Jul 13, 2009

အချစ်နှင့် ကျွန်မ၏ ခံစားချက်

အခု တစ်လော ဘာစဉ်းစားနေမိလဲဆိုတော့ အချစ် ဆိုတဲ့ အကြောင်းအရာပေါ့။ ဘာရယ် မဟုတ်ပါဘူး...

ဆယ်ကျော်သက်နဲ့ ၂၀ အစပိုင်း အရွယ်တုန်းကတော့ ကိုယ့်မှာသာ တစ်နေ့ ချစ်သူ ရှိလာခဲ့ရင် ကိုယ့်ရဲ့ ချစ်သူကို စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အောင် အလိုလိုက် အကြိုက်ဆောင် ထားမယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ခံယူထားမယ် ဆိုပြီး စိတ်ရှိတယ်။ အဲ့ဒီတုန်းကတော့ မြန်မာ အချစ်ဝတ္ထုတွေ ဖတ်ပြီး စိတ်ကူးတော်တော်ယဉ်ခဲ့ဖူးတဲ့ အချိန်တွေပေါ့။ မနက် မိုးလင်းလာချိန် အိမ်ရှေ့ ခြံစည်းရိုးမှာ secret admirer တစ်ယောက်ယောက်က ပန်းစည်းလေး ထားခဲ့တာတို့၊ ညဖက်ဆိုရင် အိမ်ရှေ့မှ ဂီတာလာတီးတာမျိုး ရှိမလား ဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အခု အသက် ၂၆ နှစ်သာ ကျော်လာတယ်.. တစ်ခါမှ အဲ့ဒီလိုမျိုး မကြုံဘူးပေါင်။ =P

အဲ့ဒီတုန်းက အချစ် ကဗျာတွေ မဂ္ဂဇင်းထဲမှာပါရင် အသေလိုက်မှတ်၊ ပြီးရင် စာအုပ်လေးနဲ့ ရေးထားဖူးတယ်။ အခုနောက်ပိုင်းတော့ ကဗျာတွေကို လုံးဝမခံစားတတ်တော့ဘူး။ မဂ္ဂဇင်းတွေထဲမှာ ကဗျာတွေပါရင် ကျော်ဖတ်ပစ်တာ။ ပြီးတော့ ဖော်ရမ်မှာဆိုရင်လည်း ကဗျာတော့ပစ်တွေဆို လုံးဝ မဖတ်ဘူး။ အဲ့ဒီလို အနုပညာကို ခံစားတတ်တာ။ :P

အခုနောက်ပိုင်း အတ္တကြီးလာတာ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေဆို အကြင်နာပိုတယ်၊ မေတ္တာပို ထားတယ်။ ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေဆို မသိသလို ဖာသိဖာသာ နေဖြစ်တယ်။ မကောင်းမှန်း သိပါတယ်။ ဒါပေမယ့် ကိုယ်က မေတ္တာထားပေမယ့် ကိုယ့်ကို မေတ္တာ ပြန်မထားတော့၊ စိတ်ထဲမှာ မေတ္တာ မထားလည်းနေ၊ ကိုယ့်ကို မေတ္တာထားတဲ့ သူတွေနဲ့ပဲ ပေါင်းမယ် ဆိုပြီ စိတ်ဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရင် မာနထားမိတာပေါ့။ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့လည်း မယူဆတော့ဘူး။ ကိုယ့်ဘက်က တစ်ချိန်လုံး ပေးဆပ်နေရတာ၊ တစ်ဖက်သက်ချည်း ချစ်နေရတာကို အရမ်းမုန်းလာတယ်။ ဒီတော့ ဒီလို ဘယ်တော့မှ မလုပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားတယ်။ ရည်းစားဟောင်းနဲ့တုန်းကလည်း အဲ့လိုပဲ.. အစပိုင်းမှာ ကိုယ့်ကို ဂရုစိုက်တော့ သာယာမိတယ်။ နောက်ပိုင်းကျတော့ စကားများ၊ အဆင်မပြေဖြစ်လာချိန်ကျတော့ ကိုယ့်ကို မချစ်တဲ့လူ၊ ကိုယ့်ကို ဂရုမစိုက်တဲ့သူကို ကိုယ်လည်း ချစ်ဖို့ မကြိုးစားတော့ဘူးဆိုပြီး စိတ်ဖြစ်လာတယ်။ ဒီတော့ အခြေအနေက ပိုဆိုးသွားတော့တာပေါ့။

အခုနောက်ပိုင်း ရည်းစားဟောင်းနဲ့ ကိုယ်နဲ့ စကား နေ့တိုင်းနီးပါး ပြောဖြစ်တယ်။ ရည်းစားတွေသာ မဟုတ်တော့တာ ... အရင်တုန်းကလိုပဲ စကားပြောတော့ မပြတ်ဘူး။ တစ်ခါတစ်လေ တောင်းပန်တဲ့စကားတွေ ပြောဖြစ်သေးတယ်။ တစ်ခါတစ်လေ တော့လည်း ရည်းစားဖြစ်ခဲ့တုန်းက ကိုယ်မကျေမနပ်ဖြစ်ခဲ့တဲ့ အရာတွေကို ပြန်ပြောဖြစ်တယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က commitment မရှိတော့တော့ စိတ်ထဲမှာ နာကျည်းနေတာမျိုးလည်း မရှိတော့ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တော့လည်း “သြော်.. သူ ငါ့ကို အလေးတစ်စိုက် ရှိသေးသားပဲ” ဆိုပြီး ကြည်နူးမိတယ်။ ဟောင်ကောင် ရောက်နေတုန်းက ညတိုင်းနီးပါး သူနဲ့ စကားပြောဖြစ်တယ်။ သူက ကျွန်မနေတဲ့ ဟိုတယ်ကို ဖုန်းဆက်တယ်.. ကျွန်မက အပြင်သွားနေလို့ အခန်းထဲမှာ မရှိရင် သူက message ချန်ထားခဲ့တယ်။ ညဘက် ဟိုတယ်အခန်းကို ပြန်ရောက်တော့ သူထားခဲ့တဲ့ message တွေ နားထောင်ပြီးမှ အိပ်တယ်။ ဟောင်ကောင်မှာ နေခဲ့တဲ့ နောက်ဆုံးညတုန်းက သူနဲ့ voice chat ပြောဖြစ်သေးတယ်။ အကြာကြီးပဲ.. မနက် ၂းဝ၀ လောက်မှ သူက သွားအိပ်ချည်တော့လို့ ပြောမှ အိပ်ရာဝင် ဖြစ်တယ်။ ပြောဖြစ်တာတွေကလည်း ဟိုလို အီစီကလီတွေ ပြောဖြစ်တာ မဟုတ်ပါဘူး။ ဟို သတင်း၊ ဒီသတင်းတွေ ပြော၊ (သူက သတင်းအရမ်းကြည့်တာ၊ ကျွန်မကိုလည်း သတင်း သိပ်မဖတ်လို့ဆိုပြီး ရည်းစာ ဘဝတုန်းက အပြစ်ပြောသေးတယ်။ :P)၊ သီချင်းတွေ ရှယ်ယာလုပ် ဒီလောက်ပါပဲ။

ဒါပေမယ့် ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို စကားပြောချင်တဲ့ သူတစ်ယောက် ရှိသားပဲ ဆိုပြီး ကြည်နူးမိပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်၊ အင်ဒိုနီးရှားရောက်တုန်းက သူနဲ့ အွန်လိုင်းမှ စတွေ့ပြီး စကားပြောခဲ့ကြတာကို ပြန်သတိရမိတယ်။ အဲ့ဒီတုန်းကလည်း ကိုယ့်ကို အရေးတယူ လာစကားပြောဖော် ရတယ်ဆိုပြီး စကားပြောဖြစ်ရင်းနဲ့ ခင်သွားကြတာ။ သူနဲ့ ကိုယ်နဲ့က အွန်လိုင်းမှာ တစ်ယောက်ကို တစ်ယောက် ဘယ်သူဆိုတာ သိနေတာတော့ ကြာပါပြီ။ ဒါပေမယ့် မခင်ကြဘူး.. ညီမနဲ့ သူနဲ့က သီချင်း ရှယ်ယာလုပ်ကြတာဆိုတော့ ညီမနဲ့ ပတ်သက်ပြီး သိသွားတာ။ ညီမက အကူအညီတောင်းလို့ သူ့ကို ဂျီးမေးလ် invite ပို့ဖူးတယ်.. ဒီလောက်ပဲ ရှိတာ။ အဲ့ဒီ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ အီးမေးလ်အဟောင်းက contact တွေ၊ အီးမေးလ် အသစ်မှာ လိုက်ထည့်ရင်း သူ့ကို add လိုက်မိတာ။ မှတ်မှတ်ရရ ၂၀၀ရ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ည မှာမှ သူနဲ့ စ စကားပြောဖြစ်တာ။ အဲ့ဒီလို စကားပြောရင်းနဲ့ အင်ဒိုနီးရှားမှ ရှိနေတုန်း ညတိုင်း စကားပြောဖြစ်သွားတာ။ ဒီလိုနဲ့ပဲ သံယောဇဉ် ဖြစ်သွားလေသတည်းပေါ့။ (အဲ့ဒီတုန်းက သူ့ကို voice-chat ကနေ သီချင်းဆိုပြတာ မှတ်မိသေးတယ်။ :P) ဘာဖြစ်လို့ သူနဲ့ လမ်းခွဲရသလဲဆိုတာတော့ မပြောချင်တော့ပါဘူး။ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေလို့လဲ ပြီးသွားတဲ့ အရာက ပြန်ကောင်းလာတော့မှာမှ မဟုတ်တာ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့ လို့ပဲ ဆိုပါဆို့။ ပြီးတော့ ကျွန်မဘက်က သူ့ကို တကယ်မချစ်မိလို့ လို့ပဲ ဆိုပါစို့။ သူသာ ကျွန်မ စိတ်ကြိုက်နေခဲ့ရင် ကျွန်မ သူ့နဲ့ လမ်းခွဲဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်။ အချစ်ဆိုတာ ချက်ချင်းလုပ်ယူလို့ မရပေမယ့် တဖြည်းဖြည်းနဲ့ သံယောဇဉ် တွယ်တတ်တာမျိုး ဆိုတော့ အခု သူ့ကို မချစ်သေးပေမယ့် နောက်ကျရင် ချစ်မိသွားမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်မ သည်းမခံနိုင်တဲ့ အရာတွေကို သူလုပ်ခဲ့တယ်။ ကျွန်မကလည်း သူ သည်းမခံနိုင်တဲ့ အရာတွေ လုပ်ချင် လုပ်ခဲ့မိမှာပေါ့။ ဒါကြောင့်လည်း လမ်းခွဲခဲ့ကြတာပါ။

ဒါပေမယ့် အခုနောက်ပိုင်း ဇာတ်လမ်း ပြန်စရင် ကောင်းမလား ဆိုပြီး တစ်ခါတစ်ခါ စဉ်းစားကြည့်မိပါတယ်။ တစ်ခါတစ်လေ လွမ်းသလိုလို ဖြစ်တာကိုး... ဟောင်ကောင်ရောက်ခဲ့တုန်းက သူသာ ကျွန်မဘေးမှာ ရှိရင် ကောင်းမယ် ဆိုပြီး စိတ် ခဏခဏ ဖြစ်မိတယ်။ ဒါပေမယ့် သူ့ဘက်ကတော့ ဇာတ်လမ်းပြန်စဖို့ စိတ်ကူး မရှိဘူး ထင်ပါတယ်။ ပြီးတော့ ကျွန်မ မကြိုက်တဲ့ သူ့ရဲ့ အကျင့်တွေကို ကျွန်မ သည်းခံနိုင်ဦးမယ် မထင်ပါဘူး။ ဒီတော့ အခုလို ရည်းစားဟောင်းဆိုတဲ့ သံယောဇဉ်နဲ့ သူငယ်ချင်းလို နေတာပဲ ကောင်းပါတယ်။ အရင်တုန်းက သူနဲ့ ကိုယ့်ရဲ့ကြားမှာ ရှိခဲ့တဲ့ ပျော်ရွှင်မှုတွေကိုပဲ အမှတ်ရနေချင်တော့တယ်။

မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်ဆိုတာ ကြားဖူးပေမယ့် ကိုယ့်အတွက်ကတော့ မမှန်ပါဘူး။ ကိုယ်ကသာ မေတ္တာတွေထား၊ လွမ်းဆွတ် သတိရနေတာ.. သူတို့တွေက ကိုယ့်ကို ဖုတ်လေတဲ့ ငါးပိ၊ ရှိတယ်လို့တောင် မအောက်မေ့ကြဘူး။ ကိုယ်ကသာ သူတို့ဆီကို အီးမေးလ်တွေပို့၊ ဖုန်းတွေဆက်၊ သူတို့ဘက်ကျတော့ အလုပ်မအားဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ် သူတို့ဆီက စာမလာ၊ သတင်းမကြားလို့ စိတ်ပူတဲ့ အကြောင်း ပြောတာတောင် ကိုယ့်ကို အပြစ်တင်သလို လုပ်ကြတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့ စိတ်တွေကလည်း ခက်ထန်လာတယ်။ အဲ့ဒီလို လူတွေကို မေတ္တာ မထားချင်တော့ဘူး။ ကိုယ့်ဘာသာ ကိုယ်သာ သူတို့အတွက် စိတ်ပူရင် စိတ်ပူမယ်၊ သတိရရင် သတိရနေမယ်၊ လွမ်းရင် လွမ်းနေမယ်၊ သူတို့ကိုတော့ ကိုယ် သူတို့အကြောင်း စဉ်းစားနေတဲ့အကြောင်း၊ သူတို့အတွက် စိတ်ပူနေရတဲ့ အကြောင်း မပြောဖြစ်တော့ဘူး။ သူတို့ ဒါတွေကို သိလို့လည်း ဘာမှ ထူးပြီး ခံစားရတာမှ မဟုတ်တာ။ ဒီတော့ အလုပ်ရှုပ်တယ်၊ စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်။

အသက်ကြီးလာလို့လား မသိဘူး... အရင့် အရင်တုန်းက မရှိခဲ့ဖူးတဲ့ (ရှိခဲ့ရင်တောင် မသိကျိုးကျွံ ပြုခဲ့ဖူးတဲ့) မာနဆိုတာ အခုအချိန်ကျမှ တစ်ထောင်ထောင် ဖြစ်နေတယ်။ တစ်ခုခု လုပ်မယ် စဉ်းစားလိုက်တိုင်း ငါ ဒီလို လုပ်လိုက်ရင် ငါ့ရဲ့ မာန၊ ငါ့ရဲ့ သိက္ခာကို ထိခိုက်သလို ဖြစ်သွားမှာပဲ ဆိုပြီး မလုပ်ဖြစ်တာတွေ အများကြီး။ အရင်ကလို စိတ်နောက်၊ ကိုယ်ပါ စကားတွေ မပြောဖြစ်တော့ဘူး။ ရင်ထဲက ခံစားချက်တွေကိုလည်း ထုတ်ဖော် မပြောဖြစ်တော့ဘူး။ တစ်ခါတစ်လေကျတော့လည်း ငါ ဒီလို စိတ်ကြီးထားတာ မကောင်းပါဘူး ဆိုပြီးလည်း ဖြစ်မိပါရဲ့.. ဒါပေမယ့် မာနက ရှေ့ရောက်နေတာ များတယ်။ :)

တကယ်တော့ ပေးဆပ်ခြင်းနဲ့ ချစ်တဲ့ အချစ်ဆိုတာ သီချင်းတွေထဲမှာပဲ ရှိတာပါ။ အပြင်မှာ မရှိသလောက် ရှားပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မကျင့်သုံးနိုင်ဘူး... သူတပါးဆီကတော့ လိုချင်နေမိတယ် ဆိုတာကတော့ ဘယ်တရားပါ့မလဲနော်။ ;) ကျွန်မကတော့ ရှင်းပါတယ်... ကိုယ် ပေးဆပ်နိုင်သလောက်တော့ ကိုယ်ပေးဆပ်မယ်၊ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်ဆိုရင် ဘယ်လိုပဲ လုပ်ရ၊ လုပ်ရ ရပါတယ်။ ဒါပေမယ့် သူ့ဘက်ကတော့ မပေးဆပ်ပဲ ကိုယ်ကချည်းပဲ ဆိုရင်တော့ မမိုက်ဘူး။ အဲ့ဒီလိုမျိုး တစ်ဖက်သတ်ချည်း ဖြစ်နေတာတော့ သဘာဝ မကျဘူး ထင်တာပဲ။ ဒီတော့ နှစ်ဦးနှစ်ဖက် reflect လုပ်မှပဲ ကောင်းမယ် လို့ ခံယူမိတယ်။

ဒါကတော့ လတ်တလော စိတ်ထဲမှာ ဖြစ်နေမိတဲ့ အကြောင်းအရာလေးတွေပါ။ ranting သဘောမျိုးတော့ နည်းနည်း သက်ရောက်သွားမလားပဲ။ စိတ်ထဲမှာ မကြေလည်တာတွေ များနေလို့ ဝေါ့အန်ချလိုက်တာပါ။ :P

-+-+-+-

အခု နားထောင်နေမိတဲ့ သီချင်း - စည်သူလွင် - အနမ်းအိမ်အပြန်

(ဒီသီချင်းကတော့ အပေါ်က ပို့စ် အကြောင်းအရာတွေနဲ့ မသက်ဆိုင်ပါဘူး။ အခု ဖော်ရမ်မှာ ဖော်ရမ်မာ တစ်ယောက် request လုပ်ထားလို့ ရှာပေးရင် ကိုယ်လည်း နားထောင်နေမိတာ။ အဲ့ဒီသီချင်းကို တော်တော်ကြိုက်မိဖူးတယ်။ အခုပြန်နားထောင် ဖြစ်တော့လည်း ကြိုက်တုန်းပါပဲ။ အရင်တုန်းက စည်သူလွင် အရမ်းကြိုက်ခဲ့ဖူးတုန်းက သူ့ရဲ့ selection အခွေဆိုပြီး ကိုယ်တိုင် အကြိုက်ဆုံး စည်သူလွင် သီချင်းတွေ ရွေး၊ တိပ်ပ်နဲ့ ပြန်ကူးခဲ့ဖူးတယ်.. အဲ့ဒီအခွေထဲမှာလည်း ဒီ သီချင်း ပါတယ်။ ဤကား နောက်ခံ ရာဇဝင် အကျဉ်းချုပ်)


1 comment:

rosalba said...

ချစ်သူဟောင်းကို ပြန်ခေါ်ဆောင်လာပြီး အိမ်ထောင်ရေးကို ကယ်တင်ဖို့ ကူညီပေးမယ့် တကယ့်အရေးပေါ်ထိရောက်တဲ့ စာလုံးပေါင်း
အားလုံးပဲမင်္ဂလာပါ ကျွန်ုပ်၏အမည် Rosalba သည် Dr.GURU ၏ကျေးဇူးကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မခင်ပွန်းက ကျွန်မကို တခြားမိန်းမနဲ့ ထားခဲ့ပြီး ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရတဲ့အတွက် ကျွန်မ သူ့ကို ဘယ်တုန်းကမှ အမှားမလုပ်ခဲ့ဖူးပါဘူး၊ ကျွန်မမှာ ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့ပြီး လစာနည်းတဲ့ အလုပ်တစ်ခုပါ။ Dr.GURU က လူတော်တော်များများကို ကူညီပေးခဲ့ပုံအကြောင်း အွန်လိုင်းမှာ သက်သေခံချက်မတွေ့ရခင်အထိတော့ လက်လျှော့လုနီးပါးဖြစ်ခဲ့ပြီး ဆရာဝန်က တောင်းထားတဲ့အတိုင်း ၂၄ နာရီအကြာမှာ ခင်ပွန်းဖြစ်သူထံ အံ့သြစွာနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူ့ကို ခွင့်လွှတ်ပြီး ဘယ်တော့မှ ထွက်မသွားဘူးလို့ ကတိပေးတယ်။ ကျွန်မခင်ပွန်း ပြန်ရောက်လာတာ ၆ လရှိပြီ၊ ဘာပြဿနာမှ မရှိဘူး၊ Dr.GURU ကို သံသယမရှိလို့ ဝမ်းသာပါတယ်။ အခုချိန်မှာတော့ သူဟာ မြန်မြန်သက်သာရာရစေမယ့် ပြဿနာမှန်သမျှကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ သေချာပါတယ်။ အကူအညီအတွက် သူ့ကိုလည်း အခုပဲ ဆက်သွယ်နိုင်ပါတယ်။
အီးမေးလ်- saguruu087@gmail.com သို့မဟုတ် whatsapp +12098373537