Jun 22, 2012

ယူနီကုတ်နှင့်ပထမဆုံး ပို့စ်

0 comments

၂၀၁၂ ကို မကူးခင် ကျွန်မရဲ့ ဘလော့ဂ်ကို ဇော်ဂျီကနေ ယူနီကုတ် ပြောင်းမယ်ဆိုပြီး စဉ်းစားခဲ့တာ ကြာပါပြီ။ ဒါပေမယ့် သိပ်မအားတာနဲ့ မပြောင်းဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၃လလောက်ကမှ စပြီး ကိုစေတန်ရဲ့ ဘလော့ဂ်မှာ ရေးထားတဲ့အတိုင်း လိုက်ပြောင်းဖြစ်တာ အဆင်ပြေပါတယ်။

ဒါပေမယ့် အဆင်မပြေတာ တစ်ခုကတော့ ယူနီကုတ်နဲ့ ပို့စ် ရေးလို့ မရတာပါပဲ။  ဳKeymagic သွင်းပြီးတော့ စမ်းကြည့်တာမှာ စာရေးရတာ အဆင်မပြေပါဘူး။ အသတ် ရေးလိုက်ရင် ရပင့်ပဲ ဖြစ်ဖြစ် သွားတယ်။ အဲ့ဒီလိုမျိုး စာကောင်းကောင်းရေးလို့ မရတာနဲ့ မရေးဖြစ်ပဲ ဒီဘလော့ဂ်က ပို့စ်အဟောင်းတွေပဲ ယူနီကုတ်ပြောင်းပြီး၊ ပို့စ် အသစ်မတင်နိုင်ပဲ ဒီအတိုင်း ထားထားတာ ကြာပါပြီ။

အခုတော့ အလုပ်ပါးတုန်း နည်းနည်း ပျင်းနေတာနဲ့ ပြန်စမ်းသပ်ကြည့်နေတာ။ အခုလို ရေးနိုင်ဖို့ စက်ထဲက ဇော်ဂျီဖွန့်ကို လုံးဝ ဖျက်လိုက်ရတယ်။ အဲ့ဒီတော့မှ စာရေးတဲ့နေရာမှာ မှန်မှန်ကန်ကန် မြင်ရတော့တယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ မသိပါဘူး။ ဖြစ်ချင်တာကတော့ သူများတွေ ဇော်ဂျီနဲ့ ရေးတဲ့စာကိုလည်း မြင်ရချင်တယ်။ သူတို့တွေနဲ့ စကားပြန်ပြောရင် ဇော်ဂျီနဲ့ ပြန်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ သူငယ်ချင်းအတော်များများက ယူနီကုတ် မသုံးကြသူတွေ များပါတယ်။ ဇော်ဂျီနဲ့ပဲ ယဉ်ပါးလာတာ ကြာပြီဆိုတော့ ဇော်ဂျီပဲ ဆက်လက်သုံးနေကြသူတွေပါ။ သူက သွင်းရ၊ ထုတ်ရတာ အဆင်ပြေတယ်လေ။ ပြီးတော့ ယူနီကုတ်စာတွေဖတ်ချင်ရင်လည်း ယူနီကုတ်ဖွန့် သွင်းထားရင် အဆင်ပြေတော့ အဲ့ဒီအတိုင်းပဲ သုံးနေကြတာပေါ့။

ကျွန်မက ကျွန်မ ဘလော့ဂ်မှာတော့ ယူနီကုတ်နဲ့ပဲ ရေးသွားချင်တယ်။ ဒါကြောင့်မို့ ပြောင်းလိုက်တာပါ။ နောင်တစ်ချိန်မှာ ယူနီကုတ်ပဲ အားလုံးသုံးလာကြမှာဆိုတာ ကြိမ်းသေပေါက်လေ။ ဒါကြောင့် ကိုယ့်ဘက်က ကျင့်သားရနေအောင် အခုထဲက စပြောင်းထားတာပါ။ အားလုံးလည်း ပြောင်းပြီဆိုတော့ နောက်ပြန်မလှည့်ကြေးပေါ့နော်။

တကယ်လို့ ဇော်ဂျီဖွန့်မသွင်းပဲ ဇော်ဂျီနဲ့ရေးထားတဲ့ စာတွေ မှန်မှန်မြင်ရမယ်၊ ဒါမှမဟုတ် ဇော်ဂျီနဲ့ စာရေးနိုင်မယ်ဆိုရင်တော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်။ မဟုတ်ရင်တော့ အခုလို ဘလော့ဂ်ရေးချင်တဲ့ အချိန်ကျ zawgyi font ဖြုတ်၊ ဖေ့စ်ဘုတ် တို့ ဂျီတော့ခ်တို့မှာ ဇော်ဂျီနဲ့ သုံးရတော့မယ်ဆို ဇော်ဂျီဖွန့် ပြင်သွင်း။ အလုပ်တော့ ရှုပ်သား။

ဆက်ပြီး tweak တွေ ရှာလိုက်ပါဦးမယ်။

Dec 22, 2011

ကင်မ်ချီ ထမင်းကြော်

0 comments

ဒီနေ့ မနက် စိတ်ကူးပေါက်တာနဲ့ ကင်မ်ချီ ထမင်းကြော် စမ်းကြော်ကြည့်မယ် ဆိုပြီး ကြော်ဖြစ်ပါတယ်။ မနက်စာ အဖြစ်လည်း စားဖြစ်သလို နေ့လည်စာလည်း ထည့်လာလိုက်ပါတယ်။


မနက်က ဓာတ်ပုံ ရိုက်တုန်းက အရောင် သိပ်မထွက်ဘူး။ နေ့လည်က ထမင်းစားတုန်းက ကြည့်တော့ ကင်ချီထမင်းကြော်လေးက အရောင်လေးကို ရဲနေတာပဲ။

ဟင်းချက်နည်းက အွန်လိုင်းမှာ ရှာကြည့်ပြီး ချက်ထားတာပါ။ ကင်မ်ချီကိုတော့  Hers' တံဆိပ် ကင်မ်ချီ ဝယ်လိုက်ပါတယ်။ အဲ့ဒီ ဗူး အဖုံးမှာလည်း ကင်မ်ချီ ထမင်းကြော်နည်း ပါ ပါတယ်။ အဲ့ဒီနည်းနဲ့ ကိုယ် အွန်လိုင်းမှာ ဖတ်ထားတဲ့ နှစ်ခုပေါင်းပြီး ကြော်ထားတာပါ။

အမှန်ဆို ထမင်းကို မနေ့ညက ချက်လိုက်ရမှာ - ထမင်းကြမ်းဆို ပိုကြော်လို့ကောင်းပါတယ်။ အခုကျတော့ ဒီမနက် ချက်တဲ့ ထမင်းပူပူကို ကြော်လိုက်တော့ ထွေးထွေးကြီး ဖြစ်သွားတယ်။

ပါဝင်သော ပစ္စည်းများ

၁။ ကင်မ်ချီ (အနေတော် အရွယ်လေးတွေ လှီးဖြတ်ရပါတယ်)
၂။ ထမင်း (နှစ်ပန်းကန်လုံးခန့်)
၃။ ကြက်ဥ နှစ်လုံး (တစ်လုံးက ထမင်းထဲ ရောကြော်ပြီး နောက်တစ်လုံးက မွှေကြော် ပုံစံမျိုး ကြော်ပြီးညှပ်ထည့်ထားပါတယ်)

၄။ ကြက်သွန်နီ
၅။ ကြက်သွန်ဖြူ
၆။ ဆား (စားပွဲတင်ဇွန်း တစ်ဇွန်း)
၇။ သကြား (စားပွဲတင်ဇွန်း တစ်ဇွန်း)
၈။ ပဲငံပြာရည် (အနည်းငယ်)
၉။ ငံပြာရည်
၁၀။ ကြက်အူချောင်း (ဒါက နောက်မှ စိတ်ကူးပေါက်လို့ ထပ်ထည့်လိုက်တာ)

ချက်နည်း

၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တွေကို ဆီသတ်

၂။ ထမင်းထည့်ပြီး လှိမ့်။

၃။ ပဲငံပြာရည် နည်းနည့်ထည့်။ သကြား၊ ဆား ထည့်။ ငံပြာရည်ထည့်။

၄။ ကင်မ်ချီထည့် (အရည်တွေပါ ထည့်ရတယ်။ ဒါမှ အရောင် ရမှာ)

၅။ ကြက်ဥ တစ်လုံး ဖောက်ထည့်။ ကြက်အူချောင်းထည့်။

၆။ အပေါ့ အငန် မြည်းပြီးရင် မီးဖိုက ချလို့ရပါပြီ။

ကျွန်မ ကြော်တာ နည်းနည်း ပေါ့သွားပါတယ်။ အငန် သိပ်မကြိုက်တဲ့လူဆိုတော့ အနေတော်ပါပဲ။

Dec 21, 2011

ထိုင်ဝမ်မှ လွမ်းမိတာလေးများ

0 comments

ထိုမ်ဝမ် ပို့စ်တွေ ပြန်ရေးဖြစ်တော့လည်း လွမ်းစရာလေးတွေ ပေါ်လာပြန်ရော။ ကောင်လေး ချောချောလေးတွေတော့ မဟုတ်ပါဘူး။ စားခဲ့မိသမျှ အစားအသောက်လေးတွေပါ။ လွမ်းလှချည်ရဲ့!!! :-'(

ပထမဆုံးအနေနဲ့ ထိုင်ဝမ်ရောက်ရင် မစားမဖြစ် စားရမယ့် အမဲသား ခေါက်ဆွဲ စားဖြစ်ပါတယ်။ ကျွန်မ Kaohsiung မှာ တစ်ည တည်းဖြစ်တုန်း အိမ်ရှင်တွေက မြို့ထဲက နာမည်ကြီးတယ် ဆိုတဲ့ အမဲသား ခေါက်ဆွဲဆိုင်မှာ လိုက်ကျွေးပါတယ်။

ပထမဆုံး side dishes တွေကို မှာပါတယ်။ အစက side dish တွေကို အလကား ရတယ် ထင်နေမိတာ - နောက်မှ ပိုက်ဆံပေးရမှန်း သိတယ်။

ဂဏန်းသားသုပ်
အမဲအစုံ (အသည်းတွေ၊ အူတွေ၊ ကလီစာတွေ အကုန်ပဲ - ခေါက်ဆွဲထဲ ထည့်စားဖို့)


ရေညိှသုပ် (ထင်တာပဲ)
အရန်ပွဲ ကောင်တာ
သိပ်မကြာခင် အမဲသားခေါက်ဆွဲပွဲတွေ ရောက်လာပါတယ်။ menu က တရုတ်လိုတွေဆိုတော့ ဘာသာပြန်ပေးတာကိုပဲ နားထောင်ပြီး ဘယ်ခေါက်ဆွဲရွေးမယ် ဆိုပြီးပဲ ရွေးဖြစ်ပါတယ်။

အမဲခေါက်ဆွဲ (ဆီချက်ပုံစံမျိုး)


ဒါက ကျွန်မစားဖြစ်တဲ့ အမဲသားခေါက်ဆွဲပြုတ်
အောက်က ပုံတွေကတော့ ထိုင်ဝမ်တစ်လျှောက် ခရီးသွားရင်း စားဖြစ်တာလေးတွေပါ။ "တစ်နယ်က အရသာ တစ်နယ်နဲ့ မတူဘူး၊ စားကြည့်၊ စားကြည့်" (ဒါမှမဟုတ်) "ဒီ dish က ဒီနယ်ရဲ့ နာမည်ကြီးပဲ.. စားကြည့်" ဆိုလို့ စားကြည့်လာခဲ့တာတွေပါ။ :P

မြေအိုးကင်းမွန် (ဒါက Kenting မှာ စားဖြစ်တာ)


ဖက်ထုတ်ပြုတ် (ဒါက Hualian မှာ တစ်ညအိပ်တုန်းက night market တစ်ခုနားမှာ စားဖြစ်တာ)


ဒါက ပန်းပွင့်ဖူးလေးတွေကို တမ်ပူရာ ကြော်ထားတာ
ဒါက Kenting မှာ တစ်ညအိပ်ဖြစ်တုန်းက တည်းခိုတဲ့ တည်းခိုခန်းက ချက်ပေးတဲ့ အမေရိကန် မနက်စာ

(အမေရိကန် မနက်စာ စားမယ်ဆိုပြီး ပြောလိုက်တော့ ဒီလို ကျွေးတာပဲ)


ဒါကလည်း Kenting က sea food restaurant က ပုဇွန်ပေါင်း


တိုဖူးဟင်းချိုတစ်မျိုး


အမဲသားခေါက်ဆွဲအကြွတ်ကြော်


ဒါက လူအများကြီး စုစားပြီး ရှင်းရတာ ပိုတန်တယ်ဆိုလို့ စားသောက်ဆိုင်မှာ စားဖြစ်ကြတုန်းက


ဆိုင်က အမြည်းပေးထားတဲ့ ငါးကြော်အချိုရည်ဆမ်းကြော်


ဒါကတော့ Sun Moon Lake သွားတုန်းက night market လေးမှာ ဝယ်စားဖြစ်တဲ့ ငါးကလေး နဲ့ ပုဇွန် ကြွတ်ကြွတ်ကျော်




Sun Moon Lake ညစျေးတန်းက ကြက်သား အစားအစာတစ်မျိုးရောင်းနေတဲ့ ဆိုင်ရှင်တွေ
pita roll (ဒါကတော့ စပိန်နဲ့ ထိုင်ဝမ် ဖက်စပ် အစားအစာပါ)




ချယ်ရီယို


ဗိုက်ဆာလို့ ကားပေါ်မှာ စားဖြစ်တဲ့ tater tots (ဒါကတော့ ထိုင်ဝမ် အစားအစာ မဟုတ်ဘူး :P)


snack shop တစ်ခုက ဝန်ထမ်းတွေ
ကျွန်မတို့ကို ကားမောင်းလိုက်ပို့တဲ့ အန်တီကြီးတွေက တော်တော် ဧည့်ဝတ်ကျေပွန်ပါတယ်။ ကားလည်း လိုက်မောင်းပို့ရသေးတယ်၊ ဓာတ်ပုံ ရိုက်ဖို့ လှမယ့်နေရာတွေမှာလည်း ရပ်ပေးတယ်။ ပြီးတော့ အစားကောင်းအသောက်ကောင်း ဆိုင်လေးတွေကိုလည်း လိုက်ပို့ပေးတယ်။ ပိုက်ဆံ မယူဘူး ပြောလွန်းလို့ ကျွန်မနဲ့ ဆန်ဒရင်းနဲ့ ခဏခဏ အတင်း ပိုက်ဆံပေးရပါတယ်။
ထိုင်ပေက ပြန်လာတော့ အနောက်ဘက် ကမ်းရိုးတန်းကနေ Pintung City ကို
ပြန်လာတုန်း၊ An Ping မြို့မှာ ဝင်လည်ခဲ့သေးတယ်။ အဲ့ဒီမှာ နာမည်ကြီး Chou's
Shrimp Roll ဆိုင်မှာ စားခဲ့ကြပါသေးတယ်။ နာမည်ကြီးဆိုင်ဆိုတော့ အကြာကြီး
တန်းစီပြီးမှ စားပွဲ ရပါတယ်။ အကြာကြီး စောင့်ရကျိုးလည်းနပ်အောင် အစားအသောက်က ကောင်းလှပါတယ်။
ဆိုင်ခွဲတွေ ၃၊ ၄ ခု ရှိတဲ့ထဲက ကျွန်မတို့ သွားစားဖြစ်တဲ့ ဆိုင်က အကောင်းဆုံးလို့ ပြောပါတယ်။


ပုဇွန်ဖက်ထုတ်ပြုတ်


ဒီ အမဲသားခေါက်ဆွဲက မတူဘူးနော်။ စားကြည့် ဆိုလို့ စားလာတာ။ ဟုတ်တယ်.. အရသာ မတူပါဘူး။

အခုဟာက အမဲကြိတ်သားနဲ့ လုပ်ထားပြီး ပုဇွန်လေးတွေ ပါပါတယ်။


ပုဇွန်လိပ်ကြော်
ပြီးတော့ An Ping မှာ လည်စရာနေရာတွေ လျှောက်လည်ဖြစ်ပါသေးတယ်။



ဂုံးတွေ ထင်တာပဲ.. အဲ့ဒါကို မီးဖုတ်ကင်ထားတာ
နာမည်ကြီးတယ်ဆိုတဲ့ ဖရဲသီး လက်ဖက်ရည် (သောက်လို့ ကောင်းသား)
ဒီအောက်က ပုံတွေကတော့ ကျွန်မ တကယ် assign ကျတဲ့ မွေးစား မိသားစု နဲ့ စားဖြစ်တာတွေပါ။ သူတို့က အလုပ် လုပ်နေတဲ့သူတွေဆိုတော့ အိမ်မှာ ဟင်းချက်မစားကြပါဘူး။ မနက်စာတောင် အပြင်ထွက်စားရပါတယ်။ :)

အိပ်ရာထ နောက်ကျလို့ မနက်စာ + နေ့လည်စာ ဆိုင် တစ်ခုမှာ စားဖြစ်တဲ့ ဘာဂါ နဲ့ နွားနို့လက်ဖက်ရည်

(နောက် ၂ နာရီလည်း ကြာရော နေ့လည်စာ ထပ်စားရပြန်တယ် :P)


ဒါကတော့ အိမ်ရှင် ဆရာမ စားတဲ့ ကြက်သား တယ်ရီယာကီပါ။


ကြက်သား တယ်ရီယာကီနဲ့ အတူပါတဲ့ side dish လေးတွေ ပြင်ထားတာ တော်တော်လှတယ်။


ဒါက ဆရာမ ရဲ့ သမီး နေ့လည်စာ အဖြစ် စားတာပါ။ ကလေး ဆိုတော့ သူ စားချင်တာ စားတာပေါ့။ :)


ဒါကတော့ ကျွန်မ စားတဲ့ ပင်လယ်စာ ခေါက်ဆွဲပြုတ်။ မနက်စာ နဲ့ သိပ်မကွာတော့ light food လေးပဲ စားဖြစ်တယ်။
အောက်က ပုံကတော့ စားဖြစ်တဲ့ အထဲမှာ မပါပါဘူး။ :P ဟာသ လို့ ပြောရမလား။ ကျွန်မ Kaohsiung မှာ တည်းတဲ့အိမ်မှာ မွတ်စလင် ဘာသာဝင် participant လည်း တည်းတယ်။ သူ့ကို သူ့ အိမ်ရှင်က ဘာတွေ ဘာတွေ မစားဘူးလဲ လို့ မေးတော့.. ဝက်သား၊ စသဖြင့် ပြောတယ်။ ပြီးတော့ ခွေးသား တဲ့။ (တရုတ်တွေက ခွေးသား စားကြတယ်လို့ သူက ကြားဖူးနေတာကိုး) အိမ်ရှင်က ပြန်ပြောတယ်။  "ငါတို့လည်း ခွေးသား မစားပါဘူး" တဲ့။ "ငါတို့က ခွေး အရမ်းချစ်တာ" တဲ့။ စိတ်မဆိုးလို့ တော်သေးတယ် :D


Kaohsiung မှာ တည်းတဲ့အိမ်က အချစ်တော် ခွေးလေး ၃ ကောင်ထဲက တစ်ကောင်

Dec 9, 2011

CKS Memorial Hall

0 comments

ထိုင်ဝမ် သွားပြီးတာ ၃၊ ၄ လ ကြာသွားပေမယ့် အလုပ်ရှုပ်နေတာနဲ့ ထိုင်ဝမ် ခရီးစဉ်အကြောင်း သိပ်မရေးဖြစ်လိုက်ပါဘူး။ အခုတော့ ကိုယ် ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပြန်ကြည့်ရင်း ရေးဖြစ်တာပါ။

ကျွန်မ အခုလို ထိုင်ဝမ်ကျွန်း အနံှ့နီးပါး ရောက်ခဲ့တာ ဆန်ဒရင်း နဲ့ သူ့ရဲ့ အိမ်ရှင် ဆရာမဟောင်း ရဲ့ ကောင်းမှုကြောင့်ပါ။ ကျွန်မ အမှန်တကယ် နေရတဲ့ အိမ်ရှင်တွေက အရမ်းအလုပ်များကြတော့ ကျွန်မကို နေရာတွေ လိုက်မပို့နိုင်ဘူးလေ။ ဒီတော့ သူတို့နဲ့ ကျွန်မကို ထည့်ပေးလိုက်တာ။ 

ဆန်ဒရင်းကလည်း ကျွန်မနဲ့အတူ Pingtung (ပင်တုန်း) မြို့မှာပဲ ဆိုတော့ အဆင်ပြေသွားတယ်။ သူတို့က Taiwan ကျွန်းတစ်လျှောက် ကားမောင်းခရီးထွက်ကြမယ်၊ လိုက်ချင်ရင် လိုက်ခဲ့လို့ ရတယ် ဆိုတော့ ကျွန်မလည်း လိုက်သွားဖြစ်တာ။

ဆန်ဒရင်းရဲ့ မွေးစားအမေ (host mother) က အင်္ဂလိပ်စာ ဆရာမဟောင်းဆိုတော့ အင်္ဂလိပ်စာ တော်တော် ကောင်းပါတယ်။ စကားပြောရတာ အဆင်ပြေတာပေါ့။ ဆန်ဒရင်းကလည်း မန်ဒရင်းဘာသာကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်။
သွားမယ့် သွားတော့လည်း ထိုင်ပေကို နှစ်ခါတောင် ရောက်ဖြစ်တာ။ ပထမ တစ်ခေါက်က ကိုယ့်ဘာသာကိုယ် ဆန်ဒရင်းတို့နဲ့အတူ သွားလည်တာ၊ နောက်တစ်ခေါက်ကတော့ program အရ နောက်ဆုံး farewell banquet ကို တက်ဖို့ သွားရတာ။

ပထမ တစ်ခေါက်က တော်တော်လေး လည်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တမင် စောစောသွားဖြစ်တာပါ။ program အရ နောက်ဆုံး ပြန်ရမယ့် ရက် (၂) ရက်အလိုမှာ ထပ်သွားရဦးမယ်ဆိုတာကို သိပေမယ့် သူတို့ စီစဉ်ထားပြီးသား အချိန်ဇယားကိုက ပြည့်နေတာနဲ့ သိပ်လည်ရမှာ မဟုတ်ဘူး ဆိုပြီး ကြိုသွားလိုက်ကြတာ မှန်သွားပါတယ်။ ဘာလို့လည်းဆိုတော့ ဒုတိယ တစ်ခေါက် ရောက်တော့ လျှောက်လည်ဖို့ အချိန် သိပ်မရလိုက်ပါဘူး။

အောက်တိုဘာ (၁၈)၊ ၂၀၁၁

ထိုင်ဝမ်နိုင်ငံ၊ ထိုင်ပေမြို့ရဲ့ နာမည်ကြီး လည်ပတ်စရာ နေရာတစ်ခုဖြစ်တဲ့ CKS Memorial Hall လို့ အတိုကောက်ခေါ်ကြတဲ့ Chiang Kai-sheck Memorial Hall ကို ရောက်ရှိခဲ့ပါတယ်။ 

အမှန်တော့ အဲ့ဒီကို သွားဖို့ အစီအစဉ် မရှိပါဘူး။ တည်းခိုတဲ့ teacher's hostel မှာ အထုတ်တွေချ၊ အခန်းမရသေးလို့ စောင့်နေရာကနေ ဟိုနား ဒီနား လမ်းလျှောက်မယ်ဆိုပြီး ထွက်လာလိုက်တာ။ Botanic Garden နဲ့ နီးတော့ အဲ့ဒီကို ရောက်သွားတယ်။ ပြီးတော့ ဘယ်သွားကြဦးမလဲ ဆိုပြီး စဉ်းစားရင်း လမ်းလျှောက်လာကြတာ... MRT Station တစ်ခုကို လှမ်းမြင်လိုက်တော့ ဆင်းသွားကြတယ်။ ပြီးတော့မှ  မြေပုံ ကိုယ်စီကြည့်ရင်း CKS Memorial Hall သွားမယ်၊ ပြီးရင် Taipei 101 ကို လမ်းလျှောက်သွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။

မြေအောက်ရထားနှစ်ဆင့်လောက်စီးပြီး CKS Memorial Hall ဘူတာမှာ ဆင်းရပါတယ်။
CKS Memorial Hall Station
CKS Memorial Hall ဟာ ထိုင်ဝမ်နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး Chiang Kai Shek ကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အောက်က ပုံတွေကတော့ CKS Memorial Hall ရှိတဲ့ Liberty Square (Freedom Square လို့လည်း ခေါ်ကြတယ်) ကို မဝင်ခင် ရိုက်ထားတဲ့ ပုံတွေပါ။




Roofed Corridor

Liberty Square ထဲမှာ Opera House နဲ့ Concert Hall လည်း ရှိပါတယ်။ ဒါပေမယ့် အဆောက်အဦး နှစ်ခုက ပုံစံတူတော့ ဘယ် အဆောက်အဦးက ဘယ်ဟာဆိုတာ သေချာ မကွဲဘူး ဖြစ်နေတယ်။ :P အချိန် သိပ်မရတာနဲ့ အထဲလည်း ဝင်မကြည့်ဖြစ် ဘူးလေ။

Liberty Square
အော်ပရာရုံလား၊ concert hall လား မသိ
ဒါက ဓာတ်ပုံဆိုင်နဲ့ နည်းနည်း ကလိကြည့်ထားတာ
ခမ်းနားလှတဲ့ CKS Memorial Hall ကြီးကို လှမ်းမြင်နေရပါပြီ။ နေကလဲ ကျဲကျဲတောက် ပူတော့ သေချာတောင် ဓာတ်ပုံ မရိုက်နိုင်ပါဘူး။




အရှေ့က ထီးလေးနဲ့ ကောင်မလေးက ကျွန်မနဲ့ ခရီးသွားဖက် ဆန်ဒရင်းပါ။
လှေကားပေါ်ကို တက်သွားရင် မြင်ရမယ့် Chiang Kai Shek ရဲ့ ရုပ်တုပါ။ ဘေးက အလံတွေက မြန်မာအလံဟောင်းနဲ့
တော်တော်လေး တူလို့ လွမ်းတောင် လွမ်းသွားမိသေးတယ်။

ရုပ်ထုကြီးလား ဆိုပြီး သေသေချာချာ သွားကြည့်မိလိုက်သေးတယ်။ :P



ဒီ အဆောက်အဦးရဲ့ အောက်ထပ်မှာ ပြခန်းတွေလည်း ရှိပါတယ်။ ကျွန်မ သွားကြည့်တဲ့ အချိန်တုန်းက အီဂျစ် ပြခန်း ပြသနေသေးတယ်။ ဒါပေမယ့် ပိုက်ဆံ ပေးရမယ်ဆိုလို့ ဝင်မကြည့်ဖြစ်လိုက်ဘူး။ မလိုအပ်ပဲ ကပ်စေးနဲလိုက်မိတာ နောင်တရမိပါတယ်။ ကိုယ်က အီဂျစ်ပြည်ကို သွားကြည့်နိုင်တာမှ မဟုတ်တာကိုး။

ထာဝရ မသေခြင်းကို စူးစမ်းရှာဖွေချင်ရင် ဘယ်ဖက်သို့ ကြွပါ။ (ပိုက်ဆံတော့ ပေးရမယ်)
ဒီမြင်ကွင်းလေးကို သဘောကျလို့ ရိုက်လိုက်မိပေမယ့် လက်တုန်သွားတော့ ဝါးသွားတယ်။ နှမြောလိုက်တာ ဓာတ်ပုံလေးရယ်။
အောက်ကပုံတွေကတော့ Chiang Kai-Shek ပြတိုက်ပါ။ ဒီဟာတော့ ဝင်ကြည့်ဖြစ် လိုက်တယ်။ ပြသထားတာ တော်တော်လေး ခမ်းနားသလို၊ အထိန်းအသိမ်းလည်း တော်တော်ကောင်းကြတယ်။ မြန်မာပြည်မှာလည်း အခုလိုမျိုး ပြတိုက်လေး ဗိုလ်ချုပ်အောင်ဆန်းအတွက် လုပ်နိုင်ရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်။ ဒါကြောင့် ပြကွက်ပုံလေးတွေကို အမှတ်တရ ဓာတ်ပုံ ရိုက်လာဖြစ်ပါတယ်။

Chiang Kai Shek က အလုပ်စားပွဲမှာ မိန့်မိန့်ကြီး ပြုံးပြနေလေရဲ့
၁၉၇၁ ခုနှစ်တုန်းက တွေ့ရတဲ့ Chiang Kai Shek နဲ့ သူ့ရဲ့ ဇနီး
ကလေးတွေနဲ့လည်း ဓာတ်ပုံ တွဲရိုက်ထားတယ်။

သူ သုံးခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေ

ဖိနပ်က အစ....
ဒါကတော့ သူ့ရဲ့ မိန့်ခွန်း လက်ရေးမူပါ

Chiang Kai Shek စီးခဲ့တဲ့ မာစီးဒီးကြီး

မာရှယ် စီမံကိန်း တင်သွင်းခဲ့တဲ့ George C Marshall ၊ အမေရိကန် သမ္မတ Herbert Hoover  တို့နှင့်အတူ

သမိုင်းစာအုပ်မှာ ဖတ်ခဲ့ဖူးတဲ့ မောင့်ဘက်တန် ရဲ့ပုံကိုလည်း အခုမှ တွေ့ဖူးပါတယ်။

အန္တာတိက တိုက်၊ တောင်ဝင်ရိုးစွန်းမှာ စိုက်ထားတာ မြန်မာအလံ မဟုတ်။ :P

မော်ဒယ်
ခဏ လျှောက်ကြည့်ပြီးတော့ ထိုင်ပေ ၁၀၁ ကို မသွားခင် ဒေါက်တာ ဆွန်ယက်စင် အထိမ်းအမှတ် အဆောက်အဦးကိုလည်း သွားဦးမယ် ဆိုပြီး Liberty Square က ထွက်လာခဲ့ကြပါတယ်။

နှုတ်ဆက်ခဲ့ပါသည် CKS Memorial Hall

အပြန် MRT Station သို့ မဝင်ခင်
ရင်ပြင်ထဲက ရေပန်းတြွေကားမှာ ပြေးလွှား ပျော်နေတဲ့ ကလေးလေးရဲ့ ပုံလေး တင်ရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။ :D

မှတ်ချက် - ငယ်ငယ်တုန်းက သင်ခဲ့ရဖူးပေမယ့် Chiang Kai-Shek ကို မြန်မာလို မပေါင်းတတ်တော့လို့ အင်္ဂလိပ်လိုပဲ ရေးသွားတာ ဖြစ်ပါတယ်။