May 22, 2009

ဒီနေ့

0 comments

ဒီနေ့ မနက် အိပ်ရာထ ပုံမှန်ထက် နည်းနည်း နောက်ကျတယ်။ မနေ့ညက ကိုရီးယားကား Boys Over Flowers ထိုင်ကြည့်နေတာ ၂ပိုင်းလောက်ရှိတယ်။ ၃ပိုင်း တစ်ဝက်လောက်မှာ မီးပျက်သွားမှ အိပ်ရာဝင်တာ။ အဲ့ဒီအချိန်မှာ ည ၁၁း၃၀ နေပြီ။ ဒီတော့ မနက် အိပ်ရာထတော့ မနည်း ထနေရတယ်။ အခုတစ်လော မနက် မနက် အိပ်ရေးသိပ်မဝသလိုပဲ။

အဖေလာနိုးတော့ မနက် ၆း၃၀ ပြီ။ အဲ့ဒါနဲ့ အိပ်ရာထဲမှာ ပေတေပြီး ၅မိနစ်လောက် လိှမ့်နေလိုက်သေးတယ်.. ပြီးတော့မှ မထ မဖြစ် လို့ ထလာရပြီး ရေချိုးခန်းဝင်၊ သွားတိုက်၊ ရေချိုး လုပ်လိုက်တယ်။ မိနစ် ၂၀လောက်ကြာတယ်။ ဟီး... ပြီးတော့ သနပ်ခါးလိမ်းတယ်။ ဒီနေ့က ရုံးကိစ္စနဲ့ အပြင်သွားစရာရှိတော့ ဆံပင်ကို စည်းသွားရင် ကောင်းမယ်ဆိုပြီး ဆံပင်စည်းလိုက်တယ်။ အားလုံးပြီးသွားတော့ မနက်စာကို အမေက ခေါက်ဆွဲပြုတ်ပေးထားတယ်။ ဟီး.. ကိုယ်က ပြုတ်ပေးမယ် မရှိဘူး.. အားလုံးကို အမေက သို့မဟုတ် အစ်မဝမ်းကွဲက လိုက်လုပ်ပေးတယ်။ ထမင်းချိုင့်လည်း ထည့်ပြီးသား အဆင်သင့်.. စားပြီး ထထွက်သွားရုံပဲ။

(တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ တခြားသူတွေဆို ကိုယ့်ထမင်းကိုယ်ချက်၊ ကိုယ့်ထမင်းဘူးကိုယ်ထည့် လုပ်နေရချိန်မှာ ကိုယ်က အားလုံးနီးပါး ထိုင်စားနေရုံသာသာဆိုတော့ ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် အရမ်း ကလေးဆန်နေသေး သလိုလို၊ princess syndrome ရှိနေသလိုလို ခံစားမိတယ်။)

ဘက်စ်ကား မှတ်တိုင်ရောက်တော့ ရး၄၀လောက် ရှိပြီ။ ၁၀၅ ကား ဒိုင်နာ စီးတယ်။ သိပ်မကြာဘူး.. ထိုင်ခုံရတယ်။ ကားကလည်း နည်းနည်း အိပဲ့အိပဲ့နဲ့။ မှတ်တိုင်တွေမှာလည်း အကြာကြီး ရပ်နေသေးတယ်။ စိတ်က သိပ်မရှည်တော့ နာရီတကြည့်ကြည့်နဲ့ပေါ့.. ဟိုကြည့် ဒီကြည့်နဲ့ လိုက်လာတယ်။ အရှေ့မှာထိုင်နေတဲ့ ကောင်လေးကတော့ နည်းနည်း ချောသား.. မသိမသာ ငေးပြီး တခြားဘက် မျက်နှာလွှဲထားလိုက်တယ်။ :P အငေးကောင်းနေလို့လား မသိဘူး.. မိုးရွာလာတာ သတိမထားလိုက်မိဘူး။ ကိုယ့်ကျောတွေ နည်းနည်းစိုစိုစွတ်စွတ် ဖြစ်လာမှ မိုးရွာနေမှန်း သိလိုက်တယ်။ ထီးက အမြဲတမ်းနီးပါး ကိုယ်နဲ့ ပါတော့ စိတ်ပူစရာ သိပ်မလိုဘူး။ ဒါပေမယ့် ဆင်းရမဲ့ မှတ်တိုင်နားရောက်တော့ မိုးက တော်တော် သည်းလာတယ်။ ကားပေါ်က ဆင်းလိုက်ပြီး သိပ်မကြာခင်မှာပဲ ကိုယ့် ထမီက စိုသွားတယ်။ အဲ့နားမှာပဲ ဆိုင် တစ်ဆိုင်ရဲ့ အမိုးအောက်မှာ ရုံးက အစ်မတစ်ယောက် မိုးခိုနေတာ တွေ့လို့ ကိုယ်လည်း ခဏနေလိုက်ဦးမယ် ဆိုပြီး ရပ်နေလိုက်တယ်။ မိုးလေး နည်းနည်းရွာလိုက်တာနဲ့ လမ်းကြားလေးက ရေက ပြည့်လာတယ်။ သူနဲ့ စကားပြောရင်းနဲ့ အဲ့ဒီ အစ်မ ဆီက “အိ” ဆိုပြီး အသံထွက်လာတော့ ဘာပါလိမ့်ဆိုပြီး ကြည့်လိုက်တော့.. လားလား.. ပလက်ဖောင်းက အက်နေတဲ့နေရာတွေက ကြွက်တွေ၊ ပိုးဟပ်တွေ ထွက်လာတာကိုး.. အဲ့ဒါနဲ့ သူ နဲ့ ကျွန်မ အမိုးအောက်ကနေ ပြေးထွက်လာကြတယ်။ မိုးက နောက်တော့ စဲသွားတယ်။

ရုံးရောက်တော့ မနက်ပိုင်း လုပ်စရာရှိတာတွေ လုပ်ဖြစ်တယ်။ ဒီမနက်က အပွိုင့်မန့် တစ်ခုရှိတော့ ၉း၃၀လောက် ရုံးကနေထွက်ကြမယ် ဆိုပြီး အစီအစဉ်လုပ်တယ်။ အပွိုင့်မန့် ကို လှမ်းဖုန်းဆက်ပြီး ကွန်ဖမ်းလုပ်တော့ သူတို့ မအားလို့ ထမင်းစားပြီးချိန်မှ လာပါ ဖြစ်သွားပြန်ရော။ အဲ့ဒါနဲ့ ရုံးမှာ ခဏနေပြီး၊ Facebook ကြည့်၊ ဖော်ရမ်ဖတ်၊ သတင်းတွေဖတ်နေတာ။ ၁၁း၃၀ကျတော့ အပြင်သွားတယ်။ ရုံးက လူကြီးက အောင်သုခ မြန်မာထမင်းဆိုင်မှာ ကျွေးမယ်ဆိုလို့ အဲ့ဒီကို အရင်သွားတယ်။ ကျွန်မက ကြက်အသည်းအမြစ်ဟင်း မှာတယ်။ တခြားသူတွေမှာတဲ့ ဟင်းတွေနဲ့ ရောစားလိုက်တာ စားလို့ တော်တော်ကောင်းတယ်။ အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းဗူးလေး မစားဖြစ်တော့ဘူးပေါ့။ ပြီးတော့ အပိွုင့်မန့်ဆီ ရောက်သွားတယ်။ အဲ့ဒီရုံးကနေ ပြန်ထွက်လာတော့ မိုးက သည်းကြီးမည်းကြီးကို ရွာနေတာ။ လှိုင်တက္ကသိုလ်ဝင်းထဲက ဖြတ်တော့ အဲ့ဒီထဲမှာ ရေတြွေကီးနေတယ်။ ပါရမီလမ်းက မင်းလမ်း ရခိုင်မုန့်တီဆိုင် မှာ ရုံးက တခြားလူတွေအတွက် ရခိုင်မုန့်တီ ၀င်ဝယ်တယ်။ ရခိုင်မုန့်တီကလည်း စျေးကြီးလိုက်တာ.. အကြော်မပါတာတောင် ၄၀၀ တဲ့.. ဂိဂိ

အဲ့ဒီဆိုင်ကနေ ထွက်လာပြီး ပြည်လမ်းအတိုင်း မောင်းလာတာ... ရမိုင်ခွဲလောက် ရောက်တော့ ဟိုးအရှေ့မှာ ကားတန်းအရှည်ကြီး ပိတ်နေတယ်။ အဲ့ဒါ အင်းလျားကန်က ရေလျှံလို့လား မသိဘူး ဆိုပြီး၊ အင်းစိန်လမ်းမဘက် ပေါက်တဲ့ ညာဖက်လမ်းထဲကို ချိုးကွေ့ဝင်လိုက်တာ.... ရွာလည်ရော... အဲ့ဒီလမ်းကြားထဲမှာ ကိုယ်နဲ့ အကြံတူတဲ့ ကားတွေနဲ့အတူ တစ်မိနစ် တစ်လက်မလောက် ရွေ့နေလိုက်တာ.. ၁၅မိနစ်လောက်ကြာသွားတယ်။ အင်းစိန်လမ်းမပေါ်ရောက်တော့လည်း ကားတန်းရှည်ကြီးနဲ့ တွေ့ရော။ လှည်းတန်းမီးပွိုင့် ရှိတာရယ်၊ အဲ့ဒီနားမှာ ဘက်စ်ကား မှတ်တိုင်တွေ ရှိတာနဲ့ရောပြီး အဲ့ဒီမှာလည်း မိနစ် ၂၀ လောက် စောင့်လိုက်ရတယ်။ ကားထဲမှာ မုန့်တီဟင်းရည်တွေ လှိုင်ပြီး မြင်သာမြင်ရ၊ မကြင်ရတဲ့ ဘဝ ဖြစ်နေတယ်။

ကားပေါ်မှာ ပြောနေမိသေးတယ်။ အခုချိန်ဆို ကမ္ဘာအေးဘုရားလမ်းမ၊ မီကာဆာရှေ့မှာ ရေလျှံနေပြီးလား မသိလို့၊ သေချာတာကတော့ ယုဇနပလာဇာတို့၊ ကန်တော်လေးတို့မှ ရေတွေလျှံနေပြီ ဆိုတာပဲ။ မိုးလေး နည်းနည်းရွာတာနဲ့ ရန်ကုန်မြို့ကြီး ရေလျှံတာ အထူးသတင်းမဟုတ်တော့ပါဘူး။ ရုံးပြန်ရောက်တော့ မောင်လေးဆီက offline message ရောက်နေတယ်။ သူ စလုံးမှာ S Pass ရပြီဆိုတဲ့အကြောင်း ပြောတာ။ အဲ့တာနဲ့ အိမ်ကို ဖုန်းဆက်ပြီး အမေကိုပြောတယ်။ မေကြီးက ပြောတယ်... ဒီနေ့ စာမသင်ရရင် အိမ်စောစောပြန်လာဦးတဲ့... လမ်းတွေရေလျှံနေလို့ အိမ်ပြန်ရခက်နေမယ် လို့ ပြောပါတယ်။ ခဏနေတော့ ရခိုင်မုန့်တီဟင်းရည် နွှေးပြီး ရခိုင်မုန့်တီ စားကြတယ်။ စွတ်ပြီး ငရုတ်ရည်တွေ နှစ်စွန်းထည့်လိုက်တာ စပ်လိုက်တာ... ကျန်တဲ့လူတွေက မျက်နှာတွေ နီရဲနေတဲ့ ကျွန်မကိုကြည့်ပြီး ရီနေကြတယ်။

ခဏနေတော့ ကလေးတွေအိမ်က ဖုန်းဆက်တယ်။ စာ လာသင်စရာ မလိုဘူးတဲ့.. စိတ်ထဲမှာ ပျော်သလိုလို၊ ၀မ်းနည်းသလိုလိုနဲ့။ ပျော်တာက မိုးအေးအေးနဲ့ အိမ်စောစောပြန် ကွေးလို့ ရလို့၊ ၀မ်းနည်းတာက ဒီလထဲ ရက်ပျက်ထားတာ ရ ရက် ရှိနေပြီဆိုတော့ ဘက်ဂျက်ထိခိုက်လို့.. ဟဟ .. ပီတိကိုစား အားရှိပါသည် ဆိုပေမယ့် ကိုယ်က ဒီပိုက်ဆံလေးနဲ့ အိမ်ကို ထောက်ပံ့နေရတာ ဆိုတော့ ပီတိလည်းစား၊ လခလည်း စားနေရတာပေါ့..

Facebook မှာ သတင်းလေးတွေဖတ်ပြီး ၀မ်းသာနေရတယ်။ သိပ်ခင်ရတဲ့ အစ်မကြီးတစ်ယောက် သားသားလေးတစ်ယောက်ကို မီးရှုးသန့်စင် ဖွားမြင်လို့ပြီးကြောင်း၊ ဓာတ်ပုံလေးပါ တွဲပြီး ကြည့်လိုက်ရတယ်။ ကလေးလေးက သိပ်ချစ်စရာ ကောင်းတာပဲ။ အသည်းယားတယ်။ မွေးကာစလေးဆိုတော့ အမေနဲ့တူလား၊ အဖေနဲ့တူလား မကြည့်တတ်သေးဘူး.. ဟိဟိ ..

"သတိရစိတ်တွေက မိုးသားတွေလို ဘယ်အချိန်ရောက်မှ အဆုံးသတ်မှာလဲ"

သိပ်မကြာခင် ပြန်တော့မယ်။ ဒီနေ့တော့ ဒီနေ့အကြောင်း ရေးလို့ ပြီးပါပြီ။

နားထောင်နေဖြစ်တဲ့သီချင်း - Epik High - 1 Minute 1 Second

ဒီသီချင်းလေးကို တော်တော်ကြိုက်နေမိတယ်။ ဘယ်လိုလေးမှန်း မသိဘူး.. catchy ဖြစ်တယ်။ ~ can't let go... ဒါဒါ ဒီဒီ ဒါဒါ ဒီဒီ ~ :D

ယူထုဘ် ကြည့်ချင်ရင် ဒီမှာ ကြည့်နိုင်ပါတယ်။

May 19, 2009

နားထောင်မိသော သီချင်းများ

0 comments

သီချင်းမကြိုက်တဲ့သူ တော်တော်ရှားမယ်လို့ ထင်တယ်။ ကျွန်မတော့ သီချင်းနားထောင်ရတာ တော်တော်ကြိုက်ပါတယ်။ အခုတစ်လော ဘာသီချင်းတွေ နားထောင်ဖြစ်လဲဆိုတော့ ၆တန်းနှစ်တုန်းက နာမည်ကြီးတဲ့ သီချင်းလေးတွေ ရှာနားထောင်ဖြစ်တယ်။

ကျွန်မ ၅တန်း၊ ၆တန်းနှစ်မှာ အမေရိကားရောက်နေတော့ အမေရိကန်ကျောင်းပဲ တက်ဖြစ်ပါတယ်။ တက်ဖြစ်တဲ့ကျောင်းကလည်း လူမည်းတွေများတဲ့ ကျောင်းဆိုတော့ သူတို့နားထောင်နေတာမျိုး၊ သူတို့ သဘောကျကျတဲ့ သီချင်းမျိုးတွေ လိုက်နားထောင်ရင်း သဘောကျသွားတယ်။ အဲ့ဒီတုန်းက ရပ်ပ် / ဟစ်ပ်ဟော့ပ် တွေ သိပ်နားထောင်ဖြစ်တယ်။ ရေဒီယိုလိုင်း (၂)လိုင်း (Kiss FM နဲ့ WPGC လား မသိဘူး မေ့သွားပြီ) ကို နားထောင်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေဆို အသံသွင်းထားတယ်။ အဲ့ဒီ အသံသွင်းထားတဲ့ အခွေ အခုထက်ထိ ရှိသေးတယ်။

အဲ့ဒီခေတ်တုန်းက ကိုယ်က မုန့်ဖိုးမရတော့ အခွေတွေ ၀ယ်မနားထောင်နိုင်ဘူးလေ... ဒီတော့ ရေဒီယိုကလာတဲ့ သီချင်းတွေပဲ နားထောင်ဖြစ်တာပေါ့... အခု အဲ့ဒီ ရေဒီယိုက နားထောင်ပြီး ကြိုက်ခဲ့ဖူးတဲ့ သီချင်းတွေကို mp3 လိုက်ရှာပြီး နားထောင်ဖြစ်နေတယ်။ တစ်ချို့ဟာတွေက ရှာရခက်တယ်.. ဖော်ရမ်မှာ အကူအညီတောင်းပြီး ရှာခိုင်းလိုက်တာ တင်ပေးကြတယ်။ ကိုယ်လိုချင်တဲ့ သီချင်းလေးကို ရလိုက်တာ တော်တော်ပျော်သွားတယ်။ ရေဒီယိုက အသံသွင်းခဲ့တဲ့ သီချင်းတွေပဲ collection အနေနဲ့ လိုက်စုနေတာ။

အခု လက်ရှိ အောက်က သီချင်းနာမည်လေးတွေ လက်ဝယ် ရှိတယ်။ သဘောကျရင် ဒေါင်းလုပ်လုပ် နားထောင်ကြပေါ့...

Total - No One Else
Total - Kissing You
Bone Thugz N Harmony - Crossroad
112 - Only You
TLC - Waterfall
Next - Too Close
2Pac - California (California!!! This song is da bomb! (um.. forgot that I'm supposed to write in Burmese :P)
Mc Lyte - Keep On Keepin' On

ဒါတောင် နည်းနည်းကျန်ဦးမယ်ထင်တယ်။ အိမ်က အသံသွင်းထားတဲ့အခွေကို ပြန်မကြည့်ရသေးဘူး... မှတ်မိသလောက် လိုက်ရှာထားတာ :P

ဒါတောင် ၅တန်း၊ ၆တန်းတုန်းက သီချင်းတွေပဲ ရှိသေးတာနော်။ နောက်ကျမှ ရတန်း-၉တန်းမှာ နားထောင်ခဲ့တဲ့ သီချင်းတွေဆိုပြီး တင်ဦးမယ်.. ဟိဟိ

May 13, 2009

The Mirror or Erised

2 comments

တနင်္ဂနွေနေ့က မီးပျက်နေတုန်း စာအုပ် ဖတ်စရာ မရှိတာနဲ့ ဟယ်ရီပေါ်တာ ပြန်ဖတ်ဖြစ်တယ်။ ပထမဆုံး စာအုပ် The Philosopher's Stone ကို ပြန်ဖတ်ဖြစ်တာ။ ဟိုးအရင်တစ်ပတ်က ညီမက American Centre ကနေ Harry Potter & The Half-Blood Prince ငှားလာတော့ အဲ့ဒါဖတ်ပြီး၊ The Deadly Hallows ပါ ထပ်ပြီး ပြန်ဖတ်လိုက်သေးတယ်။ ဟယ်ရီပေါ်တာ စာအုပ်တွေကို ဖတ်ရတာ တစ်ခါတစ်လေ small details လေးတွေက အစပိုင်း စာအုပ်တွေမှာပါတယ်။ နောက်ပိုင်းမှ အဲ့ဒီ details တွေက ပိုပြီး အရေးပါလာတယ်။ ဥပမာ - ပထမဆုံး စာအုပ်က မီးတိုင်တွေကနေ မီးတွေကို လှမ်းပြီးငြိှမ်းတဲ့ Putter-Outter (Deluminator) က နောက်ဆုံးစာအုပ်မှာ အရေးကြီးတဲ့နေရာက ပါလာတာမျိုးပေါ့.. ဒီတော့ တစ်ခါတစ်လေ အဲ့ဒီလို ပြန်ပြန်ဖတ်ဖြစ်တော့ အရင်ဖတ်တုန်းက miss ဖြစ်မိတာလေးတွေကို ပြန်တွေ့ရတယ်။

ပထမဆုံး စာအုပ်မှာ The Mirror of Erised အကြောင်းပါတယ်။ Erised ဆိုတာ desire ကို ပြောင်းပြန်လှန်ထားတာပါ။ အဲ့ဒီ ကြေးမုံပြင်ပေါ်မှာ ရေးထားတဲ့စာက "erised stra ehru oyt ube cafru oyt on wohsi" .. ပြောင်းပြန်လှန်ဖတ်ရင် ... "I show not your face but your heart's desire" (သင့်ရဲ့ မျက်နှာကို မပြပဲ နှလုံးသားက တပ်မက်မှုကို ပြတယ်) လို့ အဓိပ္ပာယ်ရပါတယ်။ အမှန်ပဲ မှန်ထဲကို ကြည့်ရင် သင့်ရဲ့မျက်နှာကို မပြပဲ သင့်ရဲ့ နှလုံးသားထဲက deepest & most desperate desire ကို ပြပါတယ်။ ဟယ်ရီပေါ်တာ ဆိုရင် သူ တစ်ခါမှ မမြင်လိုက်ရတဲ့ သူ့ရဲ့ အဖေ၊ အမေ နဲ့ မိသားစုလေးကို မှန်ထဲမှာ မြင်ရတယ်။ ဒါက မိဘမဲ့တစ်ယောက်ဖြစ်တဲ့ သူ့အတွက် အလိုချင်ဆုံး ဆန္ဒတစ်ခုပဲ။

ကျွန်မဆိုရင်ရော အဲ့ဒီမှန်ထဲကြည့်ရင် ဘာမြင်ရမလဲ။ ကျွန်မ သိတယ်... ကျွန်မ သူ့ကို မြင်မယ်။ ကျွန်မနဲ့ သူ့ရဲ့ ချစ်စရာ ကလေးလေးတွေ မြင်မယ်။ ကလေးလေးတွေက ၃ယောက်၊ မိန်းကလေး ၂ယောက်၊ ယောကျာ်းလေး တစ်ယောက်။ သူ့အဖေရဲ့ မျက်လုံးလေးတွေရှိရင် ရှိမယ်... ဒါမှမဟုတ် ကျွန်မရဲ့ မျက်လုံးလေးတွေ ရှိနိုင်တယ်။ ဒီလိုသာ ဆိုရင် ကျွန်မလည်း ဟယ်ရီလိုပဲ အဲ့ဒီမှန်ကို အကြာကြီး ထိုင်ကြည့်နေဖြစ်မယ် ထင်တယ်။

Professor Dumbledore က ဟယ်ရီကို ပြောပြတယ်။

...this mirror will give us neither knowledge or truth. Men have wasted away before it, entranced by what they have seen, or been driven mad, not knowing if what it shows is real or even possible. ... It does not do to dwell on dreams and forget to live...

"ဒီမှန်ဟာ ငါတို့ကို အသိဉာဏ်လည်း မပေးဘူး။ အမှန်တရားကိုလည်း မပေးဘူး။ လူအများစုဟာ ဒီမှန်ရှေ့မှာပဲ သူတို့မြင်ရတာတွေကို တပ်မက်ပြီး အချိန်ကုန်သွားကြတယ်.. သူတို့ဟာ မှန်ကပြတာတွေကို အမှန်တွေလား၊ ဖြစ်နိုင်မှုရှိလား ဆိုတာ မသိကြတဲ့အတွက် တစ်ချို့တွေက ရူးသွားကြတယ်။... စိတ်ကူးယဉ်အိပ်မက်တွေထဲမှာပဲ နစ်မြောပြီး အသက်ရှင်ဖို့ မေ့နေကြတာ မကောင်းဘူး"

ကျွန်မကိုဆိုရင်ရော.. Dumbledore က ဘာပြောမလဲ?

ကျွန်မကို သူများတွေ မေးမယ်ဆိုရင်တော့ Dumbledore လိုပဲ "I see myself holding a pair of woolen socks" လို့ ပြန်ဖြေဖြစ်မယ် မထင်ဘူး။ "I see myself holding an iPod Touch and wearing the straps to a Canon EOS 400D" လို့ ပြန်ဖြစ်မယ်ထင်တယ်။ ဒါက ပိုပြီး realistic ဖြစ်တာကိုး... :D