Sep 14, 2011

ရေးချင်တာရေးသည်


မနေ့ကအထိ Google Reader ကနေ Blogspot ပို့စ်တွေ ဖတ်တာ ဘန်းထားတုန်းပဲ။ ဒီနေ့ Google Reader ကနေ မ KOM ရဲ့ ပို့စ်ဖတ်နေတုန်း ပုံတွေပါ ပေါ်လာတာ တွေ့ရတော့... "ဟယ်.. Blogspot ပြန်ပွင့်နေပြီ ထင်တယ်" ဆိုပြီး check လိုက်တာ... အမှန်တကယ် ပွင့်နေပါရောလား။

ကိုယ်ကပဲ ခေတ်နောက်ကျနေသလားတော့ မသိပါဘူး။ သူများတွေက လွန်ခဲ့တဲ့ တစ်လထဲက ပွင့်နေတယ်လို့ ပြောကြာတယ်။ ကိုယ့်ရုံးက အင်တာနက် server ကပဲ refresh မလုပ်လို့လား မသိဘူး။ ဒီနေ့မှ စရတယ်။

ဘာပဲပြောပြော... ကိုယ့်ရဲ့ မြန်မာ ဘလော့ဂ်မှာ စာပြန်ရေးဖြစ်ဖို့ တွန်းအား တစ်ခုဖြစ်သွားတာပေါ့။

-+-+-+-

အခုတစ်လော ကိုယ့်ရဲ့ အင်္ဂလိပ် ဘလော့ဂ်မှာတောင် စာရေးချင်စိတ်က သိပ်မရှိဘူး။ ဘာလို့လဲတော့ မသိဘူး။ ရေးချင်နေတာတွေကတော့ ရှိပါတယ်။ ဒါပေမယ့် မရေးသင့်ဘူး ထင်လို့ မရေးဖြစ်တာတွေလည်း အများကြီးပဲ။ ဒါကြောင့် ဓာတ်ပုံတွေပဲ လှိမ့်တင်နေဖြစ်တယ်။ တင်စရာ ဓာတ်ပုံတွေကတော့ အများကြီး ကျန်သေးတယ်။

-+-+-+-

မနက်ဖြန် မနက်ကျရင် ချစ်သူနဲ့ ဘုရားသွားမယ်။ အမေ့ ၄လပြည့်အတွက် ပိုက်ဆံသွားလှူမယ်။ ပြီးတော့ ဘုရားရှိခိုး အမျှဝေမယ်။ အမေက သိချင်မှ သိတော့မှာ ဆိုပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့လေ။ :)

အခုချိန်ထိ အမေ့အကြောင်းကို မျက်ရည်မကျပဲနဲ့ ဘယ်သူ့ကိုမှ ပြန်မပြောနိုင်သေးဘူး။ တစ်ခါတုန်းကလည်း ချစ်သူနဲ့ အမေ့အကြောင်း ပြောနေတုန်း ငိုနေလို့ ချစ်သူက လိုက်ချော့ရသေးတယ်။

ကိုယ့်စိတ်ထဲမှာတော့ အမေက ခရီးဝေးတစ်ခုကို ကိုယ့်အရင် ကြိုသွားနှင့်တယ်လို့ပဲ ထင်နေမိတယ်။ အခုချိန်ထိ အမေ မရှိတော့ဘူးလို့ မထင်မိဘူး။ ဒီလို တွေးမိတာက denial လား၊ closure မရသေးတာလား၊ ဘာလည်းတော့ မသိဘူး။

အမေဆုံးတာနဲ့ ပတ်သတ်ပြီး သူငယ်ချင်းတစ်ယောက်ကိုလည်း သူငယ်ချင်း အဖြစ်က ရပ်စဲခဲ့တယ်။ နောက်တစ်နေ့မှာ နောင်တရပေမယ့် ကိုယ့်အမေဆုံးတဲ့အချိန်မှာတောင် ကိုယ့်ကို ဖေးမစကား ပြောဖို့ ဝေးစွ၊ ကိုယ် မထားနိုင်ခဲ့တဲ့ ကတိတစ်ခုအတွက် ကိုယ့်ကို အပြစ်တင်ဝေဖန်ပြော၊ ပြီးတော့ မစာနာ နားမလည်စွာနှင့် ဘလော့ဂ်မှာ ကိုယ့်အမေဆုံးတဲ့အကြောင်းရေးတာ sympathy လိုချင်လို့ လို့ ပြောထွက်ရက်တဲ့ ရ နှစ်ကျော်ကြာ ခင်မင်လာခဲ့တဲ့သူကို သူငယ်ချင်းအဖြစ် ဆက်ထားလည်း ဆက်ပြီး ရန်ဖြစ်နေရမှာ၊ drama တွေ ပိုဖြစ်နေရမှာ ဖြစ်တဲ့အတွက် ဒီအတိုင်းပဲ ထားလိုက်တော့တယ်။ တစ်ခါတစ်လေတော့ အရင်တုန်းက ခင်မင်ခဲ့တဲ့ အချိန်တွေကို ပြန်သတိရသား။ ဒါပေမယ့် အဲ့ဒါတွေက ပြီးသွားခဲ့ပါပြီ။

ပြဿနာ အရင်းခံကို ပြန်ဆန်းစစ်ကြည့်မိတော့ ကိုယ် မလိုက်နာနိုင်တဲ့ ကတိကို အလွယ်တကူ ပေးခဲ့မိတာက စတာ။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ မတွေ့ရပဲ အွန်လိုင်းပေါ်ကနေပဲ ဆက်သွယ်နေရတာဆိုတော့ မျက်နှာချင်းဆိုင်ပြီး ပြောရတာနဲ့စာရင် နားလည်မှုတွေ ပိုလွဲခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ် ဒါက သင်ခန်းစာ တစ်ခုပါပဲ။ အခုချိန်ဆို ကတိတစ်ခုကို အလွယ်တကူ မပေးတတ်တော့ပါဘူး။

အဲ့ဒီ ဖြစ်ရပ်က ရခဲ့တဲ့ ဒဏ်ရာတစ်ခုကတော့ ကိုယ့်ကို စိတ်ဆိုးမှာကို ကြောက်မိတာပဲ။ စိတ်ဆိုးတာ တစ်ခုကစပြီး အများကြီး ဆင့်ပွား ပွား၊ ပြီးတော့ ကိုယ့်အပေါ် အကောင်းမမြင်နိုင်တော့တဲ့ အခြေအနေထိ ရောက်သွားမှာ သိပ်စိုးရိမ်နေမိတယ်။ ဒါကြောင့် စိတ်ဆိုးစရာ တစ်ခု လုပ်မိပြီလို့ ကိုယ့်ကိုယ်ကို ထင်မိရင် ကိုယ် မှားတယ်၊ မှန်တယ် အရင်မတွေးပဲ တောင်းပန်တာက အရင် လုပ်မိနေဖြစ်တယ်။

နောက် ဒဏ်ရာ တစ်ခုကတော့ ဘယ်သူ့ကိုမှ အခင်ဆုံး သူငယ်ချင်းအဖြစ် ထပ်မလက်ခံချင်တော့တာပါပဲ။ အခုချိန်မှာ ကိုယ့်ချစ်သူဟာ ကိုယ့်ရဲ့ တစ်ဦးတည်းသော boyfriend ဖြစ်သလို၊ တစ်ဦးတည်းသော best friend ပါပဲ။ ကိုယ်တိုင်ပင်စရာတွေကို သူ့ကိုပဲ တိုင်ပင်ဖြစ်တယ်။ တခြား သူငယ်ချင်းတွေကတော့ ရှိပေမယ့် close friend တစ်ယောက်လိုမျိုး ရင်းရင်းနှီးနှီး မတိုင်ပင်ဖြစ်တော့ဘူး။ အဲ့ဒီတော့ တစ်ခါတစ်လေ ချစ်သူက ခရီးသွားနေချိန်၊ မအားတဲ့ အချိန်မျိုးကျ ကိုယ့်မှာ တစ်ယောက်တည်း lonely ဖြစ်တယ်။ ဒါပေမယ့် တခြား ဘယ်သူ့ကိုမှလည်း စကားမပြောဖြစ်ဘူး။

-+-+-+-

အခု Diploma in Development Studies တက်နေတာ နောက်လ ပထမပတ်ဆို first semester အတွက် စာမေးပွဲ ရှိတယ်။ စာတွေ ရပြီလား လို့ မေးရင်တော့ မရသေးဘူးလို့ပဲ ပြန်ဖြေပါမယ်။

No comments: