Sep 30, 2008

ပထမဆုံးများ

1 comments

မမေ ရဲ့ ဘလော့ဂ်မှာ ပထမဆုံးများ ဆိုတဲ့ ပို့စ်လေးတွေ့လိုက်ရတော့ ငါလည်း ရေးချင်လိုက်တာ ဆိုပြီး စိတ်ကူးမိနေတာ ကြာပေါ့... ကို TZA ရဲ့ဘလော့ဂ်မှာလည်း ဖတ်လိုက်ရသေးတယ်။ ဝီရှီမီ မှာကောပဲ... အခုမှပဲ ရေးဖြစ်တော့တယ်...

တကယ်တမ်း ရေးမယ်လုပ်တော့လည်း တစ်ချို့အရာတွေက ဝိုးတိုးဝါးတား (အမလေး “ဝ” အစား “၀”ပဲ ရေးရေးနေမိတယ်)... ဒါပေမယ့် မှတ်မိသလောက် ရေးလိုက်ပါ့မယ်။

ပထမဆုံးတက်ရတဲ့ကျောင်း
(ကြွားလိုက်ဦးမယ်...) Washington, DC က Adams Elementary School ပါ။ မူလတန်း အကြိုအတန်း (Pre-K) တက်တာပါ။ ကြည့်စမ်း... မေ့နေခဲ့တာ။ ဒီမှာ အ.မ.က (၂) ဆိုပြီး ရေးတော့မလို့... သေချာ စဉ်းစားကြည့်မှ သတိပြန်ရတယ်... ဒါပေမယ့် အဲ့ဒီက အဖြစ်အပျက်တွေ တော်တော်များများ မေ့ကုန်ပြီ။ (တက်လိုက်တာ ၁နှစ်တောင် မပြည့်ဘူး... မြန်မာပြည် ပြန်ခဲ့ရလို့) .. အမေ ပြန်ပြောတာတွေ မှတ်ထားလို့သာ သတိရနေတာ... ဆရာမက ကပ္ပလီမ မစ္စ ၀မ်ဒါဟောလ်တာ တဲ့ (အင်္ဂလိပ်စာလုံးပေါင်းတော့ သိတော့ဘူး ... ဓာတ်ပုံထဲမှာ ဆံပင်အတိုကောက်ကောက်နဲ့ ဆရာမက မစ္စဝမ်ဒါဟော်လ်တာ ဆိုပြီး အမေပြောဖူးတာ ပဲသတိရတယ်။ ) အဲ့ဒီတုန်းက အတန်းဖော် ကောင်မလေးတစ်ယောက်က ကျွန်မရဲ့ ပါးကို ခဲတံနဲ့ ထိုးလိုက်လို့ ခဲရောင်အမှတ်လေး ကျန်ခဲ့တာ (မသိရင် မှဲ့လိုလိုနဲ့) အခု အသက် ၂၀ ကျော်မှ ပျောက်သွားတယ်။

ပထမဆုံး သူငယ်ချင်း ကစားဖော်
အင်း... မြန်မာပြည် ပြန်ရောက်ပြီးတော့မှ အိမ်နားက ကိုသု၊ ထက်ပု တို့နဲ့ ကစားကြတယ်။ စစ်တိုက်တိုင်း ဆော့တာ။ :D ပြီးတော့ အိုးပုတ်တွေ ဘာတွေနဲ့လည်း အသုပ်ရောင်းတိုင်း ဆော့ဖူးတယ် ထင်တယ်။

ပထမဆုံးရဖူးတဲ့ဆု
ရန်ကုန်ပြန်ရောက်တော့ အိမ်ဘေးနားက အ.မ.က (၂) မှာ သူငယ်တန်းစတက်တယ်။ ၁၉၈၈ ပေါ့နော်... ၈၈ အရေးအခင်းဖြစ်တော့ ကျောင်းတွေပိတ်၊ တစ်နှစ်အောက်သွားတယ်။ ၈၉ မှာ ကျောင်းပြန်တက်ရတော့ အငယ်တွေနဲ့အတူ (ညီမလေးလည်း ပါတယ်) သူငယ်တန်း ပြန်တက်ရတယ်။ အဲ့ဒီနှစ်မှာ ဆုရတာ.. တတိယဆု။ မြန်မာကျောင်းမှာ အဲ့ဒီတုန်းကပဲ ဆုရဖူးတယ်။ :D

ပထမဆုံးစီးရတဲ့ ဘက်စ်ကား
၃၁ ဘက်စ်ကား (ဗိုက်ပူ) ဖြစ်ဖို့များတယ်။ အဲ့ဒီတုန်းက ၃၁ ဘက်စ်တွေက အိမ်နားမှာ ဂိတ်ထိုးတယ်လေ။ အမေ့ဘက်က အမျိုးတွေနေတဲ့ တာမွေအဝိုင်းထိပ် ကို သွားရင် အဲ့ဒီ ၃၁ ဘက်စ်ကားတွေပဲ စီးရတယ်။ ငယ်ငယ်တုန်းက ပြတင်းပေါက်ဘေးက ခုံလုတာလေး သတိရမိပါတယ်။ (အခုထိလည်း ပြတင်းပေါက်ဘေးက ခုံမှာ စီးရတာပဲ ကြိုက်တယ်။) ရထားက ပဲခူး - ရန်ကုန် ရထား။ ရထားစီးဖူးချင်တယ် ဆိုလို့ ရ နှစ်၊ ၈ နှစ်အရွယ်က အဖေတို့နဲ့ ပဲခူးသွားပြီး အပြန်မှာ ရထား စီးလာကြတာ။ လေယာဉ်ပျံက အမေ့ ဗိုက်ထဲမှာ ကတည်းက စီးဖူးတယ်။ :P ကိုယ်မွေးပြီးမှ ဆိုရင်တော့ အမေဂျီးကားက ပြန်တော့ စီးရတာပေါ့... KLM စီးတာ.. အဲ့ဒီလေယာဉ်ပျံပေါ်က ပေးတဲ့ ရောင်စုံခဲတံနဲ့ ပုံဆွဲစာအုပ်လေးကိုတော့ အသက်တော်တော်ကြီးတဲ့အထိ အိမ်မှာ အမှတ်တရ သိမ်းထားခဲ့တယ်။ သဘောင်္ ဆိုရင်တော့ ကနေဒါသွားတုန်းက Montreal က St. Lawrence မြစ် (ဘာမြစ်လဲ ပြန်ရှာလိုက်ရသေးတယ်) ပေါ်မှာ cruise boat စီးခဲ့ဖူးတယ်။ သမ္ပာန် ဆိုရင်တော့ ကျောက်တန်း ရေလယ်ဘုရားသွားတုန်းက ပထမဆုံး စီးဖူးတယ်။

ပထမဆုံး ဆိုခဲ့သော သီချင်း
ရောင်စုံဘောလုံး ဖြစ်ဖို့များတယ်။ :P တကယ့် သီချင်းအတည်ကြီးဆိုရင်တော့ မမှတ်မိတော့ဘူး။ ဟေမာနေဝင်း သီချင်းတစ်ပုဒ်ပုဒ် ဖြစ်ဖို့တော့ များတယ်။ ပထမဆုံး သူများကို သီချင်း ဆိုပြတာဆိုရင်တော့ အခုတော့ သူငယ်ချင်း ဖြစ်သွားပြီ ဖြစ်တဲ့ ကျွန်မချစ်ခဲ့ဖူးတဲ့သူ အတွက် သူ့မွေးနေ့မှာ Happy Birthday သီချင်းကို အင်္ဂလိပ်လိုဆို၊ အသံသွင်းပြီး သူ့ဆီ ပို့ပေးခဲ့ဖူးတယ်။ ရူးတာနော်... :D ဟက်ဘီးဘတ်ဒေးက သီချင်းလို့ မခေါ်ဘူး ဆိုရင်တော့... ဟိုဒင်း... အခုလက်ရှိ ချစ်သူလို့ ပြောရမလား... အဲ့ဒီ ကျွန်မဘက်က ချစ်နေရတဲ့၊ သူ့ဘက်က ချစ်မချစ် မသေချာတော့တဲ့ ချစ်သူပေါ့နော်... သူ့ကို အွန်လိုင်းမှာ Colbie Cailat ရဲ့ Bubbly သီချင်း ဆိုပြဖူးတယ်။ (သူ့ဘက်က တော်တော့ တော်တော့ ပြောနေတာတောင် အတင်းဆိုပြနေတာ... :P)

ပထမဆုံးပိုင်ဆိုင်ဖူးတဲ့ ကက်ဆက်ခွေ
ငယ်ငယ်တုန်းကတော့ အဖေပဲ ကက်ဆက်ခွေဝယ်ပေးခဲ့တာ... ကြီးလာတော့ နိုင်ငံခြား ရောက်နေတော့ ဆွေမျိုးတွေက ဝယ်ပို့ပေးတယ်။ အဲ့ဒီထဲမှာမှ ကိုယ်က တမင် မှာလို့ ဝယ်ပို့ပေးလိုက်တဲ့ မျိုးကျော့မြိုင် အခွေကတော့ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ကက်ဆက်ခွေလို့ ဆိုရမယ် ထင်တယ်။ အဲ့ဒီထဲက မင်းအတွက် သီချင်းလေးကို ရုပ်ရှင်မှာ ကြားဖူးကတည်းက အရမ်း နားထောင်ချင်နေလို့ မှာလိုက်တာ... စီဒီ ဆိုရင်တော့ စည်သူလွင်ရဲ့ ဗယ်လတိုင်းဒေးစ် အယ်လ်ဘမ် (အချစ်ရေ ကိုယ့်ကြောင့် ကို ခိုက်သွားလို့ ;) အင်္ဂလိပ်ခွေ စီဒီ ဆိုရင်တော့ 5ive ရဲ့ US Edition ပထမဆုံး အယ်လ်ဘမ်... ကျောင်းမှာ Honor Roll ရလို့ အမေ ဝယ်ပေးတာ။ အခုထိ ရှိပါသေးတယ်။

ပထမဆုံးဖတ်ဖူးတဲ့ဝတ္တု
၄တန်းအရွယ်လောက်က ခိုးဖတ်ခဲ့ဖူးတဲ့ သိုင်းဝတ္ထု၊ အပြီးတော့ မဖတ်လိုက်ရပါဘူး... တစ်အုပ်လုံး ဆိုရင်တော့ ဂျူး ရဲ့ မြစ်တို့၏ မာယာ။ ကျွန်မ ရတန်း၊ ၈တန်း အရွယ်မှာ အမေရိကားက ပြန်သွားတဲ့ အစ်မကြီးက အမေ့ကို ပေးခဲ့တဲ့ စာအုပ် ကို ခိုးဖတ်တာ။ အဲ့ဒီတုန်းကတော့ သိပ်မခံစားတတ်သေးဘူးပေါ့နော်... ကြီးလာမှ ပြန်ဖတ်တော့မှ ခံစားတတ်တော့တာ။ ပထမဆုံး ၀ယ်ဖူးတဲ့ ၀တ္တုကတော့ မင်းလူ ရဲ့ ရီမောခြင်း လက်ရွေးစင်။ စာအုပ် အထူကြီးကိုမှ ၅၀၀ တည်းဆိုလို့ တန်တယ် ဆိုပြီး ဝယ်လိုက်တာ... တကယ်တမ်းကို တန်ပါတယ်။ အခုထိ အဲ့ဒီ စာအုပ်ကို ၅ကြိမ်အထက် ပြန်ဖတ်ပြီး ဖြစ်ပါတယ်။

ပထမဆုံးပေးဖူးတဲ့ ရည်းစားစာ
မှတ်မိတော့ဘူး... ဟိဟိ အလကားပြောတာ။ ရည်းစားစာတော့ လိုက်မပေးဖူးဘူးဂျ။ ရည်းစာစာလည်း လိုက်အပေးမခံရဖူးဘူး။ ရည်းစားစာလည်း မဖတ်ဖူးဘူး... အမငီး ၀မ်းနည်းစရာ ငါ့အဖြစ်အပျက်။ အဲ... ရည်းစားဆီကတော့ ဗယ်လင်တိုင်းကဒ်ရဖူးတယ်။ ရ တန်းတုန်းက တွဲဖူးတဲ့ ကောင်လေးပေါ့နော်.. သူပေးတာ.. အသည်းရောင် ချောကလက်ဗူးလည်း ပါတယ်။ အဲ... အဲ့ဒီအချိန်တုန်းက သူနဲ့ ပြတ်သွားပြီ... (သူက ကျွန်မကို သူကြိုက်နေတဲ့ ကောင်မလေးကို ဂျေဝင်စေချင်လို့ တွဲခဲ့တာလေ.. ဒေါန်းတို့များ အဲ့ဒီကတည်းက အချစ် ကံဆိုးခဲ့တာ... :P) ဒါဆို အဲ့ဒါ ရည်းစားဟုတ်တော့ဘူးပေါ့နော်... နောက်ထပ် တစ်ယောက်ဆီကလည်း ဗယ်လင်တိုင်းကဒ် ရတယ်။ I Love You ဆိုပြီး ရေးထားတာ... ကိုယ်က ရင်တွေ ခုန်သွားတာပေါ့နော်... နောက်တော့မှ မဟုတ်ဘူး.. အဲ့ဒီကဒ်က စျေးသက်သာပြီး လှလို့တဲ့... -__-

ပထမဆုံးကြိုက်တဲ့ကောင်လေး
၆တန်းနှစ်တုန်းက (အဲ့ဒီတုန်းက အတန်းကသာ ၆တန်း၊ အသက်က ၁၄ နှစ်လောက် ရှိနေပြီ။) အတန်းထဲက Brian ဆိုတဲ့ ကောင်လေးကို သဘောကျခဲ့မိတယ်။ ဒါပေမယ့် ဘာမှတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီလိုပဲ သဘောကျတယ် ဆိုရုံပေါ့... သူက Black လူမျိုး၊ ဒါပေမယ့် အသားအရောင်က Milk Chocolate လို ခပ်ပြေပြေပဲ။ ချောတယ်ပေါ့နော်... ဒါပေမယ့် အဲ့ဒီတုန်းက လူက ကလေးသာသာ စိတ်ဆိုတော့ ချောလို့ သဘောကျတယ် ဆိုတာပဲ ရှိခဲ့ပါတယ်။

ပထမဆုံးရည်းစားထားတဲ့နှစ်
မမေလိုပဲ ကျွန်မလည်း ၂၀၀၈။ ဘယ်လောက်အထိ ခံမလဲတော့ မပြောတတ်သေးဘူးးးးး။ သူက ကျွန်မကို အရင်ကလို မချစ်တော့ဘူးလေ... :( :( :(

ပထမဆုံးအသည်းကွဲဖူးတာ
1997 အဲ့ဒီ အပေါ်မှာ ပြောထားဖူးတဲ့ ကျွန်မကို လှည့်စားတွဲသူ တစ်ယောက်ကြောင့်ပေါ့နော်။ သူ့ကို ချစ်ခဲ့တာတော့ မဟုတ်ပေမယ့် တော်တော်လေး စွဲလန်းခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတော့လည်း သိတယ် မဟုတ်လား။ ကျွန်မ သူ့ကြောင့် စာသင်နှစ်ဝက်မှာတင် ရတန်းနှစ်ကို ကျော်ပြီး ၈ တန်းနှစ်ကို ပြောင်းခဲ့တဲ့အထိ effect ဖြစ်ခဲ့ပါတယ်။

ပထမဆုံးရေးဖူးတဲ့ကဗျာ

Roses are red,
Violets are blue
But in all of them, I love violets the most

Violets are blue
They're pretty too

There's one violet that I most love
I won't tell you that
It's the name of the teacher I adore

ဒီလိုလေး ခပ်ဆင်ဆင်ပဲ.. သိပ်တော့ မှတ်မိတော့ဘူး။ ၆တန်းနှစ်က Homeroom ဆရာမ Ms. Violet Lucas အတွက် ရေးခဲ့တာ။ (Dawn တို့များ teacher's pet လို့ အခေါ်ခံရတာ နည်းတောင် နည်းသေးတယ် :P)

ကျွန်မ ရေးခဲ့ဖူးတဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။ Homeless တွေအကြောင်း ရေးထားတာ... ဆုတောင် ရလိုက်သေးတယ်။ ဒါပေမယ့် ပထမဆုံးလိုင်းလေးပဲ မှတ်မိတော့တယ်။

There's an old man sitting alone
Waiting with a cup and sucking an old bone

နောက်ပိုင်းတော့ ကဗျာတွေနဲ့ ဝေးကွာနေတာ ကြာခဲ့ပါပြီ။ ပြီးတော့ ကဗျာဉာဏ်လည်း သိပ်မရှိပါဘူး။

ပထမဆုံးရောက်ဖူးတဲ့နိုင်ငံ
အမေရိကား (ကြားက Paris မှာ transit လုပ်ရင်း လျှောက်လည်တာပါ တွက်မယ်ဆိုရင်တော့ Paris ပေါ့။ အဲ့ဒီတုန်းက ကျွန်မ ၅လသားပဲ ရှိသေးတာ။)

ပထမဆုံးတက်ခဲ့ဖူးတဲ့ဆေးရုံ
ဆေးရုံမတက်ဖူးသေးဘူး။

ကျွန်မ တစ်ခါမှ ဆေးလိပ် လည်း မသောက်ဖူးပါဘူး။ အရက် ကတော့ အဖေသောက်တဲ့ (ရေရောထားတဲ့) vodka ကို ရေမှတ်လို့ မော့သောက်လိုက်ပြီးမှ ပြန်ထွေးထုတ် လိုက်ဖူးတာကလွဲလို့ တစ်ခါမှ မသောက်ဖူးပါ။ ဝိုင်၊ ဘီယာ တွေလည်း မသောက်ဖူးပါဘူး။

ပထမဆုံးပေါက်ဖူးတဲ့ထီ
ကျွန်မက အဲ့ဒီလို ထီတွေဘာတွေနဲ့ အကျိုးမပေးဘူးထင်ပါတယ်။ တစ်ခါမှ မပေါက်ဖူးဘူး။ နောက်ပိုင်း ထိုးလည်း မထိုးတော့ဘူး။ :P အချောင်ရဖို့ ကိန်းမပါဘူးဆိုပြီး.... နှစ်လုံး၊ သုံးလုံးလည်း ၅၀ ဖိုး၊ ၁၀၀ ဖိုး ထိုးဖူးတယ်။ မပေါက်ဘူး။ မပေါက်တော့ မထိုးဘူး... အေးရော...

ပထမဆုံးဝင်ငွေရှာဖူးခြင်း
ဆယ်တုန်းအောင်ပြီးတော့ အဖေ့ရဲ့အသိ နိုင်ငံတကာ သတင်းတွေ ရေးတဲ့ ဂျာနယ်မှာ အင်္ဂလိပ် သတင်းစာ ဆောင်းပါးတွေ ဘာသာပြန်ပြီး ထည့်ဖူးပါတယ်။ အဲ့ဒီတုန်းက ကျွန်မနဲ့ ကျွန်မ ညီမပေါ့နော်... မဒီမေ နဲ့ မဒီဂျွန် ဆိုပြီး ကလောင် နာမည်လေးတွေနဲ့ပါ။ တစ်ပုဒ်ကို အဲ့ဒီခေတ်က ၃၀၀၀ ကျပ် ရပါတယ်။ (အဲ့ဒီတုန်းက ကျွန်မ အသက် ၁ရ နှစ်လောက်ပဲ ရှိဦးမယ် ထင်ပါတယ်။)

ပထမဆုံးအွန်လိုင်းမှာတွေ့ပြီး အပြင်မှာပါ တွေ့ဖူးခင်ဖူးတဲ့ သူငယ်ချင်း
ကို BH ပါ။ မြန်မာပြည်မှာ အမ်အိုင်စီတီ စထောင်ခါစက Bagan Chat ကို မြည်းစမ်းရင်း ကို Broken Hearted ခေါ် BH နဲ့ ခင်သွားတာပါ။ ပြီးတော့မှ ဖြစ်ချင်တော့ သူက ကိုယ့်ရဲ့အပေါ်ထပ်က ကုမ္ပဏီက ဖြစ်နေတယ်... ဟားဟား။ သူ စင်ကာပူထွက်သွားတော့ အဆက်အသွယ်ပြတ်သွားတော့ နည်းနည်း စိမ်းသွားပါတယ်။ နောက်တစ်ယောက်ကတော့ Ken ပါ။ သူနဲ့ကလည်း အဲ့ဒီ Bagan Net chat မှာ စသိတာပါ။ အဲ့ဒီတုန်းကတော့ ခပ်ဘဝင်မြင့်မြင့် ကောင်လေး ဆိုပြီး ထင်ခဲ့ဖူးပါတယ်။ နောက်တော့ ကျွန်မတို့တွေ တော်တော်ခင်သွားပါတယ်။ သူ့ကို ၂၀၀၆ခုနှစ်မှာမှ အပြင်မှာ ပထမဆုံးတွေ့ဖူးပါတယ်။ အခုတော့ သူက ကျွန်မရဲ့ လက်၅ချောင်းမပြည့်တဲ့ အခင်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပေါ့။

ပထမဆုံးထိတွေ့ဖူးတဲ့အွန်လိုင်းအသိုင်းအဝိုင်း
Bagan Net Forum ပါပဲ။ ၂၀၀၁ခုနှစ်က မြရိပ်ညို ဟိုတယ်မှာလုပ်တဲ့ ပထမဆုံး ပုဂံနတ်ဖော်ရမ် မီတင်း (သူတို့ဘက်က officially လုပ်ပေးတဲ့ မီတင်း) မှာ မမ်ဘာတွေကို စတွေ့ခဲ့ဖူးပါတယ်။ ကိုနဗာနား၊ ကိုသူရ၊ ကို ကူးလ်၊ မပရစ်တီး ပရင့်ဆက်စ်၊ ဂျေအိုင်ဗင်၊ အေကေထက်... ဒီလောက်ပဲ မှတ်မိတော့တယ်။ အဲ့ဒီတုန်းက စတိတ်ရှိုးရှိတာတောင် သွားမကြည့်ဖြစ်ပါဘူး... မမ်ဘာတွေနဲ့ လေပေါနေလိုက်ကြတာ... :D

ပထမဆုံးဖတ်ဖူးတဲ့ဘလော့ဂ်
သိပ်တော့ မမှတ်မိတော့ဘူး။ ဟိုတစ်ယောက် ဖြစ်ဖို့များတယ် ;) သူက ပြောလို့ subscribe လုပ်ပြီး ဖတ်ဖြစ်တဲ့ ပထမဆုံး ဘလော့ဂ်ကတော့ Onigiriman ဘလော့ဂ်ပါ။ အိမ်သာတွေ အကြောင်း ဟာသနှောပြီးရေးထားတဲ့ ပို့စ်လေးပါ။ ကိုဘိွုင်းဇီလို အိမ်သာဋီကာတော့ မဟုတ်ပါဘူး။ :P

ပထမဆုံးရေးဖြစ်တဲ့ ဘလော့ဂ်ပို့စ်
ကျွန်မရဲ့ ပထမဆုံး ဘလော့ဂ်အိမ်လေးဖြစ်တဲ့ Tripod မှာ ရေးခဲ့တဲ့ My First Entry ဆိုတဲ့ ပို့စ်လေးပါ။ (main page က link တော်တော်များများက သေနေပါပြီ။)

ပထမဆုံးဘလော့ဂ်ဂါသူငယ်ချင်း
ဟိုတစ်ယောက် :D

----

အမလေး... ပြီးသွားပြီ... လက်တွေလည်းညောင်း၊ ခေါင်းတောင် ကိုက်သွားတယ်။ :P (ဒိန်ချဉ်သောက် နေလို့လား မသိ :P) ဘယ်သူမှတော့ မ tag တော့ပါဘူး။ ကိုယ့်ကိုမှ ဘယ်သူမှ လာ မ tag ပဲ ကိုယ့်ဘာကိုယ် ရေးချင်လို့ရေးတဲ့ဟာနော်။

----

အခုနားထောင်နေတဲ့ သီချင်း - ဗစ်တာခင်ညို + မဒီ - လူနှစ်ယောက်ရဲ့မြစ်

အခုတစ်လော အဲ့ဒီ ဗယ်လင်တိုင်းအခွေ ၃ ခွေလုံး ဒေါင်းလုပ်ချပြီး နားထောင်ဖြစ်နေတယ်။

Sep 2, 2008

သီချင်းလေးတွေနဲ့ ကျွန်မရဲ့ဘဝ

0 comments

သူငယ်ချင်း ဖန်တမ် က ကျွန်မကို သူ့ရဲ့ ဘလော့ဂ်က ပို့စ်လေးတစ်ခုကို ပြတယ်။ ကိုယ့်ရဲ့အကြောင်းကို ကိုယ်ကြိုက်တဲ့အဆိုတော်တစ်ယောက်၊ ဒါမှမဟုတ် အဆိုတော်အဖွဲ့တစ်ဖွဲ့ရဲ့ သီချင်းနာမည်တွေနဲ့ မေးခွန်းလေးတွေကို ဖြေရမှာ.. အဲ့ဒါ စဉ်းစားနေတာ... ကိုယ်ကြိုက်တဲ့ အဆိုတော်တွေက အများကြီးလေ.. ဒါပေမယ့် မြန်မာလို နဲ့ အင်္ဂလိပ်လို အဆိုတော် နှစ်ယောက် ရွေးမယ်လို့ စဉ်းစားထားတယ်။

မြန်မာလိုဆိုရင်တော့ ကျွန်မ ငယ်ငယ်လေးကတည်းက နားထောင်လာတဲ့ ဟေမာနေဝင်းကို ရွေးရမယ်။

မေးခွန်းလေးတွေကို စဖြေပြီနော်။

၁။ သင်ဟာ ယောကျာ်းလား၊ မိန်းမလား။
ဗီးနစ်(စ်)

၂။ သင့်ကိုယ်သင် ဘယ်လို describe လုပ်မလဲ။
ဘာမှ ဂရုမစိုက်

၃။ သင်၏ပတ်ဝန်းကျင်မှသူများ သင့်ကို ဘယ်လိုထင်ကြသလဲ။
ဂျူးလီးယက်

၄။ အရင်က ချစ်သူအကြောင်းကို ပြောပြပါလား။
ပြန်သိမ်းထားမယ်

၅။ အခု ချစ်သူအကြောင်းဆိုရင်ရော...
ချစ်ဖို့ကောင်းတဲ့မောင်ပါကွယ် #^_^#

၀၆။ အခု ဘယ်နေရာမှာ ရှိချင်နေသလဲ
စိတ်ကူးယဉ်အိပ်မက်

၀၇။ အချစ်ကို ဘယ်လို ထင်လဲ။
အချစ်ပြီးတော့ အချစ် Y

၀၈။ သင့်ရဲ့ဘဝက ဘယ်လိုမျိုးလဲ။
ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ

၀၉။ ဆုတောင်းတိုင်း ပြည့်မယ်ဆိုရင် ဘယ်ဆုကို တောင်းမလဲ။
မှော်ဆရာ

၁၀။ မှတ်သားစရာ စကားလေး တစ်ခွန်း
အားတင်းထား သူငယ်ချင်း

Jul 30, 2008

စကားလုံးများဖြင့် စိန်ခေါ်ခြင်း

0 comments

အခုတစ်လော Facebook က Word Challenge ဆိုတဲ့ ဂိမ်းလေးကို စွဲနေမိတယ်။ အားအားရှိ အဲ့ဒီဂိမ်းလေးပဲ ဆော့ဖြစ်နေတယ်။

ကျွန်မက အမှန်တော့ ဒီလို anagram ဂိမ်းတွေမှာ ပါရမီ သိပ်မပါဘူး ပြောရမလားပဲ။ တစ်ခါတစ်လေ စာလုံးလွယ်လွယ်လေးတွေတောင် မမြင်မိဘူး။ အချိန်ကုန်သွားလို့ word list ပြမှပဲ.. “ဟာ.. ဒီစာလုံး ငါသိရဲ့သားနဲ့ ကွာ” ဆိုပြီး အားမလို အားမရဖြစ်မိပါတယ်။

အခု Facebook မှာ ကစားတာ score က 8652 တဲ့။ ဒီ score ကို ပြန် beat ဖို့ ကြိုးစားနေတာ ကြာပြီ.. ပြန်မလုပ်နိုင်သေးဘူး။ ဒါပေမယ့် ဆော့ပါများလို့လား မသိဘူး.. အရင်ကထက် improve ဖြစ်လာတယ်။ အရင်က ၁၀၀၀ ကျော် ၊ ၂၀၀၀ ကျော်ပဲ အမြဲတမ်းရတယ်။ အခုနောက်ပိုင်း ၃၀၀၀ - ၅၀၀၀ range ထဲ score အမျိုးမျိုးရတယ်။

တစ်ယောက်ထဲ ဆော့လည်း ရတယ်။ သူငယ်ချင်းကို challenge လုပ်ပြီး ကစားလည်း ရတယ်။ အခုလောလောဆယ်တော့ Ken က ကိုယ့်ကို challenge လုပ်တာ ၁၉ ပွဲ။ ၁၉ ပွဲလုံး သူ့ကို ရှုံးထားတယ်.. ဟီးဟီး.. သူ့ score ကတော့ 12680။ Friend list ထဲမှာ အမှတ်အများဆုံး တစ်ယောက်က 43906 တဲ့။ ဘယ်လောက် တော်သလဲ.. ကိုယ့်မှာ 10000 ကျော်အောင်တောင် မလုပ်နိုင်သေးဘူး။

စစချင်းက mouse နဲ့ စာလုံးတွေကို ရွေးပြီး လုပ်တာ.. နောက်တော့ keyboard သုံးပြီး ကစားတယ်။ အဲ့ဒီလို type လုပ်ရတာ ပိုမြန်တာပေါ့.. (ဒါကြောင့် ၃၀၀၀ ကျော် score တွေ ရတာ ဖြစ်မယ်။) အက္ခရာ လေးလုံးတွဲ အထက် စကားလုံး တွေရရင် အချိန်ပိုရတယ်။ ၆လုံးတွဲ ဆိုရင် Bonus Game ဆော့လို့ရတယ်။ (တစ်ယောက်ထဲ ကစားရင်ပေါ့) Bonus Game ကတော့ ကိုယ့် Facebook က သူငယ်ချင်းနာမည်တွေကို scramble လုပ်ထားတာ ဖြေရတာပေါ့။ Bonus Game ဆော့ပြီးရင် အရင် ဆော့နေတဲ့ ဂိမ်းကို ပြန်သွားလို့ မရတော့ဘူး။ စာလုံး အသစ်တွေနဲ့ ဂိမ်းအသစ်တစ်ခု ဖြစ်သွားတယ်။ အချိန်ကတော့ အရင် အချိန်တိုင်းပေါ့.. ဒီတော့ Bonus Score ရပေမယ့် ချက်ချင်း အဲ့ဒီ အဆင့်ကို မသွားနဲ့ပေါ့.. ကိုယ်တတ်နိုင်သလောက် စကားလုံးတွေရပြီး ကျန်တာတွေ စဉ်းစားလို့ မရတော့ဘူးဆိုမှ နောက်တစ်ဆင့် သွားပေါ့.. Bonus Score မရပေမယ့်လည်း အခြား တစ်ဆင့်ကို ပြောင်းလို့ ရပါတယ်။ အမှတ် အတော်အတန် ရပြီးရင် ဘေးမှာ loop ပုံစံလေးနဲ့ flash ဖြစ်နေတဲ့ ပုံလေးတွေ့လိမ့်မယ်။ အဲ့ဒါအခါကျရင် Control နှိပ်ပြီး အဆင့်တက်လို့ ရပါပြီ။ (Bonus Stage ကို သွားချင်ရင်လည်း Control ကို နှိပ်လို့ ရပါတယ်။) အဆင့် တစ်ဆင့်မှာ စကားလုံးတွေ ထပ်ပြီး လုံးဝ ရှာလို့ မရတော့ဘူး ဆိုရင် အချိန်မဖြုန်းပဲ အခြား အဆင့်ကို တက်လိုက်တာ အကောင်းဆုံးပါပဲ။ Spacebar နှိပ်ရင်တော့ ရထားတဲ့ အက္ခရာတွေကို အထားအသို ပြောင်းလို့ ရပါတယ်။

ဆော့ကြည့်ကြပါလား။ ပျော်စရာ ကောင်းသလို ကိုယ့်ရဲ့ word vocabulary လည်း တိုးတာပေါ့..

Apr 28, 2008

Thinking of May 10

0 comments

ဘာလိုလိုနဲ့ May 10 တောင် ရောက်တော့မယ်။ ဘယ်မှာ vote လုပ်ရမှန်းတောင် မသိသေးဘူး။ စနေနေ့က ရုံးတော့ပိတ်ပါရဲ့။ ကျန်တဲ့ ရုံးတွေက စနေနေ့ ရုံး မပိတ်ကြဘူး။ ဒါကြောင့် အလုပ်ပျက်ခံချင်ကြပါ့မလား လို့ စဉ်းစားနေမိတယ်။

ရန်ကုန်မှာတော့ rumor တွေ ပလူပျံနေတာပဲ။ No ပေးတာ များတဲ့ ရပ်ကွက်တွေကို မီးဖျက်မယ်တို့၊ ထမင်းစား အဖိတ်ခံရမယ်တို့... ဒါပေမယ့် ဖြစ်နိုင်ပါ့မလား စဉ်းစားမိတယ်။ ဒါပေမယ့်လည်း မဖြစ်နိုင်ဘူးဆိုတာလည်း မရှိဘူးလေ။ ဟိုတစ်နေ့က အိမ်နားက ကောင်မလေးက လာမေးတယ်။ ကောင်မလေးက ၁၀တန်းကျထားတာ၊ သူက လာမေးတယ်။ အခု မဲပေးပါ၊ မဲပေးပါ လို့သာ ပြောနေတာ.. ဘာကို မဲပေးရမှာလဲ တဲ့။ ဒီလို မသိကြတဲ့သူတွေ မြန်မာပြည်မှာ ဘယ်နှစ်ယောက်တောင် ရှိမလဲ မသိဘူး။ မသိဘူးကွာ၊ အမှန်ခြစ်လိုက်တာပဲ ကောင်းတယ် ဆိုတဲ့ လူတွေကော ဘယ်နှစ်ယောက် ရှိကြမလဲ။

ဒါပေမယ့် No လုပ်လိုက်တဲ့သူတွေ များသွားခဲ့ရင် ဘာဖြစ်လာမလဲ။ ကြားနေရတာတွေကတော့ သိပ်အချိုးမပြေဘူး။ အတင်း Yes လုပ်ခိုင်းနေကြတာ။ No တွေက ဘယ်လောက် အရာထင်မလဲ စဉ်းစားနေမိတယ်။

-+-+-+-

မေလ ၈ ရက်နေ့ဆို ကျွန်မ အသက် ၂၅ နှစ်ပြည့်ပြီ။ အသက်တောင် တော်တော် ကြီးလာပြီပဲနော်။ အသက်ကြီးလာတော့ စိတ်ဓာတ်ကရော ရင့်ကျက်လာသလား လို့ မေးရင်တော့ chotto (အနည်းငယ် ခန့်သာ) လို့ ပြန်ဖြေရမှာပဲ။ စိတ်ကတော့ တစ်ခါတစ်လေ နည်းနည်း ကလေးဆန်ချင်နေသေးတယ်။ စိတ်ကောက်တုန်းပဲ။ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ရင် စိတ်တိုတတ်တုန်းပဲ။ အချော့ခံချင်တယ်။ တစ်ချို့နေရာတွေမှာ စိတ်ဓာတ် ပျော့ညံ့နေတယ်။ ကိုယ့်ကိုယ်ကိုတော့ လုံးဝ အားမရဘူး။

ဒီနှစ် မွေးနေ့က ကြားရက်ကြီးမှာ ဆိုတော့ တနင်္ဂနွေလောက်မှ သူငယ်ချင်း နှစ်ယောက် လောက်နဲ့ အိမ်မှာ အကင်လုပ်စားမယ်လို့ စဉ်းစားထားတယ်။ ကိုယ့်ကိုယ်ကို လက်ဆောင် ပေးဖို့လည်း စိတ်ကူးထားတယ်။ မေလ ၁၁ရက်၊ ညနေမှာ စတိတ်ရှိုးသွားကြည့်မယ်လို့။ စိုင်းစိုင်း၊ ရဲလေး၊ ဂျေမီ၊ ရသ၊ ကြက်ဖ၊ ဂျန်နီ၊ စန္ဒီမြင့်လွင် စသဖြင့် တို့ ပါ၀င်တဲ့ Hip-Hop stage-show ပေါ့။ ရုံးကလူတွေကိုတော့ မွေးနေ့မှာပဲ တစ်ခုခု ၀ယ်ကျွေးဖို့ စိတ်ကူးထားတယ်။

-+-+-+-

တစ်ခါတစ်လေ လူတွေက တော်တော် ကြောက်ဖို့ကောင်းတယ်။

Mar 12, 2008

နေကောင်းပါတယ်ရှင်

0 comments

ဘလော့ဂ် မရေးဖြစ်တာ တော်တော်ကြာသွားပြီပဲ... အင်တာနက်ကလည်း စုတ်ပြတ်သပ်... ကြားထဲ အမှုကိစ္စပေါင်း တစ်ထောင် နဲ့ အလုပ်တွေ ရှုပ်နေခဲ့တဲ့ ကျွန်မ ဒီနေ့ ပြန် ဘလော့ဂ် ပါပြီ။

Xanga မှာလည်း ကျွန်မရဲ့ အင်ဒိုနီးရှား ခရီးသွား ပို့စ်ကို မျှော်နေကြပြီ။ အလုပ်ကလည်း မအား၊ ရေးလည်း ရေးချင်စိတ် မရှိနဲ့.. ဒုက္ခ နဲ့ လှလှ နဲ့ တွေ့တော့တာပဲ...

အားလုံးအတွက် ထူးဆန်းသွားမလား မသိဘူး.... လွန်ခဲ့တဲ့ တစ်လလောက်အထိ over မဖြစ်သေးပါဘူး ဆိုတဲ့ ကျွန်မဆိုတဲ့ မိန်းမတစ်ယောက် အခု သူ့ကို အိုဗာ ဖြစ်သွားပါပြီ။ ကိုယ့်ကိုယ်ကို တောင် အံ့သြပါတယ်။ အမှန်တော့ အိုဗာ ဖြစ်သင့်တာ ကြာပါပြီ။ လွန်ခဲ့တဲ့ ၃နှစ်ကတည်းကလေ...

သူ နဲ့ ကျွန်မ ချက်ဖြစ်သေးတယ်။ ကျွန်မ သူ့ကို “နင်ဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းပါ” ဆိုတဲ့ စကားကို နောက်ဆံတင်းခြင်း၊ ရင်နာခြင်း မရှိပဲ ပြောနိုင်သွားတယ်။ သူ ကျွန်မရဲ့ Xanga ပို့စ် ကို ဖတ်မိတော့ ကျွန်မကို “ဘယ်သူ့ကို နင် သတိရနေတာလဲ” ဆိုပြီး လာမေးတယ်။ ကျွန်မလည်း “လူတစ်ယောက်ပေါ့” လို့ ပြောလိုက်တယ်... သူက "နင့်အတွက် ငါ ပျော်ပါတယ်တဲ့" တဲ့.. ကျွန်မလည်း ပြန်ပြောလိုက်တယ်.. "ကိုယ်လည်း ကိုယ့်အတွက် ပျော်ရွှင်ပါတယ်" ဆိုပြီး.. ဟီးဟီး... ပြီးတော့ ကျွန်မကို ဖေ့ဘွတ်ခ် မှာ ထည့်လိုက်တယ်... funny... အခုမှ ကျွန်မကို ယုံယုံကြည်ကြည် ဖေ့ဘွတ်ခ် မှာ ထည့် နိုင်တယ် ထင်တယ်... ရီရတယ်နော်... ဖေ့စ်ဘွတ်ခ် မှာ “သင်တို့နှစ်ယောက် ဘယ်လို သိခဲ့ကြသလဲ” ဆိုတဲ့ နေရာမှာ ကျွန်မက “၂၀၀၄ ခုနှစ်မှာ ဒီလိုပဲ ဆုံတွေ့ခဲ့တယ်” ဆိုတာပဲ ရွေးထားတာ သူက ထပ်ကွန့်လိုက်တာက "အဲ့ဒီအချိန်ကစပြီး အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်" တဲ့... :) ဟုတ်ကဲ့.. အဲ့ဒါ မှန်ပါတယ်။ အခုအချိန်ကစပြီး ဒီလိုပဲ ဖြစ်သွားနိုင်အောင် ကြိုးစားမှာပါ။

ကျွန်မ ရဲ့ စိတ်ကို စိုးမိုးထားတဲ့ သူ တစ်ယောက် ရှိနေတယ်။ :) “ကို” လို့ ခေါ်တယ်ပဲ ဆိုပါစို့။ ဒီထက်တော့ ဘာမှ မပြောချင်သေးဘူး။ သေချာတာ တစ်ခုက ကျွန်မအတွက် အခုတစ်လော ဘဝဟာ ပိုပြီး အဓိပ္ပာယ် ရှိလာသလိုပဲ.. အရင်က မျှော်လင့်ချက်တွေ ပျောက်နေခဲ့တယ်... တောင့်တခဲ့တဲ့ အချစ်ဆိုတဲ့ အရာတစ်ခု ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့မိတယ်... ဒါပေမယ့် အခု အရိပ်အယောင်တွေ မြင်နေရတယ်.. The feelings are mutal. ^_^ ဒီ့ထက်တော့ ပိုပြီး ဘာမှ မပြောချင်သေးဘူး။ :D

မပြောချင်ပေမယ့် ပြောရဦးမယ်။ ဒီတစ်ယောက်ကလည်း အွန်လိုင်းကပဲ။ အရင်ကတော့ အွန်လိုင်းကလူကို လုံးဝ ဆို လုံးဝ မစဉ်းစားတော့ဘူးလို့ စိတ်ကူးထားခဲ့ပေမယ့်... အင်း.. ဘယ်တတ်နိုင်ပါ့မလဲနော်။ တော်သေးတာက သူက ကမ္ဘာ့တစ်ဖက်ခြမ်းမှာ မဟုတ်ပဲ ဒီအရှေ့ဖက်ခြမ်းမှာပဲ ရှိတာ.. ပြီးတော့ အချိန် ကွာခြားချက်က ၁း၃၀ ပဲ ရှိတာ။ ဒါကြောင့် "Impossible is Nothing" ;)

ဒီလိုနဲ့ ကျွန်မလည်း ဆက်လက်အိပ်မက်လေးတွေ မက်နေပါလေရဲ့....

Jan 18, 2008

ဇန်နဝါရီ ၁၈ ရက်အတွက် ပို့စ်

0 comments

ဒီနေ့တော့ အလုပ် သိပ်လုပ်စရာ မရှိတာနဲ့ .. အင်တာနက်မှာ ဟို လိုက် ကလစ်၊ ဒီ လိုက် ကလစ် လုပ်နေမိတယ်။ ကိုယ်က Multiply Toolbar install လုပ်ထားတော့ အဲ့ဒီမှာ နံပါတ် လေး ပေါ်နေတာနဲ့ သွားသွား ကြည့်ဖြစ်တယ်။ ဟီးဟီး ဒီ curious ဖြစ်တတ်တဲ့ စိတ်ကလည်းနော်...

ပြီးတော့ သီချင်းတွေ ဒေါင်းလုပ် လုပ်ထားတာတွေကို ပြန်ပြီး စီနေလိုက်တယ်။ ကျွန်မက တစ်ခါတစ်လေ neat-freak ဖြစ်နေတတ်တယ်။ ဒါကြောင့် သီချင်းတွေ အစီအစဉ် မကျတာ၊ သီချင်းနာမည်တွေ အစီအစဉ် မကျတာ၊ file တွေ ဟိုရောက် ဒီရောက် ဖြစ်နေတာတွေ ပြန်စုစည်း၊ ပြန် rename လုပ်ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှ ဒေါင်းလုပ် လုပ်ထားတဲ့ သီချင်းတွေကို "Latest Music Download" ထဲ ထည့်တယ်။ ဟိုး အရင်တုန်းက ဒေါင်းလုပ် လုပ်ထားတဲ့ သီချင်းတွေ၊ (ကိုယ့်အိမ်က ပြန်ကူးထားတဲ့ mp3 တွေ) ကိုတော့ ရိုးရိုး "mp3" ဆိုတဲ့ folder ထဲမှာပဲ ထည့်ထားတယ်။ တစ်ချို့ သီချင်းတွေဆို Track 01 တို့ ဘာတို့ နာမည်တွေ ဖြစ်နေတယ်။ ဒါနဲ့ နားထောင်ကြည့်ပြီး သီချင်း နာမည်တွေ ပြန်လိုက်ရေးတယ်။ တစ်ချို့ သီချင်းတွေက ကြားထဲမှာ space မရှိတာတွေ ရှိတယ်။ ဒါတွေကို လိုက်ပြင်တယ်။ ကျွန်မ ရဲ့ mp3 file name ဟာ အမြဲတမ်း ဒီလို ပုံစံပဲ ရှိတယ်။ ဥပမာ - "Hay Mar Nay Win - Kabar Kabar Away.mp3" .. ဒီလို format မဖြစ်နေရင် လိုက်ပြင်တယ်။ နောက်တော့မှ File Tag တွေ လိုက်ပြင်တယ်။ (ဒါကတော့ နားထောင်နေရင်းနဲ့ စိတ်ပါရင် ပါသလို လိုက် ပြင်လိုက်ပါတယ်။)

တော်တော် အားယားနေတာပဲ လို့ ပြောချင်လည်း ပြောပါ။ ဒါပေမယ့် ဒီလို မဖြစ်နေရင် စိတ်ထဲမှာ ခိုးလု ခိုးလု နဲ့ တစ်ခု ခု မှားနေသလို ခံစားရတယ်။ ကျွန်မက ကိုယ့် ကွန်ပြူတာ ထဲမှာဆို file တွေကို organize လုပ်ထားတယ်.. ဒါမှ တစ်ခုခု လိုချင်ရင် ပြန်ရှာရတာ လွယ်တယ်။ အားလုံး လျှောက်ပြီး ဗျောက်သောက် ထည့်ထားရင် စိတ်ရှုပ်စရာကြီး။

ဒီနေ့ ရုံးမှာ Annual Staff Party ရှိတယ်။ ပျော်စရာကြီး။ သူများတွေက သီချင်းတွေဆို၊ အကတွေ ကကြမှာ.. ကိုယ်ကတော့ သီချင်းတော့ ဆိုချင်ပါတယ်.. ဒါပေမယ့် အားလုံး ထွက်ပြေးမှာ သေချာတဲ့ အတွက် မဆိုတော့ပါဘူး။ ညနေ ၅ နာရီ ကျော်မှ ဟိုတယ် တစ်ခု ရဲ့ Pool Side မှာ လုပ်မယ်တဲ့။ အကျႌ အပို ထည့်လာတယ်။ မရမ်းစေ့ရောင် အကျႌ နဲ့ စကတ် ၀မ်းဆက် ပါ။ ဒီ ၀တ်စုံကတော့ ချုပ်ထားတာ ကြာပြီ။ ဒါပေမယ့် ပွဲတွေ ဘာတွေ သိပ်မတက်ဖြစ်တော့ မတွေ့ဖူးတဲ့ သူတွေ အတွက်တော့ အသစ်ပေါ့နော်။ ပုံ နည်းနည်း တုံးမယ် ထင်တယ်။ ခွိခွိ

တကယ်ပါ.. သူများတွေဆိုရင် မင်္ဂလာဆောင်တွေ၊ ပါတီပွဲတွေ တက်ရတော့မယ် ဆိုရင် အကျႌတွေ ပြေးချုပ်ကြ၊ ပြေးဝယ်ကြ နဲ့ အလုပ်ကို ရှုပ်နေတာပဲ.. ကိုယ်ကတော့ အိမ်မှာ ရှိတဲ့ အဝတ်အစားတွေ ထဲကပဲ ၀တ်ပစ်လိုက်တာပဲ... မီက ကပ်စေးနည်းကြီးလေ... မလိုအပ်ရင် ပိုက်ဆံ မကုန်ချင်ဘူး... လိုအပ်ရင်တော့... အရမ်း လိုချင်နေရင်တော့.. လာထား... ;) ပိုက်ဆံတွေ တော်တော်များများ ဖိနပ်တွေ ၀ယ်တာထဲ ၀င်သွားတာ များတယ်။ ဖိနပ် ဆိုရင် ဘယ်လို ကြိုက်မှန်း မသိဘူး... (အရင် ဘဝက ခွေးဝင်စား ထားလို့ နဲ့ တူမယ် ဟိဟိ) ဖိနပ်ဆိုင်တွေ့ရင် မဝင်ရ မနေနိုင်ဘူး... ၀ယ်မှာ မဝယ်မှာ အပ ထား...

မီ နောက် တစ်ပတ် ၂၅ ရက်မှာ ပြည်ပ ခရီးသွားဖို့ ရှိတယ်။ ဂျကာတာကိုပါ။ ဟို မှာ ၂ ပတ်ကြာမယ်။ အလုပ်ကိစ္စနဲ့ သွားမှာဆိုတော့ အများကြီး လျှောက်လည်လို့ မရဘူးပေါ့... ဒါပေမယ့် နည်းနည်းပါးပါး တော့ သွားဖြစ်မှာပေါ့... Me Blogging Addict ကြီးကတော့ အဲ့ဒီ မှာ ဓာတ်ပုံတွေ အများကြီး ရိုက်ပြီးတော့ ဘလော့ဂ် ကို လုပ်ဦးမှာ။ စင်္ကာပူ ချန်ဂီလေဆိပ်မှာ transit လုပ်ရမယ်။ လေဆိပ်မှာ ၄ နာရီလောက် နေရမယ်။ ဒါကြောင့် လေဆိပ်ထဲမှာ အစားအသောက် ဘယ်ဆိုင်တွေ ကောင်းသလဲ လို့ ဖော်ရမ် မှာ မေးတော့ ... စျေးကြီးတယ် တဲ့... အီတလီခေါက်ဆွဲက SD 15 ဆိုလား။ မြန်မာငွေ နဲ့ တွက်လိုက်ရင် ၁၃၀၀၀ လောက် ရှိတယ်။ ကြောက်စရာကြီး... ဒါပေမယ့် ကြည့်လိုက်ဦးမယ်... စိတ်ပါရင်တော့ စားမယ်။

ကိုယ်က တစ်ယောက်တည်း သွားမှာတော့ မဟုတ်ပါဘူး။ ရုံးက co-worker ၂ ယောက်ပါတယ်။ သူတို့တွေက နိုင်ငံခြား မရောက်ဖူးဘူး... လေယာဉ်လည်း မစီးဖူးဘူး တဲ့။ အဲ့ဒါ ဘော့စ် က ကျွန်မကို ခေါင်းဆောင် ခန့်ထားတယ်... မီကလည်း ခပ်လည်လည် ကိုး... အရင်တုန်းက နိုင်ငံခြား သွားတုန်းက အဖေ တွေ၊ အမေ တွေ နောက်ပဲ လိုက်လာတာ.. ဘာမှ ကိုယ်တိုင် လုပ်လာတာ မရှိဘူး။ ပြီးတော့ လာကြိုတဲ့ သူတွေလည်း ရှိတယ်။ အဖေ ၊ အမေ မပါဘဲ နဲ့ ပြည်ပ ခရီးလည်း သွားဖူးတာ မဟုတ်ဘူး။ တော်ကြာ လေဆိပ်မှာ ပြသနာတက်မှာ ကြောက်နေမိတယ်။ Luggage ပျောက်တာတို့၊ ဘာတို့ပေါ့... ထားပါ... ဖြစ်မှပဲ ကြည့်လုပ်တော့မယ်။

ကဲ.. ထုံးစံအတိုင်း ပို့စ် လေးတော့ ဟိုရောက်၊ ဒီရောက် ဖြစ်ကုန်ပြီး။ နားပြီ။

Jan 7, 2008

မပြောင်းလဲသော အရာများ

0 comments

ကျွန်မ အခုဆို အသက် ၂၄ ကျော်၊ ၂၅ ပြည့်တော့မယ်။ ဒီနှစ်တွေထဲမှာ ကိုယ်အများကြီး ပြောင်းလဲသွားတယ်။ စိတ်ပိုင်း အရပေါ့။ ခန္ဓာကိုယ်ကတော့ another story ပေါ့နော်။

လွန်ခဲ့တဲ့ ၁၅ နှစ် တုန်းက ၀တ်ခဲ့တဲ့ အကျႌတွေ၊ စကတ်တွေ၊ ဘောင်းဘီတွေ အခုထိ တော်နေတုန်းပဲ... ဟီးဟီး။ ပြောသာ ပြောတာပါ... အမေက ငယ်ငယ်တုန်းကဆို စီမံကိန်းနဲ့ အဝတ်အစား ဆိုတ် ကြီးကြီးတွေ ဆင်တာကိုး... အဲ့ဒီ အချိန်တုန်း ကလည်း baggy တွေ ခေတ်စားတယ်လေ... ဒါကြောင့်လည်း အဝတ်အစားတွေက အခုထိ တော်နေသေးတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဟိုနေ့က အဝတ်အစားအသစ်ချုပ်ထားတာ တစ်လ လောက်ပဲ ရှိသေးတယ်... ခါးတွေ ကြပ်နေလို့ ပြန်ပြင်ရတယ်။ အဲ့ဒါနဲ့ ခါး ပြန်တိုင်းကြည့်တာ 25" ဖြစ်နေတယ်.. ကြောက်တောင် ကြောက်သွားတယ်... အရင်က ကိုယ့်ခါးက 21" ပဲ ရှိတာကိုး။ ၀ တော့ ၀ချင်ပါတယ်... ဒါပေမယ့် ဗိုက်ပူပူ ကြီးတော့ မဖြစ်ချင်ဘူးကွယ်။ (ဘယ်သူ့ကိုမှ စောင်းမြောင်းပြောချင်း မဟုတ်ပါ :P) အမေကတော့ ပြောတယ်... ၀လာရင် အရင်ဆုံး ဗိုက်က စ ၀ တယ်.. နောက်မှ တစ်ခြားနေရာတွေကို သွားတာတဲ့။ ကျွန်မက လက်မောင်း ပြည့်ပြည့်လေးတွေ၊ ခြေထောက် ပြည့်ပြည့်လေးတွေ ဖြစ်ချင်တာ။ ပြီးတော့ ရင်၊ တင် ပေါ့.. ခွိခွိ။ သိပ်အများကြီး မမှန်းပါဘူး... Lee Hyori ဆိုတ် လောက်ဆို ကျေနပ်ပါပြီ။ ;)