခန်း၊ မီးဖိုချောင် တစ်ခန်း ပါပါတယ်။ ကျွန်မတို့ (၃) ယောက်က အိပ်ခန်းထဲမှာ အိပ်ရပါတယ်။ အဖေ နဲ့ အမေက living room က အိပ်ရာ နဲ့ ဆိုဖာပေါ်မှာ အိပ်ပါတယ်။ (နောက် နှစ်တွေ ကြာတော့ အဖေက အခန်းထဲ ပြောင်း အိပ်ပါတယ်။) ကိုယ့်အဖေက အရာရှိ မဟုတ်သေးတော့ ဒီလောက် တိုက်ခန်းပဲ ရပါတယ်။ ကိုယ့်ထက် ရာထူး ပိုကြီးတဲ့ သူတွေကတော့ တစ်ခြား ပိုကျယ်တဲ့ နေရာ သို့မဟုတ် ကိုယ်ပိုင် အိမ်နဲ့ နေရတာပေါ့။ တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ ရေကူးကန် ရှိပြီး အောက်ထပ်မှာ ကားပါကင်နဲ့ laundromat ရှိပါတယ်။ တစ်ခါလျှော် ပြား ၅၀ ပဲ ကျပါတယ်။ တိုက်ခန်းကို ၀င်ချင်ရင် သော့ပြားကြီးကို ထည့်မှ ၀င်လို့ရပါတယ်။ (နောက်ကျတော့ လေဆာ စနစ် ပြောင်းလိုက် ပါတယ်။)

အိမ်ကို ရောက်တော့ တီဗွီ အဖြူ အမည်း အဟောင်း လေး တစ်လုံး လာပေးထားတာ တွေ့ရပါတယ်။ ဆိုဖာ တစ်လုံးနဲ့ အိပ်ရာတွေ ၀ယ်ပေးထား ပါတယ်။ Rice cooker တစ်လုံး ၀ယ်ပေးထားတယ်။ အားလုံးက ဗိုက်ဆာ နေကြပြီ။ လာကြိုတဲ့ သူ တစ်ယောက်က ကြိုပြီး ခေါက်ဆွဲကြော်တွေ ၀ယ်ပေးထား ပါတယ်။ အဲ့ဒါနဲ့ ထမင်းနဲ့ စားကြပါတယ်။ ဒါပေမယ့် ကျွန်မတို့အတွက် ခေါက်ဆွဲကြော်က စားနေကျ အရသာ မဟုတ်တော့ တစ်မျိုးကြီး ဖြစ်နေ ပါတယ်။ ထမင်းစားပြီးတော့ ကျွန်မတို့ အဖြူ အမည်း တီဗွီလေးကို ထိုင်ကြည့်ကြ ပါတယ်။ ညဘက် (၉) နာရီလောက် ရှိနေပြီ ဆိုတော့ ကာတွန်း မလာတော့ ပါဘူး။ ကျွန်မတို့တွေ မကျေမနပ် ဖြစ်သွားတယ်။ ကျွန်မတို့ အမှန်တော့ မအိပ်ချင်သေးဘူး... ဒါပေမယ့် အဖေက အိပ်တော့ လို့ ပြောလို့ အိပ်လိုက်ရတယ်။

ကျွန်မ တစ်ချို့ အကြောင်းအရာတွေ ကို အသေးစိတ် မမှတ်မိတော့ဘူး။ ဒါပေမယ့် မှတ်မိ သလောက်ပဲ ရေးပါတော့ပါမယ်။

၂ရက်၊ ၃ ရက်လောက် အကြာမှာ အဖေက ကာလာ တီဗွီ ခပ်ကြီးကြီး တစ်လုံး သွားဝယ်ပါတယ်။ ကျွန်မတို့တွေ ကာတွန်း ကြည့်လို့ ရသွားပြီပေါ့။ ရောက်ရောက်ချင်း ထမင်းချက်ဖို့ သိပ်မပူရပါဘူး။ ဆန် တစ်အိတ် ၀ယ်ပေးထားတယ်။ ပြီးတော့ တခြား မြန်မာအိမ်တွေက ထမင်းစား ဖိတ်တော့ သွားစားရုံပဲ။ အဖေ နဲ့ အမေ စျေး သွားဝယ်ပြီး ဟင်းချက်ကြတယ်။ မီးဖိုချောင်မှာက ရေခဲသေတ္တာ၊ Hot Plate အပေါ်မှာပါတဲ့ oven၊ ပန်းကန်ဆေးစက် နဲ့ cabinet တွေ တစ်ခါတည်း ပါပြီးသား ဆိုတော့ ဘာမှ ၀ယ်စရာ မလိုပါဘူး။

ကျွန်မတို့ ရောက်သွားတာ ဧပြီလ ချယ်ရီပန်း ပွဲတော်နဲ့ အံကိုက် ဖြစ်သွားတယ်။ ကျွန်မတို့ Cherry Blossom Parade ကို သွားကြည့်ကြ ပါတယ်။

ရောက်လာပြီး သိပ်မကြာမီမှာပဲ အဖေက ကျွန်မတို့ကို ကျောင်းထားဖို့ ပြင်ဆင်ပါတော့တယ်။

ဆက်ရန်

1 comment:

SZA said...

waitin for more, im interesting..