Aug 29, 2007

ရှမ်းပြည်သို့အလည်တစ်ခေါက် အပိုင်း ၂

1 comments

နောက်ထပ် ဒီပို့စ်ကိုတော့ အကျဉ်းချုပ်ပဲ ရေးပါတော့မယ်။
ဧပြီလ ၁၄ရက်
ကျွန်မတို့ ကတ်ကူကနေ တောင်ကြီးကို ပြန်လာပါတယ်။ မိုတယ်ကနေ ချက်အောက် လုပ်ပြီးတော့ စူဠမဏိ ဘုရား သွားဖူးပါတယ်။ ပြီးတော့မှ တောင်ကြီးမြို့က ထွက်ခွာခဲ့ ပါတယ်။ ကျွန်မတို့ နောက်သွားမယ့် နေရာ ကတော့ အင်းလေး ကန်ဘေးမှာ ရှိတဲ့ ညောင်ရွှေ မြို့လေးပဲ ဖြစ်ပါတယ်။

ဒါကတော့ ညောင်ရြွှေမို့က အင်းလေး မရောက်ခင်မှာ တွေ့ရတဲ့ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။ ဒီ ဘုန်းကြီး ကျောင်းလည်း နာမည်ကြီး တိုးရစ် ဆိုတ် ပဲ။ ရှေးခေတ် ပုံစံ ဘုန်းကြီး ကျောင်း မို့လို့ ထင်ပါတယ်။ ကျွန်မက အရင်က ခရီးသွား လုပ်ငန်း နဲ့ ပတ်သက်တဲ့ ကုမ္ပဏီမှာ လုပ်ခဲ့ဖူးတော့ ဒီ ဘုန်းကြီး ကျောင်းပုံ ခဏ ခဏ မြင်ဖူး ပါတယ်။ အဲ့ဒီ ဘုန်းကြီးကျောင်းရဲ့ ပြတင်းပေါက်မှာ စာဖတ် နေတဲ့ ကိုရင် ပုံတို့ ဘာတို့ မြင်ဖူး ပါတယ်။ ကျွန်မလည်း အဲ့ဒီလို ပုံလေး ရိုက်ချင်တာ.. ဒါပေမယ့် အဖေက ကင်မရာ ယူသွားပြီး သူပဲ ရိုက်နေတယ်။ (အခု ပုံတွေက သူ ရိုက်ထားတဲ့ ပုံတွေပါ။) ဘုန်းကြီးကျောင်း နာမည်က ရွှေရန်ပြေ လား မသိဘူး... မေ့နေပါပြီ။

နောက်ဆုံးမှာတော့ ကျွန်မ အရောက်ချင်ဆုံး အင်းလေးကို ရောက်လာခဲ့ရ ပါပြီ။ အင်းလေးကန်ဟာ အရှေ့နဲ့ အနောက်မှာ တောင်တန်းကြီးတွေ ကာရံထားပါတယ်။ မြန်မာပြည်မှာ ဒုတိယ အကြီးဆုံး ကန် ဖြစ်ပြီး ဒီ အနီးအနား တစ်ဝိုက် ဒေသတွေမှာ ရွာတဲ့ မိုးဟာ ဒီကန်က ရေငွေ့တွေ ကြောင့် လို့ ပြောပါတယ်။ ပင်လယ် ရေ မျက်နှာပြင်ထက် ၉၀၀ မီတာ မြင့်ပါတယ်။ အင်းသားတွေဟာ ဒီကန်ထဲမှာပဲ ကျွန်းမျှော တွေပေါ်မှာ ခြေတံရှည် အိမ်တွေ ဆောက်ပြီး နေကြတာပါ။ ရွာ (၁၇) ရွာ ရှိပြီး လူဦးရေ တစ်သိန်းခွဲ ခန့် ရှိပါတယ်။ အင်းသားတွေဟာ အမှန်တော့ ဗမာ လူမျိုးတွေ ဖြစ်ပါတယ်။ တဆင့်စကား တဆင့် ကြားရတာကတော့ သူတို့ဟာ ပုဂံခေတ် တုန်းက ပုဂံပြည်ကနေ နယ်နှင် ဒဏ် ပေးခံရတဲ့ လူတွေ ဖြစ်တယ် လို့ ဆိုပါတယ်။ ပုဂံ ဘုရင်က မြန်မာ့ မြေပေါ်မှာ မနေရဘူးလို့ အမိန့် ချလိုက်လို့ ကန်ထဲမှာ နေကြတယ် လို့ ဆိုပါတယ်။ နောက် ဇာတ်လမ်း တစ်ပုဒ်ကတော့ တိုင်းခန်း လှည့်လည်တဲ့ ပုဂံဘုရင်နဲ့ အတူပါလာတဲ့ ပုဂံသား အချို့ဟာ ပုဂံ ကို ပြန် မလိုက်သွားပဲ ဒီမှာပဲ အခြေ ချ နေခဲ့ကြတယ်လို့ ဆိုပါတယ်။ အင်းလေးသားတွေရဲ့ တမူထူးတဲ့ အချက် တစ်ချက်ကတော့ ခြေထောက် တစ်ချောင်းထဲ နဲ့ လှေ လှော်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မ သွားတုန်းကတော့ ခြေထောက်နဲ့ လှေ လှော်နေသူတွေ သိပ်မတွေ့ခဲ့ပါဘူး။ စက်လှေ တွေ ပဲ တွေ့ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း အင်းလေးမှာ စက်လှေပဲ စီးခဲ့ရပါတယ်။ ကျွန်မတို့ မိသားစုဟာ အင်းလေးမှာ နာမည်ကြီးတဲ့ နေရာတွေ လျှောက်လည်ဖို့ စက်လှေ စင်းလုံး ငှားခဲ့ပါတယ်။ ကျွန်မ တို့ မသွားခဲ့တာ အင်းတိန် ပဲ ရှိပါတယ်။ အင်းတိန်က ကုန်းတွင်းပိုင်း နည်းနည်း ရောက်တော့ စက်လှေ စီးပြီး ကားပြန်စီးရတယ် လို့ ပြောပါတယ်။ ကားပြန်စီးရတာ အဆင်မပြေလို့ မသွားဖြစ်ခဲ့ပါဘူး။

အင်းလေးမှာ ကြိုက်သလောက် ဓာတ်ပုံ မရိုက်ခဲ့တာ နောင်တ ရမိ ပါတယ်။ သင်္ကြန်တွင်းမှာ အင်းလေး သားတွေက လှေတွေ ဘေးနားက ဖြတ်သွားရင် ရေပက် ကြလို့ ကင်မရာကို အိ်တ်ထဲမှာ ထည့်ထားတဲ့ အချိန် များသွားတယ်။


(ညာ) အင်းလေးမှာ ငါးထမင်းသုပ် ကောင်းတယ် ဆိုလို့ မှာစားကြည့်တာ။ မကောင်းပါဘူး။

(ဘယ်) ဖောင်တော်ဦးဘုရား (ညာ) လှေပေါ်မှာ တိုးရစ်များ

(ဘယ်) အင်းလေးထွက် ပစ္စည်းများ (ညာ) အင်းလေးသား ခြေထောက်နဲ့ လှေလှော်နေပုံ

(ဘယ် + ညာ) အင်းလေးမှ အိမ်များ

အင်းလေးမှ စိုက်ခင်းများ

(ဘယ်) ငါးဖယ်ကျောင်း (ကြောင်ခုန်ကျောင်း လို့လဲ ခေါ်ကြတယ်) (ညာ) ဒီ ဒိုက်တွေ အားလုံး တစ်နေရာမှာ သွားစုပြီး ကျွန်းမျှော တွေ ဖြစ်လာပါတယ်။

(ဘယ်) ဒါကတော့ ကျွန်မ (ညာ) အင်းလေးမှ တံငါသည်

အင်းလေးကန် သွားပြီးတော့ အောင်ပန်းမှာ ညပြန်အိပ်ပါတယ်။ ကျွန်မ က အင်းလေးက ရေပေါ် ဟိုတယ်တွေမှာ အိပ်ချင်တာ... ဒါပေမယ့် စျေးကြီးလို့ အောင်ပန်းမှာ ပြန်အိပ်ပါတယ်။
ဧပြီလ ၁၅ ရက်
နောက်တစ်နေ့မှာတော့ ကျွန်မတို့ ပင်းဒယကို ခရီး ဆက်ခဲ့ပါတယ်။

ပင်းဒယဟာ ရှမ်းတိုင်းရင်းသားတွေ အခေါ် မြေပြန့်မှာ ရှိပါတယ်။ ပင်းဒယ ဆိုတာ အမှန်တော့ ရှမ်းနာမည်ပါ... မြေပြန့်လို့ အဓိပ္ပာယ် ရပါတယ်။ ရှမ်းပြည်နယ်ထဲကို ရောက်ဖို့ ကျွန်မတို့ ကျော်ဖြတ်ခဲ့ရတဲ့ တောင်တန်းကြီးတွေဟာ အရှေ့ဘက်ကို နိမ့်ကျသွားပြီး မြေပြန့်တွေ ဖြစ်သွားပါတယ်။ မြေပြန့် ဆိုပေမယ့် လုံးဝ ပြန့်ပြန့် ပြူးပြူး ကြီး မဟုတ်ပါဘူး။ တောင်ပူစာ လေးတွေတော့ ရှိနေပါတယ်။ ဇော်ဂျီမြစ်ဟာ ဒီဒေသမှာ စိမ့်စမ်းရေ အဖြစ် စတင် စီးဆင်းခဲ့ပြီး မြစ်ငယ်မြစ်ထဲကို စီးဝင်ပါတယ်။ (မြစ်ငယ်မြစ်မှာ နာမည် (၃) ခု ရှိပါတယ်။ မြစ်ငယ်ဆိုတာကတော့ ရှမ်းတောင်တန်းတွေကနေ မန္တလေးဖက်ကို စီးဆင်းလာတဲ့ အခါမှာ ဒီနာမည် တွင်ပါတယ်။ ဒုဌဝတီ မြစ်လို့လည်း ခေါ်ပါတယ်။ နမ္မတူ မြစ် ဆိုပြီး စတင် မြစ်ဖျားခံတဲ့ နေရာကို အမှီပြု ပြီးတော့လည်း ခေါ်ပါတယ်။) ကားလမ်းဟာ ဒီ `မြေပြန့်´ မှာ အပေါ်က ဖြတ်သွားလိုက်၊ တောင်ပူစာ ကို ကွေ့ပတ်သွားလိုက်၊ ပြီးတော့ အောက် ဆင်းလိုက် နဲ့ ဖောက်လုပ် ထားပါတယ်။ တောင်ပူစာလေးတွေမှာ စိုက်ပျိုး မြေ တွေကို သေသေ သပ်သပ် အကန့်လေးတွေ ခွဲပြီး လုပ်ထားတာ တွေ့ရပါတယ်။ အဝေးက ကြည့်ရင်တော့ မြေနီ ဖြစ်လိုက်၊ မြေဝါဖြစ်လိုက်နဲ့ ကျားကွက်ဘုတ်လို ရှိပါတယ်။ သစ်ပင်လေးတွေကလည်း အဝေးက ကြည့်ရင် ဘွန်ဆိုင်း ပင်လေးတွေလို အုပ်အုပ် ဆိုင်းဆိုင်းလေး ချစ်စရာ ကောင်းပါတယ်။ ကျွန်မလည်း ကားပေါ်ကနေ မရ ရ အောင် ဓာတ်ပုံ ရိုက်လိုက်သေးတယ်။ ပင်းဒယကို ရောက်ဖို့ အောင်ပန်းကနေ မြောက်ဘက် တည့်တည့်ကို မောင်းရ ပါတယ်။ အောင်ပန်းမှာ အာလူး အထွက်ပေါတယ် လို့ ကြားဖူးတော့ ဒီစိုက်ခင်းတွေက အာလူး စိုက်ခင်းတွေလားလို့ စဉ်းစားမိ ပါတယ်။

ရှမ်းပြည်နယ်မှာ မြင်းတွေ အများကြီး မွေးတယ်လို့ အရင်တုန်းက ကြားဖူးတော့... မြင်းတွေ အများကြီး ရှိမှာပဲလို့ ထင်ခဲ့မိတယ်။ Lord of the Ring ထဲကလို တောင်ကြိုတောင်ကြားတွေမှာ Shadowfax တို့ Brego တို့ လို လှပတဲ့ မြင်းအုပ်ကြီးတွေ အများကြီး တွေ့ရမှာပဲ လို့ အူကြောင်ကြောင် တွေးခဲ့ဖူးပါတယ်။


ပင်းဒယမှာ တွေ့ခဲ့ရသော မြင်း

ပင်းဒယ ဟာ ဘုရား ဆင်းတုတော် ပေါင်း ၈၀၀၀ ခန့် သီတင်း သုံးလျက် ရှိတဲ့ ထုံးကျောက် လှိုဏ်ဂူကြောင့် နာမည်ကြီးတာ ဖြစ်ပါတယ်။ ပင်းဒယ လိှုဏ်ဂူဟာလည်း ရာဇဝင်နဲ့ပါပဲ... ဒါပေမယ့် အတိတ်ဘဝတွေ၊ အရင် ဘဝက အငြိုးတွေ နဲ့ ရှည်လျား ထြွေပားလွန်းလို့ မပြောပြတော့ပါဘူး။ အတိုချုံးပဲ ပြောပါတော့မယ်။ ဟိုး ရှေ့ရှေ့တုန်းက ဒီ လှိုဏ်ဂူကြီးထဲမှာ ပင့်ကူ အကြီး ကြီး တစ်ကောင် နေခဲ့ ဖူးပါတယ်။ ဒီ ပင့်ကူကြီးဟာ အဲ့ဒီ လိှုဏ်ဂူ နားက ရေကန်မှာ ရေလာ ကစားလေ့ရှိတဲ့ နတ်သမီး ရဖော်ကို ဖမ်းထား လိုက်ပါရော။ နောက်တော့ မင်းသား တစ်ပါးက လာပြီး ပင့်ကူကြီးကို မြှား နဲ့ ပစ်သတ်ပြီး နတ်သမီးတွေကို ကယ်တင်လိုက် ပါတယ်။ မင်းသားလေးက ဒီလို ကယ်တင်လိုက်တာကို ကျေးဇူးဆပ်တဲ့ အနေနဲ့ နတ်သမီး အစ်မကြီးတွေက အငယ်ဆုံးနဲ့ အချောဆုံး နတ်သမီးလေး ကို မင်းသားလေးနဲ့ ထည့်ပေးလိုက်ပါတယ်။ အဲ့ဒီ အချိန်မှာ မင်းသားမှာ မယား ရှိပြီးသားပါ။ အဲ့ဒီ မယားက ကိုယ်ဝန်ရှိလာတဲ့ အခါမှာ ကိုယ်တော်က ငြီးငွေ့လာလို့ ခရီးထွက်ဦးမယ်... ပြန်လာခဲ့ မယ်ဆိုပြီး မလိမ့်တပတ်နဲ့ ထွက်လာ တာ ဖြစ်ပါတယ်။

ပင်းဒယ လိှုဏ်ဂူ တောင်ခြေကို ရောက်တဲ့အခါ အဝင်ပေါက်မှာ ပင့်ကူ ကြီးကို မြှားနဲ့ ခွင်းနေတဲ့ မင်းသား ရုပ်ထုကို တွေ့ရ ပါတယ်။ ရုပ်ထုနားမှာ ဓာတ်ပုံတွေ ရိုက်နေကြတာ တွေ့ရပါတယ်။ ပင်းဒယ လိှုဏ်ဂူဟာ တောင် ကမ်းပါးယံထဲမှာ ရှိတာ ဖြစ်ပါတယ်။ လိှုဏ်ဂူ ကို ရောက်ဖို့ တောင်ပေါ် တက်ရပါတယ်။ ဒါပေမယ့် ဓာတ်လှေကားလည်း ရှိပါတယ်။ အဖေနဲ့ မောင်လေးက လှေကားက နေ တက်သွားတဲ့ အချိန်မှာ ကျွန်မတို့ကတော့ ဓာတ်လှေကားနဲ့ပဲ တက်ခဲ့ပါတယ်။ လှိုဏ်ဂူ အဝမှာ ရွှေဥမင် ဘုရား ရှိပါတယ်။ လိှုဏ်ဂူ က အထဲမှာ တော်တော် ကျယ်ပါတယ်။ ဘုရားဆင်းတုတော်တွေ အများကြီး ရှိပြီး လှိုဏ်ဂူ ကြမ်းပြင်ကို အလှူရှင်တွေက ကြြွေပား ခင်းပေးထား ပါတယ်။ ဒါကြောင့် ခြေထောက်တွေ စိုစို စွတ်စွတ်ကြီး မဖြစ်တော့ပါဘူး။


(ဘယ်) က မင်းသားက (ညာ) က ပင့်ကူကို လေးနဲ့ ခွင်းနေဟန်

(ဘယ်) ဓာတ်လှေကားပေါ်က မြင်ရသော ရှုခင်း (ညာ) ပင်းဒယဂူအတွင်းမှ ရုပ်ပွားတော်များ

(ဘယ်) ပုန်းတလုတ်ကန်ကို ဓာတ်ပုံ လှမ်းရိုက်နေစဉ် ငှက်ဖြတ်ပျံသွားခြင်း
(ညာ) ကျွန်မ အိုက်တင်ပေးနေဟန် (ချောတယ်နော် :P)

(ဘယ်) ဗိုလ်ချုပ် မောင်ဘို၏ ကောင်းမှုတော်ပြ ကမ္ဗည်းတိုင်
(ညာ) ကျွန်မ မောင်လေး ရိုက်ထားသောပုံ

ပင်းဒယလိှုဏ်ဂူ အတွင်းမှ ရုပ်ပွားတော်များ

ပင်းဒယ ကို သွားတဲ့ လမ်းစာ တော်တော် ကြမ်းပါတယ်။ ပင်းဒယက ပြန်ထွက် လာတော့ တစ်ဖက် က လာတဲ့ ကားကို ရှောင်ရင်း ကားက ချိုင့်ထဲ ကျသွား ပါတယ်။ ကားအောက်က ပစ္စည်း တစ်ခု ကျိုးသွားပါတယ်။ ဒါနဲ့ ကလောကို ဖြေးဖြေး ပုံမှန် မောင်းရင်း ရောက်လာပါတယ်။ ကလောမှာ ၀ပ်ရှော့ဆိုင်တစ်ခုကို ၀င်ပြင်ပါတယ်။ ဖြစ်ပုံက ကားအောက်က ဖရိမ် တစ်ခု ကျိုးသွားတဲ့ အတွက် အသစ် အစားထိုးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ဆိုင်မှာ ဒီ ဖရိမ် မရှိဘူး... အောင်ပန်းမှာ သွားရှာရမယ် လို့ ကားပြင်သမားက ပြောပါတယ်။ သင်္ကြန်တွင်း ကြီး ဖြစ်နေတဲ့ အတွက် တခြား ကားဝပ်ရှော့တွေကလည်း ပိတ်ထား ပါတယ်။ ဒါကြောင့် ကလောမှာ အစီအစဉ် မရှိပဲ တစ်ည အိပ်ခဲ့ရ ပါတယ်။

ကားပြင်သူက အောင်ပန်းကို ဆိုက်ကယ်နဲ့ သွားနေတဲ့ အချိန်မှာ ကျွန်မ တို့တွေ သူပြန်လာတာကို စောင့်နေရ ပါတယ်။ အနီးအနားမှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တော့ ရှိပါတယ်။ ဒါပေမယ့် သူတို့က ဆိုင်ပိတ်ပြီး စားပွဲတွေ၊ ခုံတွေကို ရေတွေနဲ့ ဆေးပြီး သန့်ရှင်းရေး လုပ်နေကြ ပါတယ်။ ဒါပေမယ့် ကျွန်မ တို့ကို လာထိုင်ဖို့ ခေါ်ပြီး ရေနွေးကြမ်းတောင် တိုက်လိုက် ပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ ထိုင်နေရတာ ကြာတော့ သူတို့ကို အားနာလာ ပါတယ်။ ဒါကြောင့် အနီးအနားမှာ ဘယ်တည်းခိုခန်း ကောင်းသလဲလို့ မေးကြည့်တော့ တည်းရမယ့် နေရာ ပြောပြတဲ့အပြင် ဆိုက်ကယ်နဲ့ပါ မောင်းပို့ပြီး အခန်းတွေထိ လိုက်ပို့ပါတယ်။ ဒါကြောင့် ကျွန်မလည်း သူတို့တွေ သဘောကောင်းလွန်းလို့ အံ့သြ သွားပါတယ်။

ဟိုတယ် ရောက်ပြီး မကြာမီမှာပဲ မိုး ရွာပါတယ်။ ၀န်ရံတာ ကို ထွက်ရတာတောင် အေးစိမ့်နေပါတယ်။ ဒါကြောင့် အခန်းထဲမှာပဲ စောင်ခြုံပြီး ကွေးနေပါတယ်။ ဇိမ်အရမ်း ရှိပါတယ်။ သိပ် မကြာခင်မှာပဲ မိုးတိတ်သွားပါတယ်။ ကားပြင်သူလည်း ပြန်ရောက်လာပါတယ်။ သူ ပြင်ပြီးတော့ ကား ပြန်ကောင်းသွား ပါတယ်။

ကျွန်မတို့တွေ နေ့လည်စာ၊ ညနေစာ နဲ့ မနက်စာကို မြပဒုမ္မာ မှာပဲ စားဖြစ်ပါတယ်။ စားသောက်ဆိုင် ပိုင်ရှင်တွေက သဘော အရမ်းကောင်းပါတယ်။ ဟင်းတွေက လည်း အရသာ ရှိပြီး စျေးချို ပါတယ်။ ကျွန်မတို့ ပြန်တော့ လက်ဖက်ခြောက်နဲ့ ပဲပုတ်တွေ လက်ဆောင်ပေး လိုက်ပါတယ်။

ညရောက်တော့ ကလော သင်္ကြန်မဏ္ဍပ်ကို သွားကြည့်ပါတယ်။ သိပ်အကြာကြီးတော့ မနေဖြစ်ပါဘူး။ ကျွန်မ အိပ်ငိုက်နေပြီ။ ဒါကြောင့် ဟိုတယ်ပြန်ပြီး အိပ်ပါတယ်။ မဏ္ဍပ်က ဟိုတယ်နဲ့ သိပ်မဝေးတော့ အသံတွေ ကြားနေရပါတယ်။ ကျွန်မလည်း တယောဦးတင်ရီ နဲ့ သူ့ဂီတ အဖွဲ့ Beethoven တို့ Mozart တို့ရဲ့ classical သီချင်းတွေ တီးနေတာ နားထောင်ရင်း အိပ်ပျော်သွား ပါတယ်။ ကလောမြို့လေးနဲ့ ဒီ သီချင်းလေးတွေ အရမ်း လိုက်ဖက်သလို ခံစားရပါတယ်။ ကလောမြို့က အရင် အင်္ဂလိပ်ခေတ်တို့က သူတို့ အပန်းဖြေစရာ စခန်းလေး ဆိုတော့ အဲ့ဒီတုန်း ကလည်း ဒီလို သီချင်းလေး တွေနဲ့ ကပွဲတွေများ လုပ်ခဲ့သလား လို့ စဉ်းစားမ ိပါတယ်။ ဦးတင်ရီနဲ့ အဖွဲ့လည်း မြပဒုမ္မာ မှာ ထမင်းလာစားပါတယ်။ ဒါပေမယ့် ကျွန်မက သူ့ကို မမှတ်မိဘူး။ ဒီ ဦးလေးကြီးကို မြင်ဖူး သလိုလိုပဲ လို့တော့ စိတ်ထဲမှာ ထင်မိသား။
ဧပြီလ ၁၆ ရက်
နောက်တစ်နေ့ မနက်မှာ မြပဒုမ္မာ မှာ မနက်စာ သွားစားပါတယ်။ ပြီးတော့ ကားပြင်ဆရာ ဆီသွားပြီး ကျေးဇူး တင်ကြောင်း သွားပြော ပါတယ်။ လက်ဖက်ရည် ဆိုင်က ပိတ်ထားလို့ ကျေးဇူး တင်ကြောင်း သွား မပြော လိုက်ရဘူး။ ကျွန်မတော့ ကလောမှ ညအိပ်ဖို့ မရည်ရွယ်ပဲနဲ့ အိပ်ဖြစ်သွားတာပါ။ ကျွန်မက ကလောကို သွားချင်နေတာ ကြာပါပြီ... ဒါကြောင့် အဲ့ဒီမှာ တစ်ညလောက် အိပ်ဖူးသွားတာ ပျော်ပါတယ်။ ကျွန်မ အသက်ကြီး လာရင် ကလောမှာ သွားနေမယ်လို့တောင် စဉ်းစား ထားပါတယ်။ ကလောမြို့ကို ခရီးသွား နိုင်ငံခြားသားတွေ အလာ များပါတယ်။ ကလောမြို့မှာ ခြေကျင် လည်ပတ်ရင်း ပအို့ဝ်၊ ပလောင်၊ ဓနု အစရှိတဲ့ တောင်ပေါ်နေ တိုင်းရင်းသား တွေရဲ့ နေ့စဉ် နေထိုင်မှု (lifestyle) ကို လေ့လာနိုင် ပါတယ်။ ဒါပေမယ့် သူတို့ကို တစ်စု တစ်စည်းတည်း မြင်ရတာ စျေးနေ့တွေမှာပဲ တွေ့ရပါတယ်။ ကျွန်မတို့ သွားတဲ့ အချိန်က သင်္ကြန်တွင်း ဆိုတော့ စျေးနေ့ မရှိပါဘူး။

ကျွန်မတို့ ကလောမှာ နာမည်ကြီးတဲ့ ဘုရားတွေ သွားဖူးခဲ့ပါတယ်။ ရွှေဥမင် ဘုရား နဲ့ နှီးဘုရား ကိုပဲ သွားဖြစ်ပါတယ်။ ရွှေဥမင်က ဥမင်လိှုဏ်ဂူက ပင်းဒယလှိုဏ်ဂူလောက်တော့ မကြီးပါဘူး။ ရွှေဥမင် ဘုရားမှာ နောက်ထပ် အပေါ် လိှုဏ်ဂူ ဆိုတာ ရှိပေမယ့် ပိတ်ထားလို့ အောက်လှိုဏ်ဂူ ဆိုတာကိုပဲ သွားခဲ့ရ ပါတယ်။ နှီးဘုရားကတော့ ရွှေချထားလို့ အမှန်တကယ် နှီးဘုရား မဟုတ်တော့ပါဘူး။


ရွှေဥမင်ဘုရား

(ဘယ်) ရွှေဥမင်က နဂါးရုံဘုရား (ညာ) အဖေ ရွှေဆိုင်းကပ်နေဟန်

ရှမ်းပြည်နယ်မှာ ကျွန်မ တွေ့ခဲ့ရတဲ့ ခွေးတွေ တော်တော် လှပါတယ်။ ခွေးတွေ အားလုံးဟာ အမွေး ရှည်ရှည် ပွပွ နဲ့ ချစ်စရာ ကောင်းပါတယ်။ မြပဒုမ္မာ မှာလည်း ချစ်စရာ ကောင်းတဲ့ ခွေးကြီး တစ်ကောင် ရှိပါတယ်။ ရှမ်းပြည်က မြေပြန့် ဒေသထက် ပိုအေးတော့ ခွေးတွေ လည်း အမွေးတွေ ပိုရှည်တာ ဖြစ်နိုင် ပါတယ်။ ကျွန်မသာ ရန်ကုန်ကို ခွေး ခေါ်လာရင် အပူဒဏ် မခံနိုင်ဘဲ သေသွား လိမ့်မယ် ထင်ပါတယ်။

ချစ်စရာကောင်းသော ခွေးလေး
နောက်ဆုံးမှာတော့ ကလော နဲ့ ရှမ်းပြည်နယ်မှ ထွက်ခွာ ရတော့မှာ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေက အပြန်လမ်းက ကလော ဓာတ်ဆီဆိုင်မှာ ဆင်းရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။


သာယာလှပသော ကလောမြို့လေး

ဘေးပတ်ဝန်းကျင် တစ်မိုင်ခန့်က လှမ်းမြင်နေရသော မှိုင်းလုံး (မိုင်းလုံး ?) တောင်

ကလော ကနေ မနက်ပိုင်း ပြန်ထွက် လာပြီး ညနေပိုင်းလောက် ပျဉ်းမနား ပြန်ရောက်ပါတယ်။ သင်္ကြန် နောက်ဆုံးနေ့ ဆိုတော့ ပျဉ်းမနား က ရေပက် မဏ္ဍပ်တွေမှာ ကြားလိုက်ရင် ကချင်စရာ techno သီချင်းတွေ နဲ့ ကောင်လေး၊ ကောင်မလေး၊ ဦးဦး ဒေါ်ဒေါ် ကိုကို မမတို့ အသားကုန် ကဲနေကြပါတယ်။ ကျွန်မ ကတော့ ရုံးထဲ မှာပဲ နေပြီး ဓာတ်ပုံ လှမ်း ရိုက်ဖြစ် ပါတယ်။


ကဲနေပြီ... ကဲ ကဲ ကဲ... ကဲနေပြီ


(ဘယ်) ဝေး.... !!! (ညာ) သုံးဘီးနဲ့လည်း ရေပက်ခံထွက်မယ်


ပျဉ်းမနားသူတွေလည်း ဟော့ရှော့ ပါနော်။

ပျဉ်းမနားမှာ တစ်ည အိပ်ပြီးတော့ ကျွန်မတို့ ရန်ကုန်ကို ပြန်ပါတယ်။ လမ်းတစ်လျှောက် အမှတ်ရစရာ လေးကတော့ ဖြူးမှာ နေ့လည်စာ စား တော့ အဓိက ဆိုတဲ့ ဆိုင်မှာ စား ဖြစ်ပါတယ်။ အဲ့ဒီက ဟင်းတွေ တော်တော် ကောင်းပါတယ်။ တွမ်ယမ် ဟင်းချို အရမ်းကောင်းလို့ မမေ့နိုင်ပါ။ (နောက် ပျဉ်းမနားကို ပြန်သွားရတော့ ရထားပေါ် ကနေ ဆိုင်ကို လှမ်းကြည့်ရင်း တွမ်ယမ် ဟင်းချို သောက်ချင်လာ ပါတယ်။) ကျွန်မတို့ ရန်ကုန်ကို ညနေ ၅ နာရီ လောက်ပြန်ရောက်ပါတယ်။

ကျွန်မရဲ့ ရှမ်းပြည်သွား ခရီးသွားမှတ်တမ်း ဤတွင် ပြီးပါပြီ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေရှင်။ ဒန်တန်တန်

ရှမ်းပြည်သို့အလည်တစ်ခေါက်

0 comments

ဒီပို့စ်က ကျွန်မရဲ့ Xanga မှာ အင်္ဂလိပ်လို ရေးထားတဲ့ပို့စ်ပါ။ ဒီမှာ ပြန်ပြီး မျှဝေပါတယ်။

-+-+-+-
ဧပြီလ ၁၂ရက်
ကျွန်မ စတင် ခရီးထွက်ခဲ့တဲ့နေ့ဟာ ဧပြီလ ၁၂ရက်၊ ၂၀၀ရ ခုနှစ် ဖြစ်ပါတယ်။ အဲ့ဒီနေ့က မနက် ၆ နာရီ ခွဲလောက် ရန်ကုန်က ထွက်လာခဲ့ပါတယ်။ ခရီးသွားသူ (၇) ယောက် ဖြစ်ပါတယ်။ ကျွန်မ တို့ မိသားစုက (၆) ယောက်၊ အဖေ့က သူငယ်ချင်း (၁) ယောက် လည်း ပါပါတယ်။ သူနဲ့ အဖေက ကားကို တစ်လှည့်စီ မောင်းမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က အထွက်မှာ ရွှေညောင်ပင် ဆိုတဲ့ နတ်ကွန်း ရှိပါတယ်။ အဖေဟာ ခရီးတစ်ခု သွားတိုင်း အဲ့ဒီ နတ်ကွန်းကို သွား ဦးတိုက်ပါတယ်။ လူက ဦးတိုက်တာတော့ မဟုတ်ပါဘူ.. ကားက ဥိးတိုက်တာပါ။ နတ်ပသတာ (ကန်တော့ပွဲ ၀ယ်တဲ့အတွက်) ကျပ် ၅၀၀၀ ကုန်သွားပါတယ်။ အလုပ် မလုပ်တော့ မသိပါ။ နတ်ကွန်းက ထွက်လာပြီး မကြာမီ တိုင်ယာက ကျွတ် ဖာရပါတယ်။ နောက်တစ်ခါ ထပ်ဖြစ်လို့ ကျွတ်အသစ် တစ်ခု ၀ယ်လိုက်ရပါတယ်။ အမေကတော့ ပြောတယ်။ နတ်တွေကို ယုံတာ မဟုတ်ပါဘူး... ဒါပေမယ့် တောင်ပေါ်မတက်ခင် ကားပြင်ဆိုင်တွေ ရှိနေတုန်း ဒီလို ဖြစ်တာ ပိုကောင်းတယ်လို့ ပြောပါတယ်။

ကျွန်မတို့ ဖြူးမှာ နေ့လည်စာ စားပါတယ်။ ဘယ်ဆိုင်မှာ စားတယ်ဆိုတာ တော့ မေ့သွားပါပြီ။ ဖြူးကို သွားတဲ့ လမ်းတစ်လျောက်မှာ ဘာမှ သိပ်မထူးပါဘူး။ ဒါပေမယ့် သင်္ကြန်တောင် မကျသေးပဲ တစ်ချို့ကလေးတွေက ရေတွေ လိုက်ပက်နေပါပြီ။ ရေက သိပ်မသန့်ပါဘူး။ နွေရာသီ ဆိုတော့ အချို့သော စပါးခင်းတွေက ရွှေဝါရောင် တောက်နေပါပြီ။ အချို့ကတော့ နွေစပါး စိုက်ခင်းတွေ ထင်ပါတယ်။ ဒီစိုက်ခင်းတွေကို ရေတွေ လွှတ်ပေးထားတော့ ကလေးတွေက အဲ့ဒီ့ ရေမြောင်းထဲက ရေတွေ ယူပက်နေတာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်မ ရန်ကုန်ကနေ ပျဉ်းမနားကို ရထား စီးသွားတုန်းက ပဲခူးတိုင်းမှာ ကတည်းက အရှေ့ရိုးမတောင်တန်းကြီးကို မြင်နိုင်မှန်း မသိခဲ့ပါဘူး။ ကျွန်မ သွားတုန်းက မြူတွေ ဆိုင်းနေလို့ ဖြစ်ပါလိမ့်မယ်။ အခု ကားနဲ့ သွားမှပဲ ညောင်လေးပင်ကနေ ထွက်လာကတည်းက အရှေ့ဘက်မှာ တောင်တန်းတွေကို မြင်နေရတယ် ဆိုတာ သိလိုက်ရပါတယ်။ ကျွန်မက တောင်တန်းတွေကို မြင်ရတာ သဘောကျပါတယ်။ ကျွန်မသာ အတောင်ပံတွေ ရှိမယ်ဆိုရင် ဒီတောင်တန်းတွေ ပေါ်က ဖြတ်ကျော်ပြီး ဟိုဘက်မှာ ဘာတွေ ရှိတယ် ဆိုတာ သွားကြည့်ချင် နေမိပါတယ်။ ဟိုဘက်မှာ ဘာတွေ ရှိမလဲ... တောင်တန်းတွေလား၊ မြစ်တွေလား၊ ဒါမှမဟုတ် စပါးခင်းတွေပဲလား... ကျွန်မ သိချင် မိပါတယ်။

ကျွန်မတို့ ပျဉ်းမနားကို ညနေ ၅ နာရီ ၀န်းကျင်မှာ ရောက်သွားပါတယ်။ ကျွန်မတို့ အဖေ့ရဲ့ ကုမ္ပဏီ ရုံးခွဲမှာ တည်းကြမှာ ဖြစ်ပါတယ်။ (အဖေက ကုမ္ပဏီ ပိုင်ရှင်တော့ မဟုတ်ပါဘူး) အသွား တစ်ည၊ အပြန် တစ်ည တည်းဖို့ ရည်ရွယ်ထားပါတယ်။ ရုံးမှာပဲ နေကြတဲ့ ၀န်ထမ်း အချို့က ရန်ကုန် ပြန်သူပြန်၊ ဒါမှမဟုတ် တစ်ခြား နယ်တွေကို ပြန်သူ ပြန်နဲ့ဆိုတော့ အားလုံးအတွက် အိပ်စရာ နေရာ ရပါတယ်။
ဧပြီလ ၁၃ရက်
ကျွန်မတို့ ပျဉ်းမနားက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ မနက်စာ စားကြပါတယ်။ နောက်တော့ ရှမ်းပြည် ခရီးကို စတင်ခဲ့ကြပါတယ်။ ပျဉ်းမနားကနေ မြောက်ဘက် လမ်းမကြီးအတိုင်း မောင်းလာတဲ့ အခါ အရှေ့ဘက်ဆီမှာ မြင်နေရတဲ့ တောင်တန်းတွေက ပို ပို မြင့်လာပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း) ကို သွားဖို့ (၃) လမ်း ရှိပါတယ်။ ပထမ (၁) လမ်းက ရေဆင်း-ပင်လောင်း လမ်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့လမ်းကို ပိတ် ထားပါတယ်။ ဒုတိယ လမ်းကတော့ ပျော်ဘွယ်-ယင်းမာပင် လမ်း ဖြစ်ပါတယ်။ ဒီလမ်းကတော့ ဖြတ်လမ်းပါ။ တတိယလမ်း ဖြစ်တဲ့ သာစည်-ကလော လမ်း ကို ပေါက်ပြီး တောင်ကြီးကို တိုက်ရိုက် သွားလို့ ရပါတယ်။ အရင်တုန်းကတော့ ကလော နဲ့ တောင်ကြီးကို သွားဖို့ တစ်ခုသော လမ်းဟာ သာစည် - ကလော လမ်း ဖြစ်ပါတယ်။ အခု ဒုတိယ လမ်းကတော့ ပရံကစု မှာ သာစည်က လာတဲ့ လမ်းနဲ့ သွား ဆုံပါတယ်။ ကျွန်မတို့လည်း ပျော်ဘွယ် - ယင်းမာပင်လမ်းက နေ သွားခဲ့ပါတယ်။ မဟုတ်ရင် သာစည်အထိ အပေါ် ထောင်တက်ရမှာ ဖြစ်တဲ့ အတွက် အချိန် ပိုကုန်ပါတယ်။ ပျော်ဘွယ်ကနေ လမ်းခွဲပြီးတာနဲ့ ကျွန်မတို့ဟာ အရှေ့စူးစူး၊ တောင်တန်းတွေ ဘက်ကို စတင် မောင်းလာနေပါပြီ။ ဒါပေမယ့် ပရံကစု ကျော်မှ တောင် စတက် ရတာ ဖြစ်ပါတယ်။

ယင်းမာပင်ရောက်တော့ ကျွန်မတို့ နေ့လည်စာ စားကြပါတယ်။ ဒီမှာ နည်းနည်း အေးစပြုလာပါပြီ။ တိုက်ခတ်လာတဲ့ လေတွေက အေးစိမ့်နေပြီး ကျွန်မတို့တွေလည်း ရေတွေ စိုထားတော့ ခိုက်ခိုက်တုန် ချမ်းနေကြတယ်။ ဆိုင်မှာ ရေနွေးပူပူလေး သောက်လိုက်မှပဲ အချမ်းပြေသွားပါတယ်။ ကျွန်မတို့ ၀င်စားတဲ့ ဆိုင်က ယင်းမာပင်ရဲ့ နာမည်ကြီး rest stop ထင်ပါရဲ့... ရေတွေ လုံလုံလောက်လောက်ရှိပြီး ရေပါ ချိုး လို့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့တွေ အားလုံး ချမ်းနေကြလို့ ရေမချိုးခဲ့ကြပါဘူး။ ဒါပေမယ့် ကျွန်မတော့ ခြေလက် မျက်နှာ ဆေးခဲ့ပါတယ်။ ရေတွေကို တောင်တန်းတွေပေါ်ကနေ ၀ါးခြမ်းပိုက် တွေနဲ့ သွယ်ထားတာ ဖြစ်ပါတယ်။ ရေကလည်း ကြည်လင် အေးဆိမ့်နေပါတယ်။

ကလောကို စတက်ပါပြီ။ တစ်ချို့နေရာတွေမှာ လမ်းက တော်တော်ဆိုးပါတယ်။ ကတ္တရာလမ်းတောင် မမြင်ရပဲ သဲလမ်း၊ ဖုန်လမ်းကြီးတွေ ဖြစ်နေပါတယ်။ တောင်တက်လမ်းဆိုတော့ တောင်ပြိုတာနဲ့ ဘာနဲ့ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့နော်။ ဒါပေမယ့် လမ်းကို ပြင်နေတာလည်း တွေ့ခဲ့ရပါတယ်။ ကျွန်မတောင် စဉ်းစား မိသေးတယ်... ဒီလမ်းပြင် စက်ကြီးတွေ ဒီအပေါ် ဘယ်လို သယ်လာလဲ မသိဘူး လို့။ နောက် တောင်ပေါ်ကနေ ပြန်ဆင်းမှ ထရပ်ကားအကြီး ကြီး တစ်စီးက ဒီစက်တွေကို သယ်လာတာ တွေ့ရပါတယ်။ တောင်တက်လမ်း တစ်လျှောက် အကွေ့အကောက်တွေ ပေါများပြီး အတက်လမ်း များပါတယ်။ လမ်းဘေး ၀ဲယာမှာတော့ ပေ ၂၀၀၀၊ ၃၀၀၀ လောက် နက်မယ့် ချောက်ကြီးတွေနဲ့ အသည်းယား စရာပါပဲ။ အကွေ့တစ်ခု ကွေ့လိုက်တာနဲ့ ကားတာယာတွေဟာ ချောက်အစွန်းကို ရောက်တော့ မယောင် ထင်ရပါတယ်။ ကြောက်စရာ ကောင်းပါတယ်။ ဒါပေမယ့် ရှုခင်းတွေက တော်တော်လှပါတယ်။ ဒါပေမယ့် ကားက အမြန်သွားနေတော့ ဓာတ်ပုံ ရိုက်လို့ မရပါဘူး။ အဲ့ဒီ တုန်းက ဓာတ်ပုံ ရိုက်ချင်လိုက်တာ လက်ယားနေတာပဲ။

ကလောမြို့နား ရောက်လာတော့ ထင်းရှုးပင်တွေ စတွေ့နေရပါပြီ။ ထင်းရှုးပင်တွေဟာ ကလောမြို့ရဲ့ အထိမ်းအမှတ် တစ်ခုလေ။ ဒါကြောင့်လည်း `ထင်းရှုးမြေ´လို့ ခေါ်တာပေါ့။ ကျွန်မတို့ ကလောမြို့လေးတည်းက ဖြတ်မောင်းလာပါတယ်။ ကျွန်မတို့ ကလောမှာ နားဖို့ မစီစဉ်ထားပါဘူး။ ကျွန်မတို့ မြို့ထဲ ရောက်လာတော့ ခေါင်းပေါ်မှာ မြေမှုန့်တွေနဲ့ မျောက်ဖြူကြီးတွေ နဲ့ တူနေပါတယ်။ ဒါပေမယ့် ကလောမြို့က ရေပက်သူတွေကြောင့် ဖုန်တွေ ပြောင်သွာပါတယ်။ ကလောမြို့မှာ ရာသီဥတု အေးနေပါပြီ။ ကျွန်မတို့လည်း ရေတွေ ရွှဲလို့....

ကျွန်မတို့ အောင်ပန်း၊ ဟဲဟိုး၊ ညောင်ရြွှေမို့ တွေကို ဖြတ်ခဲ့ပြီး တောင်ကြီး မြို့ကို မောင်းလာခဲ့ ပါတယ်။ အမှတ်ရ စရာလေး ကတော့ တောင်ပေါ်ကနေ ဟဲဟိုး မြေပြန့်ကို လှမ်းတွေ့ရခြင်းပဲ ဖြစ်ပါတယ်။ စပါးခင်းတွေ၊ မြစ် (ချောင်း) တွေကို မြင်ရတာ ကြည်နူးစရာပါ။ အဲ့ဒီ အချိန်မှာ ဓာတ်ပုံ အရမ်း ရိုက်ချင်မိပေမယ့် အဖေက (တောင်အဆင်းလမ်း ဆိုတော့) ကားမရပ်ပါဘူး။ နောက်တစ်ခါမှပဲ ရထားနဲ့ လာပြီး စိတ်ကြိုက် ဓာတ်ပုံ ရိုက်မယ် ဆိုပြီး တစ်ကိုယ်တည်း ကြိမ်းဝါးမိ ပါတယ်။ တောင်ကြီးနား ရောက်ခါနီးမှာတော့ အဖေက ကားရပ်ပြီး ဓာတ်ပုံ ရိုက်ပါတယ်။ ဒီတောင်ပေါ်အထိ ရထားလမ်းပေါက်တာ အံ့သြစရာပဲ။ ကျွန်မလည်း အဲ့ဒီမှာ ဘဝသံသရာ ဆိုတဲ့ မီရထားဖြတ် တံတားကြီးကို ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ ဒီ နာမည်ကို ရထားလမ်းကို support လုပ်ထားတဲ့ ဘောင်မှာ ကျောက်တုံး လေးတွေ စီပြီး ရေးထား တာပါ။ ဓာတ်ပုံ ရိုက်တုန်းကတော့ အဲ့ဒါကို မတွေ့မိဘူး။
Aung Ban ?Ba Wa Than Ta Yar Bridge
Kalaw Road
တောင်ကြီးက ညနေစောင်းမှာ ရောက်ပါတယ်။ တောင်ကြီးကို မရောက်ခင် တောင်ကြီး တစ်ခုကို တက်ရပါတယ်။ ဒါကြောင့်လည်း တောင်ကြီး မြို့လို့ ခေါ်တာ ထင်ပါရဲ့။ မြို့ကလေးဟာ ဒီတောင်တန်းပေါ်မှာ ပြန့်ကျဲနေပါတယ်။ တောင်တန်း ထိပ်မှာ မြေပြန့်လေး လို ဖြစ်နေတဲ့ နေရာမှာ မြို့တည်ခဲ့တာ ဖြစ်ဟန်ရှိပါတယ်။ (မှားရင်လည်း ပြင်ပေးပါ။ ပထဝီ မသင်ရတာ ၁၀တန်း ကတည်းကပါ။) ကျွန်မတို့ နမ့်ခုံး ဟိုတယ်/ မိုတယ်မှာ တည်းကြပါတယ်။ အဲ့ဒီမှာက ဟိုတယ်ရော၊ မိုတယ်ရော ရှိတယ်.. ဟိုတယ်က ၄ထပ် အဆောက်အအုံ၊ မိုတယ်ကတော့ တစ်ထပ်တိုက်လေး။ ဟိုတယ်အခန်းတွေ ပြည့်နေတဲ့ အတွက် မိုတယ်မှာပဲ နေလိုက်ပါတယ်။ အိပ်ရာက မွေ့ရာအိအိလေးနဲ့၊ စောင်အထူတွေ ပါ ပါတယ်။ ပြတင်းပေါက်တွေမှာ ခြင်ဇကာ တပ်ထားပါတယ်။ ကြယ်လေးပွင့် ဟိုတယ် မဟုတ်ပေမယ့် ဇိမ်ရှိပါတယ်။

ဟိုတယ်မှာ check-in လုပ်ပြီးတော့ ညနေစာကို အပြင်မှာ စားမယ်ဆိုပြီး ဆိုင် လိုက်ရှာပါတယ်။ ကျွန်မတို့ မိုတယ်နားက `ခေမရဍ်´ ဆိုတဲ့ ရှမ်းစားသောက်ဆိုင်မှာ စားခဲ့ပါတယ်။ (စာလုံးပေါင်းတော့ မှန်လား မသိဘူး။) ဒါပေမယ့် ရှမ်းအစားအစာတွေကို တစ်ချက်ကြည့်ပြီး တရုတ် အစားအစာ ပဲ စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ညနေစာ စားနေချိန်မှာ သင်္ကြန်မဏ္ဍပ်က အကအဖွဲ့လား မသိတဲ့ ပအို့ဝ် အမျိုးသား၊ အမျိုးသမီး အဖွဲ့ ၀င်လာပါတယ်။ အဖေက သူတို့ကို ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ပါတယ်။ ပအို့ဝ် အမျိုးသမီးတွေက သူ့တို့ခေါင်းမှာ အချွန်ကြီးတစ်ခုကို တဘက်နဲ့ ပတ်ထားတာ တွေ့ရတော့ အဖေက ဘာအဓိပ္ပာယ်နဲ့ ဒီလို ၀တ်ဆင်ရပါသလဲ ဆိုပြီး မေးပါတယ်။ သူတို့က ပြန်ရှင်းပြတာကတော့ ပအို့ဝ်တွေဟာ နဂါးမျိုးနွယ်က ဆင်းသက်လာတယ်လို့ ယုံကြည်ထားပါတယ်... ဒါကြောင့် ဒီအစွယ်လိုလို အရာကြီးက နဂါးခေါင်းကို ကိုယ်စားပြု ပါတယ် လို့ ပြောပြပါတယ်။

ညနေစာစားပြီးတော့ တောင်ကြီး ဗဟိုမဏ္ဍပ်မှာ သင်္ကြန်အကပြိုင်ပွဲ လုပ်နေတာကို သွားကြည့်ပါတယ်။ တောင်ကြီးမှာ လေးဇီးကလပ် စတိတ်ရှိုးလဲ ရှိနေပါတယ်။ အဖေ့ သူငယ်ချင်းက အဲ့ဒီက လူ တစ်ချို့နဲ့ သိတယ်.. backstage ကို သွား လို့ ရမယ် ဆိုပြီး ပြောပါတယ်။ အမေ နဲ့ ညီမက အိပ်ချင်ပြီ ဆိုပြီး မိုတယ် ကို ပြန်သွားပါတယ်။ ကျွန်မတို့ကတော့ စတိတ်ရှိုး ရှိတဲ့ဘက် ဘယ်နေရာမှန်း မသိဘဲ ရမ်းသမ်း လမ်းလျှောက်ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာတော့ သင်္ကြန်ကားတွေ တွေ့ပါတယ်။ ကားတွေ ပေါ်မှာ အကအဖွဲ့က က၊ သီချင်းဆိုနေတဲ့သူက ဆို နဲ့။ တက်က်နိုသီချင်းနဲ့ ကနေတာ ပြောတာ မဟုတ်ဘူးနော်... ရိုးရာအက ကို ပြောတာ။ အမေကတော့ ခဏခဏ ပြောတယ်.. သူ ငယ်ငယ်တုန်းက ရန်ကုန်မှာ ဒီလိုပဲ ကားကြီးတွေနဲ့ ဆင်နွှဲကြပါတယ် တဲ့။ ကျွန်မလည်း သင်္ကြန်မိုး ရုပ်ရှင်ထဲမှာ မြင်ဖူးပါတယ်။ အခုအခါ ရန်ကုန်မှာ ဒါမျိုးတွေ့ မရှိတော့ပါဘူး။ ကောင်မလေးတွေလည်း ကားနောက်ကနေ ရိုးရာအက လိုက်မကတော့ပါဘူး။ ရေပက်မဏ္ဍပ်တွေမှာ ကဲနေ၊ ကွဲနေ၊ လန်နေ၊ ပြဲနေ၊ ဖော်နေတာတွေကိုပဲ တွေ့ရပါတော့မယ်။ သင်္ကြန်မိုး ရုပ်ရှင်ကိုတောင် သူတို့ ကြည့်ဖူးကြမယ် မထင်ပါ။

စတိတ်ရှိုးကို လမ်းလျှောက်ရတာ တော်တော် ဝေးပါတယ်။ နေရာက စူဋ္ဌာမဏိဘုရား နားမှာပါ... တစ်မိုင်ခွဲလောက် ဝေးမယ်ထင်တယ်။ စတိတ်ရှိုးက ကမေ္ဘာဇ ရုံးဝင်းအတွင်းမှာ လုပ်တာ ဖြစ်ပါတယ်။ သိပ်အကြာကြီးတော့ မနေဖြစ်ပါဘူး... အိပ်ချင်လာပြီလေ။ စည်သူလွင် နဲ့ ရှင်ဖုန်း သီချင်းဆိုတာတော့ ကြည့်ဖြစ်တယ်။ Backstage မှာ R ဇာနည် နဲ့ သူ့ ဇနီး ၀မ်းကို တွေ့ပါတယ်။ မောင်လေးက R ဇာနည် နဲ့ ဓာတ်ပုံ တွဲရိုက်ပါတယ်။ ဓာတ်ပုံရိုက်ပြီးတော့ ကျွန်မရဲ့ သူငယ်ချင်း ကိုသူရိန်ကို တွေ့လိုက်ပါတယ်။ သူက သူငယ်ချင်းတွေနဲ့ လိုက်လာတာ လို့ ပြောပါတယ်။ သူ့ကို နှုတ်ဆက်ပြီး ကျွန်မတို့ ပြန်ထွက်လာပါတယ်။ လမ်းလည်း ပြန်မလျှောက်ချင်တော့ဘူး... ပင်ပန်းနေပြီ။ ဒါနဲ့ပဲ ဒိုင်နာဘက်စ်ကားကို တစ်ယောက် ၂၀၀ပေးပြီး ပြန်စီးလာခဲ့ ကြပါတယ်။ မိုတယ်ကို ပြန်ရောက်တော့ အိပ်ရာထဲ တန်းဝင်ပြီး အိပ်တော့တာပဲ။ အိပ်လို့ ပျော်ပါတယ်။



ဧပြီလ ၁၄ရက်
နောက်တစ်နေ့မှာတော့ တောင်ကြီးကနေ မိုင်အနည်းငယ် ဝေးတဲ့ မွေတော်ကတ်ကူ ကို သွားခဲ့ပါတယ်။ တစ်နာရီလောက် မောင်းရပါတယ်။ ဘုရားနားမှာပဲ မနက်စာကို ရှမ်းခေါက်ဆွဲ စားလိုက်ပါတယ်။

မွေတော်ကတ်ကူဟာ ပုဂံခေတ် (၁၃၀၀ အေဒီ ခန့်) လောက်က ပုဂံသားတွေ တည်ထားခဲ့တယ် လို့ သိရပါတယ်။ ဒါကြောင့်လည်း ဗိသုကာ စတိုင်က ပုဂံ စတိုင် ဖြစ်နေတာ ထင်ပါတယ်။ နောက် ရာဇဝင် တစ်ခု ကတော့ ဒီဘုရားတွေ အားလုံးကို အသောက ဘုရင်က တည်ထားခဲ့တာပါ တဲ့။ မဖြစ်နိုင်ဘူး ထင်တယ်နော်။ ဒါပေမယ့် ကိုယ်မသိတဲ့ ရာဇဝင်တွေ အကြောင်းကို မငြင်းချင်ပါဘူး.. ယုံချင်တာ ယုံပါ။ အခု အခါမှာတော့ တပ်မတော်သားတွေက ဘုရားတွေကို မွမ်းမံထားတာ တွေ့ရပါတယ်။ ကျွန်မတို့ နိုင်ငံက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေဟာ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ စာရင်းမှာ အထည့်မခံရတာ ဒီလို ပြုပြင်မှုတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဗုဒ္ဓ ဘာသာဝင် တွေကလည်း ဘုရားတစ်ဆူ ပြိုနေတာ... ဆေးမှိန်နေတာ တွေ့ရင် ပြင်ဆင်လှူဒါန်းချင် စိတ်လေးက ရှိနေကြတယ်။ အပြစ်ပြောတာ မဟုတ်ပါဘူး။ ကျွန်မ ကိုယ်တိုင်လည်း ဘုရားဟောင်းတစ်ဆူ ပြိုပျက်နေရင် ပြင်ဆင်ချင်တဲ့ စိတ်လေးက ရှိပါတယ်။ ဒါပေမယ့် အယုဒ္ဓယထက် အများကြီး စောတဲ့ ကျွန်မတို့ပုဂံ မြို့ဟောင်းက ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ မပါ၀င်တာကို နည်းနည်း ရင်နာမိ ပါတယ်။

အမှန်တော့ ကတ်ကူဟာ အခုနောက်ပိုင်းမှ ပေါ်လာတဲ့ နေရာ တစ်ခုပါ။ အရင်ကတော့ ဒီဒေသဟာ ပအို့ဝ် နယ်မြေထဲမှာ ရှိပါတယ်။ အခုတော့ ငြိမ်းချမ်းသွားပါပြီ။ ကတ်ကူမှာ ပအို့ဝ် စစ်သားတွေ စောင့်ရှောက်နေတာ တွေ့ရပါတယ်။ အဲ့ဒီက ဘုရားတစ်ဆူမှာ ယခင် ၀န်ကြီးချုပ် လှူဒါန်း သွားခဲ့တဲ့ အကြောင်း ကျောက်စာ တိုင် ကို တွေ့ရပါတယ်။ ရန်ကုန်မှာတော့ သူ့နာမည် ပါတာတွေ အားလုံး ဖြုတ်သိမ်းသွား ပေမယ့် ဒီမှာတော့ မသိမ်းထားပါဘူး။ကျွန်မ နဲ့ ကျွန်မရဲ့ မောင်လေးကတော့ ဘုရားတွေ ကြား လျှောက်သွားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။ ကိုယ့်ပုံလေးတွေလည်း ရိုက်ခဲ့တယ်။ ဘုရားတွေမှာ ထွင်းထားတဲ့ လက်ရာတွေကိုလည်း ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ကျွန်မတို့ ပြန်တော့မယ့် အချိန်မှာ ပအို့ဝ် ကလေးမလေးတွေ တစ်အုပ်ကြီး ရောက်လာပါတယ်။ သူတို့ကိုလည်း ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ချစ်စရာလေးတွေ။
















အပိုင်း (၂) ရေးပါဦးမည်။