Feb 4, 2010

လမိုက်ည

"တီ..."

ဖုန်းမြည်သံကြောင့် ကျွန်မ လန့်နိုးသွားခဲ့ပါတယ်။ မီးဖွင့်ပြီး နာရီကို ကြည့်လိုက်မိတော့ ည ၁ နာရီ။ မနက် ၁ နာရီဆို ပိုမှန်ပါတယ်။ အမောတကော အောက်ထပ်ဆင်းပြီး ဖုန်းကောက်ကိုင်လိုက်ချိန်မှာ ဖုန်းက ကျသွားပါပြီ။ ည ၁ နာရီ ဖုန်းဆက်တာဆိုလို့ ရင်ထဲမှာ နည်းနည်း ထိတ်သွားတယ်။ ဘာ တစ်ခုခုများ အရေးကြီးလဲပေါ့... အရင်တစ်ခါ အဖွားဆုံးခါနီးတုန်းကလည်း အဲ့ဒီလိုပဲ ညဖက်ကြီး ဖုန်းလာဖူးတာကိုး... ဒါပေမယ့် ပြန်မဆက်ပုံထောက်တော့ အရေးမကြီးလောက်ပါဘူး ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်တယ်။ တော်ကြာ ဟိုတစ်ခါလို အဖေ့ဘော်ဒါတွေ ညဖက်ကြီး အရက်ဆိုင်ထိုင်ရင်း ပိုက်ဆံမလောက်လို့ လာချေးမလို့ ဆက်တာလည်း ဖြစ်နိုင်တာပဲ။ (ဒီလိုဆိုရင်တော့ ဖုန်းမကိုင်လိုက်တာ ခပ်ကောင်းကောင်းရယ်)

ပြီးတော့ အိပ်ရာပြန်ဝင်တယ်။ ဒါပေမယ့် တော်တော်နဲ့ ပြန်အိပ်လို့မရ ဖြစ်သွားတယ်။ အိပ်ရာကနေ လှဲနေရာကနေ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ လကွေးကွေးလေးကို လှမ်းမြင်လိုက်ရတယ်။

အိပ်မရတော့ ဟိုတွေး ဒီတွေး ဟိုစဉ်းစား ဒီစဉ်းစား လုပ်မိတယ်။ ပြီးခဲ့တဲ့ ရက်တွေက အဖြစ်အပျက်တွေကို မျက်စိထဲမှာ ပြန်မြင်ယောင်မိတယ်။ အီးမေးလ်ထဲက စာသားတွေ... ကြမ်းတမ်းတဲ့ စကားလုံးတွေ... ကျွန်မရဲ့ ဝမ်းနည်းမှုတွေ... အကုန်လုံး... အကုန်လုံးပဲ။ ပုံရိပ်ပြသလို ပြန်ပြီး မြင်ယောင်လာတယ်။ ခုချိန်မှာတော့ ကျွန်မ ဒေါသတွေ မထွက်တော့ဘူး။ ဝမ်းနည်းတာပဲ ကျန်ခဲ့တော့တယ်။

ကျွန်မဟာ ကလေးဆန်တယ်၊ ရင့်ကျက်မှု မရှိဘူး၊ ကိုယ့်ကို ဂရုစိုက်မှုကို လိုလားတယ်၊ အချစ်အတွက်နဲ့ဆို ရူးသွပ်တယ်၊  ကိုယ့်ကိုယ်ကို အထင်သေးတဲ့ စိတ်ရှိတယ်။ ဒါတွေ မှန်ပါတယ်။ ကျွန်မ အသက် ဒီအရွယ်အထိ ကျွန်မ ဒီလို စိတ်မျိုးတွေနဲ့ နေလာခဲ့တာပါ။ အခုချိန်မှာ ဒီအကျင့်တွေကို ပြင်မယ်ဆိုရင်တောင် ကျွန်မပြင်နိုင်ပါ့မလား။

ဒါပေမယ့် ကျွန်မ ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှ တစ်ကိုယ်ကောင်းဆန်တယ်လို့ မထင်ခဲ့မိဖူးဘူး။ ကိုယ့်ကိုယ်ကို တစ်ကိုယ်ကောင်း မဆန်တဲ့သူ၊ သူများကောင်းကျိုး၊ အများကောင်းကျိုးအတွက်ပဲ ဦးစားပေးတဲ့သူလို့ ယုံကြည်ခဲ့မိတယ်။ အခုလို ကျွန်မကို တစ်ကိုယ်ကောင်းဆန်တယ်လို့ အပြောခံရတော့မှ ကျွန်မရဲ့ လုပ်ရပ်တွေကို ပြန်ပြီး သုံးသပ်မိတယ်။ ကျွန်မ ဘယ်နေရာတွေမှာ ဘယ်လို တစ်ကိုယ်ကောင်းဆန်ခဲ့ပါလိမ့် ဆိုပြီး။

ပြန်စဉ်းစားကြည့်တော့လည်း... ဟုတ်သလိုလိုပဲ... ကျွန်မ ကိုယ့်ဖို့ကိုယ်ပဲ ကြည့်ခဲ့မိတာတွေ အများကြီးပဲ။ ဥပမာ - လတ်တလောအရ ပြောရရင်၊ ကျွန်မက တာဝန်ကျေပွန်ချင်လွန်းလို့ တာဝန်သိစိတ်နဲ့ ဟိုပြေး၊ ဒီပြေး လုပ်နေမိချိန်မှာ ကိုယ့်ကို ခင်မင်တဲ့ အစ်ကိုကြီး တစ်ယောက်ကို ignore လုပ်သလို ဖြစ်မိသွားတယ်။ ကျွန်မက သူ့ကို ဂရုမပြုတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း ပြောတယ်.. အဲ့ဒီလို ရည်ရွယ်ချက်နဲ့ မလုပ်မိပေမယ့် အဲ့ဒီလို ဖြစ်သွားတယ်။ ဒီလိုဆိုရင် ကျွန်မ တစ်ကိုယ်ကောင်းဆန်မိတယ်ပေါ့။

နောက်တစ်ခါက ရုံးက သူငယ်ချင်းတစ်ယောက်ကို ပျဉ်းမနားက နွေးနွေးမြေပဲပွကြော် စားချင်တယ်ဆိုပြီး နောက်ပြီး ပြောလိုက်မိတာ... သူက တကယ် မှာပြီး ဝယ်ပေးတယ်.. ပြီးတော့ ကိုယ့်ဆီကို ကိုယ်တိုင် လာပို့တယ်။ သူ လာတဲ့အချိန်မှာ ကိုယ့်အာရုံက ကွန်ပြူတာပေါ်မှာ ရောက်နေတယ်။ ကျွန်မရဲ့ အကျင့်က တစ်ခုခုပေါ် အာရုံရောက်မိနေရင် ကျန်တာတွေကို သိပ်ပြီး ဂရုမပြုမိတော့ဘူး။ အဲ့ဒီတုန်းက Twitter မှာ Barcamp အကြောင်း လိုက်ဖတ်နေတာ.. အဲ့ဒါ သူက လာပေးချိန်မှာ ကျေးဇူးပဲနော် ဆိုတဲ့ စကားက လွဲပြီး ကျန်တာ မပြောမိဘူး။ ကျေးဇူးက တကယ်တင်ပါတယ်။ ဒါပေမယ့် ကျွန်မ လွယ်လွယ်ပဲ ပြောမိလိုက်တယ်။ ဒါဆိုရင် ကျွန်မ တစ်ကိုယ်ကောင်းဆန်မိတယ်ပေါ့...

အိမ်မှာ အဖေနဲ့ အမေက အိမ်ကို စောစောပြန်လာဖို့.. မိုးမချုပ်ဖို့ ခဏခဏပြောပေမယ့် အိမ်ကို အမြဲတမ်း နောက်ကျပြန်တယ်။ ကိုယ့်ဘာသာကိုယ် Facebook က ဂိမ်းတွေ ကစားပြီးမှ ပြန်တယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ချက်နေတာ မပြီးလို့ နောက်ကျတယ်။ ဒါမှမဟုတ် ပြန်ခါနီးမှ (ဒီနေ့လို) ဘလော့ဂ်ရေးဖို့ စိတ်ကူးရလို့ ပြီးအောင် ထိုင်ရေးတယ်။ ဒီတစ်ခါလည်း ကိုယ့်ဖို့ကိုယ် ကြည့်မိပြန်တယ်။

ဟုတ်တယ်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်ခဲ့မိပါတယ်။

ပျော်ရွှင်မှုဆိုတာကို မခံစားမိတာ ဘယ်လောက်ကြာပြီလဲ။ ၂၀၀၉၊ နိုဝင်ဘာလမတိုင်ခင်က ကိုယ်ဟာ ကမ္ဘာရဲ့ထိပ်ဆုံးမှာ ရှိနေခဲ့သလို ပျော်ရွှင်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီကတည်းက downhill ဆင်းသွားတာ.. အခုထိပဲ။ ဒါကြောင့် ကျွန်မဆိုတဲ့ သူဟာ ပျော်ရွှင်မှုနဲ့ အတူမနေနိုင်တဲ့သူ ဖြစ်နေတယ် ထင်ပါရဲ့။ လူမိုက်နဲ့ငွေ အတူမနေဆိုတဲ့ စကားအတိုင်းပေါ့။

အိပ်သင့်ပြီလို့ စိတ်ဆုံးဖြတ်လိုက်ပြီး ကောင်းကင်ကို ပြန်မော့ကြည့်ချိန်မှာ ခုနက သာနေတဲ့ လ ကို မမြင်ရတော့ပါဘူး။

ကျွန်မ ပြတင်းပေါက်ကို ကျောပေးပြီး အိပ်လိုက်တယ်။ ဒီညတော့ လရောင်ဟာ ကျွန်မကို နှစ်သိမ့်မှုတွေ မပေးနိုင်တော့ပါဘူး။ ကျွန်မထက်ပိုပြီး ထိုက်တန်တဲ့သူတွေ၊ ကျွန်မထက် သူ့ကို ပြန်လည်နှစ်သိမ့်မှု ပေးနိုင်တဲ့သူတွေဆီ သူသွားပြီ ထင်ပါရဲ့။

1 comment:

Anonymous said...

I like this post. :D
ma mon