Jan 31, 2010

0 comments

စိတ်ထဲမှာ ပင်ပန်းနေတယ်။ ပြောစရာ စကားတွေ ရင်ထဲမှာ ပြည့်သိပ်နေတယ်။ မကျေနပ်ချက်တွေလည်း အရမ်းများနေတယ်။ ဒါပေမယ့် ပြောမထွက်ဘူး... ဘယ်သူ့ကိုမှလည်း ရင်ဖွင့်လို့ မရဘူး။ ကိုယ့်ဘာသာကိုယ် ကြိတ်ခံနေရတယ်။ ကိုယ့်ကိုယ်ကို သနားတယ်။ သောကြာနေ့ညက မခံနိုင်တော့လို့ အော်ငိုပစ်လိုက်တယ်။ စိတ်ထဲမှာတော့ နည်းနည်း ပေါ့သွားသလိုတော့ ရှိသား...

စနေနေ့ကျတော့ မနက် ၁၁ နာရီထိုးတဲ့ အထိ အိပ်ပစ်လိုက်တယ်။ ပြီးတော့ အိမ်အလုပ်တွေ လုပ်ပစ်လိုက်တယ်။ မီး ကလည်း မလာဘူးလေ... မီးလာရင်တော့ အခွေ ထိုင်ကြည့်ရင် ကြည့်၊ သီချင်းနားထောင်ရင် နားထောင် လုပ်လို့ရတယ်။ ပြီးတော့ ညနေပိုင်းကျတော့ အမေနဲ့ မြို့ထဲသွားတယ်။ KMD က ကွန်ပြူတာပြပွဲဆိုတာ သွားကြည့်တယ်။ Graphic card သွားဝယ်မလို့ဟာ.. အဲ့ဒီမှာ မရောင်းဘူး။ အဲ့ဒါနဲ့ Technoland ကို သွား၊ စုံစမ်းတော့ ကွန်ပြူတာကို သယ်လာပြီး ဘယ်ကဒ်က ပိုသင့်တော်တယ်ဆိုတာ စမ်းရင် ပိုကောင်းမယ် ဆိုတာနဲ့ graphic card မဝယ်ဖြစ်ပဲ ပြန်လာတယ်။ ဘက်စ်ကား စီးပြီး အိမ်ပြန်လာတယ်။ လမ်းရောက်မှ ရန်ကင်းစင်တာ ဝယ်လိုက်ဦးမယ် ဆိုပြီး ဝင်ဖြစ်တယ်။ အဝတ်အစား နည်းနည်းပါးပါး ဝယ်တယ်။ ခေါင်းလျှော်ရည် ဝယ်တယ်။ ပေါင်မုန့်ဝယ်တယ်။ ပြီးတော့ အိမ်ပြန်လာတယ်။

တနင်္ဂနွေနေ့ကျတော့ SAM Charity Bazaar သွားတယ်။ ဓာတ်ပုံတွေ အများကြီး ရိုက်ဖြစ်တယ်။ (နောက်မှ တင်မည်။ အကြွေးမှတ်ထားရန် :P) အခုကျတော့ လူ ပင်ပန်းတယ်။ တစ်နေ့လုံး နေပူထဲမှာ နေရတယ်။ ရေကလည်း ဝယ်သောက်တာတောင် မကျန်တော့လို့ သိပ်မသောက်ရဘူး။ ခြေထောက်တွေလည်း ညောင်းတယ်။

အခု ရုံးမှာ ရောက်နေတယ်။ Bryan Adams ရဲ့ I Will Always Return ကို နားထောင်ရင်း ငြိမ့်နေတယ်။ ကောင်းလေစွ...

Jan 20, 2010

ကြိုက်မိတဲ့ သီချင်းတစ်ပုဒ်

0 comments

အချစ်ဆိုတာဟာ ကောင်းကင်က ငှက်တစ်ကောင်လိုပဲ
ဘဝဆိုတာ ဖြတ်သန်းမှ အဓိပ္ပာယ်ရှိတယ်
တစ်ချိန်လုံး ဖြတ်သန်းလာခဲ့ရတဲ့ မိုးတွေကို
ချွေးသိပ်ဖို့ နားခိုရာမဲ့ အချစ်သစ်ပင်ကို

ကူးခတ်ရင်း အရှိန်အဟုန်ဖြင့် လေကို ထိုးခွင်းလာရင်းနဲ့

အတောင်ပံခတ်သံ.. အချက်တိုင်းမှာ.. 
ချစ်တယ်... ချစ်တယ်ဆိုတဲ့ ရိုက်ချက်များ
ရွှေနားတော်အပါးဆီ ပဲ့တင်မြည်ဟီးလို့

ချစ်တယ်.. အရမ်းပဲ ချစ်နေပြီ...
ချစ်တယ်... အရမ်းပဲ ချစ်နေပြီ...
ချစ်တယ်... အရမ်းပဲ ချစ်နေပြီ
ချစ်တယ်.. အရမ်းပဲ... ချစ်နေပြီ



"အရမ်းပဲ ချစ်နေပြီ" ဆိုတဲ့ သီချင်းကို ဖော်ရမ်မှာ ရှယ်ယာလုပ်ထားတာ တွေ့လို့ ဒေါင်းလုပ် လုပ်ပြီး နားထောင်ဖြစ်တယ်။ အဲ့ဒီ သီချင်းလေးကို တော်တော် သဘောကျမိတယ်။ ဒါပေမယ့် ရှယ်ယာလုပ်ထားတဲ့ သီချင်းက နည်းနည်း ကွာလတီ မကောင်းလို့ ပိုကောင်းမယ့်ဟာလေး ရှာဖြစ်တယ်။

သူ့အသံလေးက တော်တော် နားထောင်လို့ကောင်းတယ်။ တော်တော်လေး သဘောကျပြီး ခိုက်သွားတယ်။ ဟန်ထွန်း အသံနဲ့လည်း ဆင်တယ်။ ဒါကြောင့် စစချင်း အဲ့ဒီ "အရမ်းပဲ ချစ်နေပြီ" ဆိုတဲ့ သီချင်းကို ဟန်ထွန်းဆိုထားတယ်လို့တောင် မှတ်နေတာ.. နောက်မှ သူ ဆိုတာ မဟုတ်မှန်း သိတာ... သီချင်းစာသား အစလေးကို ဂူးဂယ်လ်မှာ ရှာကြည့်လိုက်တာ သီချင်းစာသားလေးတင်ထားတာ သွားတွေ့တယ်။ ပြီးတော့ ရိန်မိုးဆိုတာမှန်း သိလိုက်ရတယ်။

အဲ့ဒါနဲ့ Myanmar Mp3 Album website မှာ ရှာကြည့်လိုက်တာ ဇာတ်ဝင်တေးများ (၁) ဆိုတာ သွားတွေ့တယ်။ ဘာ ဇာတ်ဝင်တေးတွေလည်းတော့ မသိဘူး.. ကိုယ်ရှာနေတဲ့ သီချင်း ရှိတယ်ဆိုလို့ ဒေါင်းလုပ် လုပ်လိုက်တယ်။ သီချင်း (၉) ပုဒ် ပါတဲ့ထဲမှာ (၉) ပုဒ်လုံး ကြိုက်တယ်။

ဒီတစ်ခါ City Mart ရောက်ရင် သူ့အခွေလေးတွေ လိုက်ရှာဝယ်ဦးမယ်။ :)

Jan 15, 2010

ဓာတ်ပုံဒိုင်ယာရီ: ဇန်နဝါရီ ၁၀၊ ၂၀၁၀

1 comments



ပြီးခဲ့တဲ့ တစ်ပတ် တနင်္ဂနွေနေ့က Avatar သွားကြည့်ဖြစ်တယ်။ နေပြည်တော် ရုပ်ရှင်ရုံမှာပါ။ မြန်မာပြည်မှာ ဒရီးဒီ ရုပ်ရှင်ရုံမရှိသေးတော့ ရိုးရိုးဟာပဲ ကြည့်ရတာပေါ့။ ရိုးရိုးလည်း ကြည့်လို့ ကောင်းပါတယ်။ မနက် ၁၀ နာရီပွဲ သွားကြည့်ဖြစ်ပါတယ်။ လက်မှတ် ကြိုမဝယ်ပဲ ရုံရောက်မှပဲ ဝယ်ကြည့်တာပါ။ တော်သေးတယ်... မှောင်ခိုတွေ မရှိလို့... ကိုယ်ရောက်သွားတာ ၉း၅၅ မို့လို့ trailer တွေတောင် ပြနေပါပြီ။

အရင်တုန်းကဆို ရုပ်ရှင်တွေကို ကြည့်ရဖို့ တစ်သက်လောက် စောင့်ရတယ်။ ကျွန်မတို့ဆို ဒီဗွီဒီ အခွေ အကြည်ထွက်မှ ကြည့်တာဆိုတော့ ပိုဆိုးတယ်။ ဒီတစ်ခါတော့ ဘန်ကောက်တို့၊ စင်ကာပူတို့မှ ပြနေချိန်မှာလည်း ဒီမှာ တစ်ပြိုင်နက် ကြည့်လို့ရတယ်။ မြန်မာပြည် အနည်းငယ်တိုးတက်လာကြောင်း သက်သေပေါ့.. အဟက်..


ဒါပေမယ့် ရုပ်ရှင်ကြည့်သူတွေကတော့ .... မပြောချင်တော့ပါဘူး။  ၂၀၁၂ ရုပ်ရှင်သွားကြည့်တုန်းကလည်း အရှေ့တန်းက ကောင်မလေးက သီချင်းကို စပီကာနဲ့ နားထောင်နေတာ... စိတ်တိုလိုက်တာ မပြောပါနဲ့.. နောက်ကနေ ပိတ်ရိုက်ပစ်ချင်တယ်။ ဒီတစ်ခါတော့ ဘယ်သူမှ သီချင်း မနားထောင်နေပါဘူး.. ဒါပေမယ့် နောက်တန်းက လူတွေက စကား အသားကုန် များတယ်။ ရုပ်ရှင်လာကြည့်တာ ဘယ်တုန်းက စကားမပြောဖူးလို့လဲ မသိဘူး... ရုံထဲ ရောက်မှ လေပေါနေကြတယ်။ ကိုယ်က listening power မကောင်းလို့ သိပ်မကြားရတော့ စိတ်တိုတာပေါ့..


သူများတွေတော့ မသိဘူး... ကျွန်မတော့ ရုပ်ရှင်ရုံရောက်ရင် ဘာမှ စားလေ့မရှိဘူး။ ဒါပေမယ့် ဘေးနားက လူတွေ နေကြာစေ့ တစ်ဖျောက်ဖျောက်နဲ့ စားနေသံကို ကြားရင် ဘာကြောင့် စိတ်တိုမှန်း မသိဘူး။ ရုပ်ရှင်က မစသေးဘူး.. နိုင်ငံတော်အလံတောင် မလာသေးဘူး.. သူတို့ဆီက တစ်ဖျောက်ဖျောက် အသံက ကြားနေရပြီ။ ပိုဆိုးတာက အမိှုက်တွေကို ဒီအတိုင်း ကြမ်းပြင်ပေါ် ပစ်ချလိုက်တာပဲ.. အရမ်း ညစ်ပတ်ကြတယ်။  ဒါကြောင့် ရုပ်ရှင်ရုံတွေမှာ သန့်ရှင်းရေး အများကြီး ငှားရတယ်။ ပြီးရင် နောက် တစ်ပွဲ မစခင် လှဲကျင်းကြရပြန်ရော.. နောက်တစ်ပွဲပြီးရင်လည်း ထပ်လှဲရပြန်ရော... နည်းနည်းပါးပါး ကိုယ်ချင်းစာကြပေါ့... ကိုယ် သန့်ရှင်းရေး မလုပ်ရတိုင်း...


ရွှေပွဲလာ ပရိတ်သက်များ

လူတွေတော့ တော်တော်များများ လာကြည့်ကြတယ်။ ပြန်အထွက်မှာ ထွက်ပေါက်ရောက်အောင် မနည်း တိုးထွက်လိုက်ရတယ်။

ဆူးလေ လမ်းကျော်တံတားပေါ် ရောက်လို့ ဓာတ်ပုံတွေ ရိုက်ဖြစ်လိုက်သေးတယ်။


ရင်တုန်ကင်းဝင် ဆိမ့်သက်လေးမို့ လူတိုင်းရင်မှာ Gold Roast ပါ


ဂျော်ဒါးနိုး ကြော်ငြာ


ဆူးလေ ဘတ်စ်ကားဂိတ်


ဆူးလေး လမ်းဆုံ






ဆူးလေ မုန့်ဟင်းခါးဆိုင်က မုန့်ဟင်းခါးလည်း စားလိုက်သေးတယ်။


Sule Mohinga

အဲ့ဒီမှာ နိုင်ငံခြားသား နှစ်ယောက်လည်း မုန့်ဟင်းခါး ထိုင်စားနေကြလို့ အံသြသွားသေးတယ်။

ပြီးတော့ ဘက်စ်ကားစီးပြီး အိမ်ပြန်တယ်။ ထိုင်ခုံရတော့ အေးအေးဆေးဆေး ဓာတ်ပုံလိုက်ရိုက်ပြီး စီးလာတယ်။


မိသားစု ၃ ယောက်


ဗဟန်း ၃ လမ်း မှတ်တိုင်နား



ဗဟန်း ၃ လမ်း မှတ်တိုင်နား

Jan 6, 2010

နှစ်သစ်အတွက် ပထမဆုံး ပို့စ်

0 comments

ဘလော့ဂ်စပေါ့ ပြန်ဖွင့်ခြင်း အထိမ်းအမှတ်နဲ့ စစဆုံး ပို့စ်လေး တင်လိုက်ဦးမှ... :P

ဘာစိတ်ကူးပေါက်ပြီး ဘလော့ဂ်စပေါ့ ပြန်ဖွင့်ထားလဲ မသိဘူး။ ပြီးတော့ ဘယ်တော့ ပြန်ပိတ်မယ်မှန်းလည်း မသိဘူး။ ဇန်နဝါရီ (၁) ရက်နေ့က စပြီး ပွင့်နေတယ် ပြောတာပဲ။

YouTube လည်း ဖွင့်ထားပါရဲ့.. ဒါပေမယ့် video play လိုက်တိုင်း "An error occurred. Please try again later" ပဲ ပြောနေတယ်။ :(

No matter... ကိစ္စမရှိပါ။ အရင်တုန်းက သုံးခဲ့တဲ့ နည်းအတိုင်းပဲ YouTube ကြည့်လိုက်မှာပေါ့။ :P

-+-+-+-

မနေ့ကပဲ ခရီးတစ်ခုက ပြန်လာခဲ့တယ်။ ၃ ရက်နေ့ ည ရး၃၀ လောက် ကတည်းက ရန်ကုန်က ထွက်တယ်။ ၅ ရက်နေ့ မနက် ၃ နာရီ အိမ်ပြန်ရောက်တယ်။ သွားခဲ့တာက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ရွာလေးတစ်ခုပါ။ ရုံးက အဖွဲ့တွေနဲ့ သွားတာဆိုတော့ ပျော်စရာကောင်းပါတယ်။ အချစ်ဆုံး သူငယ်ချင်း တစ်ယောက်လည်း ပါတယ်ဆိုတော့ ပိုပျော်ဖို့ ကောင်းတယ်။


ဧရာဝတီမြစ်ရဲ့ အရုဏ်ဦးအလှ

လှေပေါ်ကနေ ဓာတ်ပုံတွေ တော်တော်များများရိုက်ဖြစ်ခဲ့ပေမယ့် အပြန်ခရီးကျတော့ စိတ်မပါတာနဲ့ မရိုက်တော့ဘူး။ စာအုပ်ပဲ ဖတ်နေလိုက်တယ်... တစ်ခါတစ်လေတော့လည်း အိပ်ပျော်သွားရော... ညနေ နေဝင်တာလေးကိုတော့ ဒီအတိုင်းပဲ ထိုင်ကြည့်နေလိုက်ဖြစ်တယ်။ ကင်မရာကလည်း သူများဆီ ရောက်သွားတာကိုး... သူတို့ ရိုက်ထားတာတွေတော့ ရှိပါရဲ့...

မနက် ၃ နာရီလောက် အိမ်ပြန်ရောက်တော့ အကျႌပဲ လဲဖြစ်လိုက်တယ်... ပြီးတော့ အိပ်ရာထဲ ဝင်ပြီး လှဲလိုက်ဦးမယ် ဆိုပြီး လှဲလိုက်တာ... နေ့လည် ၂း၃၀ လောက်မှ နိုးတော့တယ်။ :P

နောက်မှပဲ ဓာတ်ပုံတွေ အပြည့်နဲ့ ပို့စ် တင်ဦးမယ်။ ခုလောလောဆယ်တော့ ဓာတ်ပုံတွေ edit လုပ်ဖို့ ဖီးလ် မလာသေးလို့.. :D

ညနေ ၅းဝ၀ update: Blogspot ပြန်ပိတ်သွားပြန်ပါပြီ။ ထင်သားပဲ...