Apr 29, 2010

ပြီးခဲ့တဲ့ တနင်္လာ

3 comments

ပြီးခဲ့တဲ့ တနင်္လာနေ့က ဆာကူရာ တာဝါ အပေါ်ဆုံးထပ်က Sky Bistro မှာ နေ့လည်စာ သွားစားဖြစ်တယ်။ ဒီလိုနေရာမှာ နေ့လည်စာ သွားစားတယ်ဆိုလို့ ကြီးကျယ်လိုက်တာ လို့ ထင်သွားလား။ မထင်ပါနဲ့။ ဒီလိုပဲ ရောက်ဖူးတယ် ရှိအောင် သွားစားတာပါ။ ပြီးတော့ view ကောင်းတယ်ဆိုလို့ ဓာတ်ပုံရိုက်ချင်တာလည်း ပါတာပေါ့။
 
ရန်ကုန်မြစ်လည်း လှမ်းမြင်ရတယ်
 
အောင်ဆန်းကွင်းကြီးလည်း လှမ်းမြင်ရတယ်

ရွှေတိဂုံဘုရားလည်း လှမ်းမြင်နိုင်တယ်


FMI Centre နဲ့ စကော့စျေးလည်း မြင်ရတယ်။

ရုံးက လူတွေနဲ့ သွားစားတာ... သူတို့တွေက ကြေးအိုး သောက်တယ်။ ဆာကူရာ အထိတောင်လာပြီး မှ ကြေးအိုး မသောက်ချင်တာနဲ့ နေ့လည်စာကို စပါဂတီ စားပါတယ်။ အမှန်အတိုင်းဆိုရရင် စပါဂတီကို မစားဖြစ်တာ ကြာပြီ။  ဆိုင်တွေမှာတော့ တွေ့မိပါရဲ့.. ကောင်း၊ မကောင်း မသေချာတာနဲ့ မစားမိတာ။ ဒီတစ်ခါတော့ စားဖြစ်သွားတယ်။ စပါဂတီကို စားရင်းနဲ့ ငယ်ငယ်တုန်းက အလယ်တန်းကျောင်းမှာ ကျွေးတဲ့ စပါဂတီကို သွားသတိရလိုက်သေးတယ်။ သူ့ဟာမှာတော့ အသားလုံးတွေပါတယ်.. အခုစားတာမှာတော့ မပါဘူး။

စပါဂတီကို စားရင်လည်း အမဲသားနဲ့ပဲ စားချင်တယ်။
(Spaghetti Bolognese)

ပြီးတော့ ချောကလက် milkshake သောက်တယ်။ နောက်ဆုံးရလဒ်ကတော့ အီထွက်သွားတာပါပဲ။

အေးအေးဆေးဆေးတော့ ရှိတယ်။ သီချင်းလည်း သိပ်အကျယ်ကြီး မဖွင့်တာ သဘောကျတယ်။ စားသောက်ဆိုင်တွေမှာ သီချင်းအကျယ်ကြီးဖွင့်ထားတာတွေဆို သိပ်မကြိုက်ဘူး။  နေရာကလည်း ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ ဗျူးကောင်းတာလေးကိုလည်း သဘောကျတယ်။

စျေးတွေကတော့ အနည်းငယ်ကြီးပါတယ်။ ကြေးအိုး တစ်ပွဲကို ၅၅၀၀ ကျပ်၊ ကျွန်မစားတဲ့ စပါဂတီက ၆၅၀၀ ကျပ်။ milkshake က ၁၅၀၀ .. ဒါကတော့ မဆိုးလှဘူး.. အပြင်ဆိုင်တွေကအတိုင်း နီးပါးပဲ။ နားမလည်တာက ဘာလို့ သစ်သီးဖျော်ရည်တွေက စျေးပိုကြီးနေရသလဲ ဆိုတာပဲ။ မှာလည်း မသောက်ဖြစ်ကြတော့ ဘာထူးမှန်းလည်း ပြောလို့မရဘူး ဖြစ်သွားတယ်။

ဒါပေမယ့် ဗျူးကောင်းတာနဲ့တင် တန်သလိုလို ဖြစ်သွားတယ်။ အနာဂတ်မှာ ရည်းစားရှိလာခဲ့ရင် ရည်းစားနဲ့ အေးအေးဆေးဆေး သွားစားလို့ကောင်းတဲ့ နေရာလို့ မှတ်သားလာပါတယ်။ :P